ရာသီတုပ်ကွေး ပေါ့ဆမရသေးပါ

လွန်ခဲ့သည့် တစ်လခန့်က  ပြည်သူလူထုကို အထိတ်တလန့် ဖြစ်ပေါ်စေခဲ့သော ရာသီတုပ်ကွေးရောဂါ သည် လက်ရှိအချိန်ထိဖြစ်ပွားသူဦးရေ တိုးနေသကဲ့သို့ သေဆုံးမှုနှုန်းလည်း ရပ်တန့်ခြင်း မရှိသေးပေ။

ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ရက်ပေါင်းနှစ်ဆယ့် တစ်ရက်အတွင်း ရာသီတုပ်ကွေး Seasonal Influenza A (H1N1) Pdm 2009 ဖြစ်ပွားသူ ၂၀၄ ဦးရှိ  ခဲ့ကာ သေဆုံးသူ ၂၃ ဦးအထိ ရှိ သည်။ ယင်းစာရင်းကို ကြည့် မည်ဆိုပါက တစ်နေ့လျှင် ပျမ်းမျှ ပိုးတွေ့သူဆယ်ဦးခန့်နှင့်သေဆုံး သူ တစ်ဦးခန့်ရှိသည်။ ထို့ကြောင့် ယင်းမှာ စိုးရိမ်ရမည့်အခြေအနေ တစ်ခုပင် ဖြစ်သည်။

သို့သော် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လက်ရှိအခြေအနေပေါ်တွင် စိုးရိမ်စရာ မရှိဘဲ ကျေနပ်အားရမှုရှိသည်ဟု ကြေညာထားသည်။ ထို့အပြင်ယင်းရောဂါဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦးသုံးသပ်ချက်ထဲ၌ ရောဂါ အား ထိန်းချုပ်နိုင်ကြောင်း မပါရှိ သော်လည်း ထိန်းသိမ်းနိုင်သော အခြေအနေတွင်ရှိသည်ဟု ဖော် ပြထားသည်။

သြဂုတ် ၆ ရက်က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဆရာဝန်အသင်း၌ ကျင်းပသော ရာသီတုပ် ကွေးအကြောင်း ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ‘‘အခုအ ခြေအနေကို သုံးသပ်တာ သိပ်မဆိုးဘူးလို့ သုံးသပ်ရပါတယ်။ ကူးစက်သဘောက သူတို့သွားရင် ထောင်တက်သွားတယ်။ ဒါပေမဲ့ အခုအခြေအနေအရ မှန်မှန်လေး ပဲ သွားတယ်။ ကျွန်တော်အခုအ ခြေအနေကို ကျေနပ်ပါတယ်။ ကျေနပ်ပေမယ့် လျှော့လို့တော့ မရဘူးပေါ့’’ဟု ပြောကြားသည်။

၎င်းတို့အနေဖြင့် ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို လက်ရှိ တွင်ဆောင်ရွက်နေပြီး ပိုမိုအရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ဇူလိုင်နောက်ဆုံးပတ်က စတင်၍ ရန်ကုန်မြို့သို့ ရာသီတုပ် ကွေး(H1N1)ရောဂါသည် အထိတ်တလန့်နှင့် ၀င်ရောက်လာခဲ့ပြီး ပြည်သူလူထုသည် ကျန်းမာရေးအသိ နှင့် စိုးရိမ်စိတ်ဖြင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်ခဲ့ကြသည်။

သို့သော် ရက်သတ္တ တစ်ပတ်လောက်အထိသာ အဆိုပါ မြင်ကွင်းမျိုးကို  မြင်ခဲ့ရပြီးနောက် ပိုင်း သုံးပတ်ခန့်ရှိလာချိန် ယခုအ ခါ အဆိုပါ လူစုလူဝေးနေရာများ တွင် နှာခေါင်းစည်းတပ်ဆင်၍ သွားလာမှုများ မမြင်တွေ့ရသ လောက် နည်းပါးသွားပြီ ဖြစ်သည်။

ယခင်လူငါးဆယ်ကျော်ဆံ့ ဘတ်စ်ကားပေါ်တွင် ပျမ်းမျှ လူ နှစ်ဆယ်ခန့် နှာခေါင်းစည်းတပ်ဆင်မှု ရှိခဲ့ရာမှ ယခုလူနှစ်ဦးခန့် သာ နှာခေါင်းစည်းတပ်ဆင်မှု ရှိ တော့သည်။

‘‘အရင်က ကြောက်လို့တပ် ပေမယ့် Mask(နှာခေါင်းစည်း)ကိုအမြဲတမ်းလည်း မတပ်နိုင်ဘူး။ အသက်ရှူ မ၀တာကြောင့်ရယ် နေ့တိုင်းဝယ်ပြီး တပ်ရမယ်ဆို အဆင်လည်း မပြေဘူးလေ။ ရော ဂါဖြစ်ခါမှ ဖြစ်ရော။ ၀မ်းရေးရှိ တော့ အလုပ်မသွားဘဲနဲ့လည်း နေလို့ မရတာ’’ဟု ကုမ္ပဏီဝန်ထမ်းမယုကဆိုသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပေး သော အသိပညာမှာ လက်ရှိဖြစ် ပေါ်နေမှု အတိုင်းအတာအရဆိုလျှင် ပြီးပြည့်စုံသည်ဟု မဆိုနိုင် သေးဘဲ လိုအပ်မှုများရှိနေသေး ကြောင်း ပြည်သူလူထုက ထောက်ပြပြောဆိုကြသည်။

ယင်းသို့ဝန်ကြီးဌာနက ဆောင်ရွက်နေသော်လည်း ဖြစ်ပွားနေသည့် မြေပြင်အခြေအနေ နှင့် အချို့လုပ်ဆောင်နေမှုများ အနည်းငယ်ကွာဟနေသည်ကို တွေ့မြင်ရပေသည်။ ဥပမာ ဆေးရုံကြီးများတွင် နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို ထားပေးသော်လည်း လူနာရှင်များက လက်သန့်ဆေးရည်အသုံးပြုသည့် အခါ ဟန့်တားခြင်းမျိုးရှိသည်ဟု လူနာရှင်ကိုအာကာက ဆိုသည်။

‘‘စင်္ကြံတွေမှာ လက်သန့် ဆေးရည်လိုမျိုး ထားပေးထားပါ ရဲ့။ လက်သန့်ဆေးသွားဆွတ်တော့ ဒါက ကျန်းမာရေးဝန်ထမ်းတွေ အတွက်ပဲလို့ ပြောတယ်။ ပြီးတော့ အရေးပေါ်ဌာနမှာလည်း နှာခေါင်း စည်းတွေ ချထားပေးပေမယ့် ယူလို့ရတယ်၊  ဘယ်လိုသုံးရတယ် ဆိုတာမျိုးကို မဆော်သြဘူး’’ဟု ၎င်းကဆိုသည်။

ထို့အပြင် အစိုးရဆေးရုံကြီး တစ်ခုမှ တာဝန်ကျသူနာပြုတစ်ဦး ကလည်း ‘‘အရေးပေါ်ဝင်ရတယ်။ ကုသလို့ပြီးတော့မှ လူနာမှာပိုးရှိ မှန်းအဖြေထွက်တယ်။ အဲဒီတော့ ကာကွယ်ရေးတွေ ကြိုမလုပ်နိုင် ကြဘူး။ တာဝန်ကျဆရာဝန်တွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေ အ ကုန်ဝိုင်းပြောကြတော့မှ ကာကွယ်ဆေးထိုးပေးတယ်’’ ဟု ၎င်းတွေ့ ကြုံရပုံကို ရှင်းပြသည်။

ထို့အပြင် သြဂုတ် ၁၀ ရက် က ကျင်းပသော အမျိုးသားလွှတ် တော်အစည်းအဝေးအပြီး မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြည်ထောင် စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယင်းနေရာများ၌ အသိပညာပေး ဆောင်ရွက်ရန်  စတစ်ကာများ ဝေငှထားပြီးဖြစ်သည်ဟု ဖြေကြား ခဲ့သည်။ သို့သော် သြဂုတ် ၁၂ ရက်ထိ ယင်းနေရာများ၌ ဆောင်ရွက် ထားမှုကို မတွေ့ရှိရသေးပေ။

‘‘အခုနောက်ပိုင်းတော့ ကျန်းမာရေးဘက်က ညွှန်ကြားချက် တွေ လာတာတော့မရှိသေးပါဘူး။ တကယ်လို့ ပေးပို့လာရင်လည်း ညွှန်ကြားတဲ့အတိုင်း ပူးပေါင်း ဆောင်ရွက်သွားမှာပါ’’ ဟု ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS(၂၁) ယာဉ်လိုင်းပိုင်ရှင်ကိုတရုတ်လေးက ဆိုသည်။

ယင်းရောဂါသည် ကူးစက် ရောဂါဖြစ်သဖြင့် လူထူထပ်သော နေရာများနှင့် လူစုလူဝေးနေရာ များဖြစ်သည့် အဝေးပြေးယာဉ်၊ ဘတ်စ်ကား၊ မီးရထား၊ သင်္ဘော စသည်တို့တွင် ရာသီတုပ်ကွေးနှင့် ပတ်သက်သော ကျန်းမာရေးပညာ ပေးစတစ်ကာများ ကပ်ခြင်း၊ လူအများမြင်သာသော နေရာများတွင် ဗီနိုင်းများထောင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် နယ်များတွင် ကျန်းမာရေးပညာပေး အားနည်းနေမှု နှင့်ပတ်သက်၍ ‘‘ကျွန်မတို့ဆို ဒီရောဂါအကြောင်းကို ဖေ့စ်ဘွတ်ခ်သုံးရင်းကနေသိတာ။ မသုံးမိရင် သိမှာမဟုတ်ဘူး။ ဖျားတယ်ဆို ရိုးရိုးပဲထင်ပြီးနေမှာ။ ဒီဘက်တွေမှာ အသိပညာပေးလုပ်ပေးစေချင်တယ်။ အခုထိတော့ မလုပ်သေးဘူး’’ဟု ပဲခူးတိုင်း ပေါင်းတည်မြို့နေ ဒေါ်စံပယ်ကဆိုသည်။

လူထူထပ်သော၊ လူစုလူဝေး ရှိသော ကျောင်းများနှင့် ဘတ်စ် ကားများအပြင် ရုပ်ရှင်ရုံ၊ မိဘမဲ့ ဂေဟာ၊ အားကစားပွဲများ၊ ဘုန်း တော်ကြီးစာသင်ကျောင်း၊ ဆေး ရုံ၊ သုသာန်နှင့် ဈေးများ၌လည်း အသိပညာပေး လုပ်ဆောင်ရေး ၀န်ကြီးဌာနအနေဖြင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြည် သူများက ဆိုသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြင့် နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ပြင်းထန်ခံစားရသူ ဦးရေသုံးသန်း မှ ငါးသန်းအထိရှိပြီး သေဆုံးသူ နှစ်သိန်းခွဲမှ ငါးသိန်းအထိရှိကာ ရောဂါပြင်းထန်သူများတွင် သေ ဆုံးမှု ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။ အထူးသဖြင့် အသက်(၅)နှစ် အောက်ကလေးများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ ဆီးချိုရောဂါကဲ့သို့ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသူများတွင် ရောဂါပိုမိုပြင်းထန်တတ်ပြီး အသက်သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုထားသည်။

မြန်မာနိုင်ငံတွင် ယင်းရောဂါသည် ၂၀၀၉ က စတင်ဖြစ်ပွားခဲ့ပြီး အဆိုပါ ရောဂါပိုးကူးစက်မှု မှာ ၂၀၁၀ နှင့် ၂၀၁၄ တို့တွင် အဓိကဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှုသည် ၂၀၀၉ တွင် ၁၆ ဦး၊ ၂၀၁၀ တွင် ၂၃၂ ဦး၊ ၂၀၁၂ တွင် ၂၉ ဦး၊ ၂၀၁၃ တွင် တစ်ဦး၊ ၂၀၁၄ တွင် ၁၆၇ ဦး၊ ၂၀၁၅ တွင် သုံးဦးနှင့် ၂၀၁၆ တွင် ကိုးဦးရှိခဲ့သည်။ သို့သော် ယခုနှစ် ၂၀၁၇ ကဲ့သို့ သေဆုံးမှုမရှိပေ။

တိုင်းနှင့်ပြည်နယ် ဖြစ်ပွားမှု နှုန်းကို ကြည့်မည်ဆိုပါက ရန်ကုန်တိုင်းသည် ပိုးတွေ့လူနာအများ ဆုံးဖြစ်၍ ဧရာဝတီတိုင်းနှင့် ပဲခူး တိုင်းတို့သည် ပိုးတွေ့လူနာဒုတိယ အများဆုံး ဖြစ်သည်။ သို့သော်  သေဆုံးမှုနှုန်းတွင်းမူ ဧရာဝတီတိုင်းသည် ၁၇ ဒသမ ၀ ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်၍ ပဲခူးတိုင်းသည် ၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ဒုတိယအများဆုံးဖြစ်ကာ ရန်ကုန်တိုင်း သည် ၂ ဒသမ ၉ ရာခိုင်နှုန်း ရှိ သည်။

 ထိုသို့ဖြစ်ပွားသူများတွင် နာတာရှည်ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေး များ၌ ရောဂါပြင်းထန်ပြီး သေ ဆုံးမှုမြင့်မားနေသည်။ အထူး သဖြင့် အသက်(၇)နှစ်အောက် ကလေးများသည် စုစုပေါင်းဖြစ် ပွားမှုနှုန်း ၃၀ ရာခိုင်နှုန်းခန့်နှင့် သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းရှိ သည်။

 ‘‘ဒါကနှစ်တိုင်းဖြစ်နေကျပါ ပဲ။ အခြေအနေကတော့ ပြင်းထန်တဲ့အခါလည်း ရှိနိုင်တာပေါ့။ နှစ် တိုင်းဖြစ်နေတယ်။ ဒီနှစ်မှာတော့ သေဆုံးတဲ့သူတွေ ရှိလာတာကြောင့် လူတွေပိုသိလာတယ်။ ကိုယ်ခံအားကျနိုင်တဲ့ ရောဂါအခံ ရှိတဲ့သူတွေပါတယ်။ ဆီးချို ကျောက်ကပ်ရောဂါသည်တွေမှာလည်း ဖြစ်တယ်။ အသက်ကြီးတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ဖြစ်တယ်။ ဒါတွေကြောင့် သေဆုံးမှု တွေဖြစ်လာတယ်’’ဟု ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က ဆိုသည်။

သေဆုံးရသည့်အကြောင်း ရင်းများသည် ဆေးရုံသို့ရောက်ရှိမှု နောက်ကျခြင်းနှင့် ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသော ဗက်တီးရီးယားပိုးကြောင့် အ ဆုတ်ရောင်မှုအတွက် ဆေးယဉ် ပါးလာသဖြင့် သေဆုံးနှုန်းမြင့်မား ကြောင်း တွေ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆိုသည်။

ဂျပန်နိုင်ငံဓာတ်ခွဲခန်းသို့ ပို့ ဆောင်၍ အသေးစိတ်စစ်ဆေးခဲ့ ရာ အဆိုပါ ရောဂါပိုးသည် တစ် ကမ္ဘာလုံးပုံမှန်ပျံ့နှံ့သည့်   ရာသီတုပ်ကွေးပိုးအမျိုးအစားဖြစ်ကြောင်း၊ ပုံမှန် ဗိုင်းရပ်စ်ကြောင့်ဖြစ်ကာ ရောဂါကုသဆေးများကို ၉၅ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှုရှိကြောင်းနှင့် ပြည်သူ လူထုစိုးရိမ်သကဲ့သို့ ရာသီတုပ် ကွေး(H1N1) နှင့် ကြက်ငှက်တုပ် ကွေး(H5N1) ရောဂါပိုးနှင့် မျိုးရိုး ဗီဇပေါင်းစပ်မှု မရှိကြောင်းတွေ့ရှိ ရသည်ဟု ဆိုသည်။

ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနအနေဖြင့် ရာသီတုပ် ကွေးရောဂါနှင့်ပတ်သက်၍ လူစု လူဝေးပွဲတော်တစ်ခုဖြစ်သော တောင်ပြုံးပွဲတော်ကို ရွှေ့ဆိုင်းခဲ့သဖြင့် ယင်းလုပ်ရပ်သည် ကောင်းမွန်သော လုပ်ဆောင်မှုဖြစ် ကြောင်းနှင့် ရာသီတုပ်ကွေးရော

ဂါအခြေအနေများကို နေ့စဉ် သတင်းထုတ်ပြန်ပေးသဖြင့် ကောင်းမွန်သော တုံ့ပြန်မှုရှိကြောင်း အရပ်ဘက်ဆရာဝန်အသိုင်းအ၀ိုင်းက ချီးကျူးပြောဆိုသည်။

အချုပ်ဆိုရသော် လူထုအ တွင်း ကျန်းမာရေးအသိပညာ ပြန့် ပွားစေရန် လုပ်ဆောင်ပေးရမည် မှာ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန တာဝန်ဖြစ်ကာ ပြည်သူလူထုကလည်း ၀န်ကြီးဌာနက လိုက်နာရန်ထုတ်ပြန်ထားသော ကျန်းမာရေးအသိပညာများကို ပူးပေါင်းပါဝင်၍ လိုက်နာဆောင် ရွက်ရန် လိုအပ်သည်။ သို့မှသာ ကူးစက်ရောဂါဖြစ်ပွားသေဆုံးမှု များကို လျှော့ချနိုင်မည်ဖြစ်ကာ ရာသီတုပ်ကွေး၏ ခြောက်လှန့်မှု ကို ရပ်တန့်အနိုင်ယူမည်ဟု မျှော်လင့်ရပေသည်။
 

Top News