ဂူအမ်ကို ထိပါးမိပါက မြောက်ကိုရီးယားအတွက် ဆိုးရွားသည့် အကျိုးဆက်များ ကြုံလာမည်ဟု ထရမ့်သတိပေး

ဂူအမ် အနီးသို့ ဒုံးကျည်ဖြင့် ပစ်ခတ်ပါက အလွန်ဆိုးရွားသည့် အကျိုးဆက်များ ကြုံလာမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်သည်။

နယူးဂျာစီရှိ ၎င်းပိုင်ဆိုင်သော ဘက်ဒ်မင်စတာ ဂေါက်ကလပ်တွင် ထရမ့်က အမေရိကန် ပိုင်နက်ဖြစ်သော ဂူအမ်၏ လုံခြုံရေးမှာ အခြိမ်းခြောက် ခံရမည့် အကြောင်းမရှိစေရဟု မှတ်ချက်ပေးသွားခဲ့သည်။ အစောပိုင်းတွင် မြောက်ကိုရီးယား အစိုးရပိုင် ကေစီအန်အေ သတင်းဌာနက ၎င်းတို့ အနေဖြင့် အမေရိကန်ပိုင် ဂူအမ်ကျွန်း ကမ်းလွန် ရေပြင်သို့ ဒုံးကျည်လေးစင်းမျှ ပစ်လွှတ်ရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

ထရမ့်က အမေရိကန်သည် မြောက်ကိုရီးယား လက်ရှိထက် ပိုမို၍ အကျပ်ဆိုက်သွားစေမည့် အရေးယူ ပိတ်ဆို့မှု အသစ်များ ပြုလုပ်ရန် အစီအမံများ ရှိနှင့်ပြီးသားဟုလည်း ဆိုသည်။ ထို့အပြင် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည့် တရုတ်အစိုးရကိုလည်း အလွန် အန္တရာယ်ကြီးမားနေသည့် လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ် ဆွေးနွေးသွားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။

“အခြေအနေတွေကို ရှင်းလင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကိစ္စတိုင်းကို ငြိမ်းချမ်းရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆိုတာကို ဒေါ်နယ်လ်ထရမ့်ထက် ပိုလိုလားတဲ့သူ မရှိနိုင်ဘူး ဆိုတာ မှတ်ထားပါ”ဟုလည်း ထရမ့်က ဆိုသည်။ သို့သော် ဂူအမ်ကျွန်းအနီးသို့ မြောက်ကိုရီးယား ဒုံးကျည်များ အမှန်တကယ် ကျရောက်ခဲ့ပါက အဆိုးဆုံး အခြေအနေမျိုးဖြင့် အမေရိကန်က တုံ့ပြန်မည်ကို မျှော်လင့်ထားသင့်ကြောင်း ၎င်းက ယတိပြတ် သတိပေးခဲ့သည်။

ဂူအမ်သည် အမေရိကန်၏ ပစိဖိတ် သမုဒ္ဒရာ လွှမ်းမိုးရေး မဟာဗျူဟာတွင် အချက်အခြာ အကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည့် အန်ဒါဆန် လေတပ်စခန်း တည်ရှိရာ နေရာလည်း ဖြစ်သည်။ ထိုလေတပ်စခန်းတွင် အမေရိကန်၏ စွမ်းအားအကြီးဆုံး မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးများ အခြေစိုက်ထားသည်။

Ref: Reuters