မြောက်ကိုရီးယားအရေးကို ငြိမ်းချမ်းစွာ ဆွေးနွေးဖြေရှင်းကြရန် တရုတ်သမ္မတ တိုက်တွန်း

မြောက်ကိုရီးယား နျူကလီးယား အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ စုပေါင်း အဖြေရှာရန် လိုအပ်ကြောင်း တရုတ် သမ္မတ စီကျင်းပင်က တိုက်တွန်း ပြောကြားခဲ့သည်။

အမေရိကန်က မြောက်ကိုရီးယားအပေါ် အရေးယူ ပိတ်ဆို့မှုများ မြှင့်တင် သတ်မှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားက အမေရိကန်ပိုင် ဂူအမ်ကျွန်း အနီးသို့ ၎င်းတို့၏ ဒုံးကျည်များ ပစ်ခတ်ရန် စီစဉ်နေကြောင်း တုံ့ပြန် ကြေညာရာ အခြေအနေမှာ အတင်းမာဆုံး အဆင့်ထိ မြင့်တက်လာသည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း မြောက်ကိုရီးယား အနေဖြင့် ဂူအမ်၏ လုံခြုံရေးကို ထိပါးခဲ့ပါက ဆိုးရွားသည့် အကျိုးဆက်များ ရင်ဆိုင်သွားရလိမ့်မည်ဟု သတိပေးထားသည်။

ဩဂုတ် ၁၂ ရက်တွင်မူ တရုတ် သမ္မတနှင့် အမေရိကန် သမ္မတများ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးပြီးနောက် စီက မြောက်ကိုရီးယား ပြဿနာတွင် နှစ်ဖက်စလုံး ခေါင်းအေးအေး ချဉ်းကပ်ရန် လိုအပ်သည်ဟု အကြံပြု တိုက်တွန်းခဲ့သည်။ တရုတ်သည် မြောက်ကိုရီးယား၏ အဓိက မိတ်ဖက် နိုင်ငံလည်း ဖြစ်သည်။

“ကိုရီးယား ကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးကို အရှည်တည်အောင် ဆက်လက် ထိန်းသိမ်းထားရေးက တရုတ်ရော၊ အမေရိကန်ပါ တူတူညီညီ လိုလားတဲ့ ကိစ္စပါ”ဟုလည်း စီက ဆိုသည်။

ထရမ့်က အမေရိကန် စစ်တပ်သည် လိုအပ်လာသော အခြေအနေတိုင်းအတွက် အသင့်အနေအထား ပြင်ဆင်ထားပြီဟု ဩဂုတ် ၁၁ ရက်က မြောက်ကိုရီးယားအပေါ် ခြိမ်းခြောက် သတိပေးခဲ့သော်လည်း ဖြစ်နိုင်မည် ဆိုပါက ငြိမ်းချမ်းသော နည်းလမ်းဖြင့်သာ ပြဿနာတိုင်းကို ဖြေရှင်းလိုကြောင်း ပြောကြားခဲ့သည်။

Ref: CNA