ဗီဒီယို အကြိုခံစားခြင်း

မတည့်အတူနေ

ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာ တော့ လူငယ်အချစ်ဇာတ်ကား လေးတစ်ကားအကြောင်း ညွှန်း လိုက်ပါတယ်။


အထင်ကရနဲ့ သံစဉ်မမက တစ်ကျောင်းတည်းတက်ခဲ့ကြတာဆိုပေမယ့် အထင်ကရက သံစဉ်မမကို ကြည့်မရပါဘူး။ သံစဉ်မမက နေတာထိုင်တာအရမ်းခေတ်ဆန်ပါတယ်။ နောက်ပြီး သူ့အဖေကလည်း သူ့သမီးစိတ်ချမ်းသာရင်ပြီးရော လွှတ်ထားပါတယ်။ အထင်ကရကတော့ သူ့အမေရဲ့ အုပ်ထိန်းမှုအောက်မှာ စည်းကမ်းတကျနေ တဲ့သူပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ သူ့သူငယ်ချင်းတွေခေါ်တာကြောင့် ကလပ်ကို လိုက်သွားခဲ့ပါတယ်။ ကလပ်ကအပြန်မှာတော့ သံစဉ်မမက အထင်ကရကို ဖုန်းဆက်ပြီး အရက်သောက်ပြိုင်မယ် လို့ စိန်ခေါ်လိုက်ပါတယ်။ အထင်ကရကလည်း သံစဉ်မမ စိန်ခေါ်ရင် အလျှော့မပေးတတ်သူပီပီ စိန် ခေါ်မှုကို လက်ခံလိုက်ပါတယ်။ အဲဒါကြောင့်လည်း သူတို့မထင်မှတ်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အရက်အရမ်းမူးနေတဲ့သံစဉ်မမကို ကားလိုက်မောင်းပို့ပေးရင်း အထင်ကရကသံစဉ်မမရဲ့ အိပ်ရာပေါ်မှာပဲ အိပ်ပျော်ခဲ့ပါတယ်။ ဖြစ် ချင်တော့ သံစဉ်မမရဲ့အဖေတစ်ရေးနိုးလာပြီး အဲဒီကိစ္စကိုသိသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အထင်ကရရဲ့အမေက သူ့သားဆီကိုဖုန်းခေါ်နေတာကြောင့် သံစဉ်မမအဖေကဖုန်းကိုင်ပြီး သူတို့ကိစ္စကိုပြောခဲ့ပါတယ်။

အဲဒီကိစ္စကြောင့် အထင်ကရနဲ့ သံစဉ်မမတို့နှစ်ယောက်လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အထင်ကရကတော့ အရင်ကတည်းက ကြည့်လို့မရတဲ့သံစဉ်မမကို ပို ပြီးအမြင်မကြည်ဖြစ်ခဲ့ပါတယ်။သံစဉ်မမကတကယ်တော့ အထင် ကရကို စိတ်ဝင်စားနေပါတယ်။ အဲဒါကြောင့်လည်း သံစဉ်မမက အထင်ကရ စိတ်တိုင်းကျနေပေးခဲ့ပါတယ်။

အထင်ကရဘက်က သံစဉ်မမကို သူ့ရဲ့ဇနီးမယားတစ် ယောက်အနေနဲ့အသိအမှတ်မပြုဘူးလို့ပြောခဲ့တာကြောင့် သံစဉ်မမကလည်း သူနေထိုင်နေကျအရင်ပုံစံအတိုင်းပဲနေထိုင်ပါတယ်။  ထမင်းမချက်တတ်သလို အဝတ်လည်း မလျှော်တတ်ပါဘူး။ ညဆိုရင်လည်းကလပ်ကနေ တော်တော်နောက်ကျမှ ပြန်လာလေ့ရှိပါတယ်။ 

အထင်ကရက တကယ်ပဲ သံစဉ်မမအပေါ်မှာ စိတ်ဝင်စားမှုမရှိတာလား။ သံစဉ်မမကကော သူ့ရဲ့အကျင့်တွေကို မပြင်တော့ဘူးလားဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးကနေ ဖြန့်ချိထားတဲ့ ‘မတည့်အတူနေ’ ဆိုတဲ့ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ အထင်ကရအဖြစ် ညီထွဋ်ခေါင်၊ သံစဉ်မမ အဖြစ် ယုသန္တာတင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး နတ်သမီးရဲ့ ဝတ္ထုကို ဇာတ်ညွှန်းဒါရိုက်တာ ဘိုသန့်က ရိုက်ကူးပုံဖော်ထားပါတယ်။