လူမှန်နေရာမှန်ရှိသော တိုင်းပြည်

(၁)

ရုပ်ရှင်၊ ဗီဒီယိုတွေ သိပ်ပြီး မကြည့်ဖြစ်ပါဘူး။ ကြည့်ဖြစ်ရင်လည်း ဘယ်လိုဇာတ်ကားမျိုးဖြစ် ဖြစ် အတွေးလေးတွေ ချဲ့ကား ကြည့်မိတာအကျင့်ပါနေပါပြီ။ ဒီ တစ်ပတ် ရုံးပိတ်ရက်မှာတော့ အသစ်ပြောင်းနေနေတဲ့ ရပ်ကွက်ထဲမှာ မိတ်ဖွဲ့တဲ့အနေနဲ့ တစ်ဖက် လမ်းထိပ်က အခွေငှားဆိုင်မှာ ဇာတ်ကားတစ်ကား ငှားကြည့် ဖြစ်ပါတယ်။ လူတော်တော်များများက ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ရွေးချယ်ရင် ဘယ်သူတွေ သရုပ် ဆောင်ထားသလဲဆိုတာ အဓိက ထားပြီး ရွေးချယ်လေ့ရှိကြပေမယ့် ဒါရိုက်တာ ဘယ်သူဖြစ်မှ၊ ဝတ္ထု ဘယ်သူဖြစ်မှလို့ ဇီဇာကြောင် တတ်လွန်းလှတဲ့ စာရေးသူရဲ့ အကျင့်ကြောင့် ဇာတ်ကားငှားဖို့ အခက်တွေ့ခဲ့ရပါတယ်။ နောက်ဆုံး မိတ်ဖွဲ့ဖို့သွားရာက မိတ်ပျက်ဖို့ဖြစ် မှာစိုးတဲ့ ဇနီးသည်ကလည်း အဆင်ပြေတဲ့ ဇာတ်ကားတစ်ကား သာပေးလိုက်ပါဆိုပြီး ကြားဝင် ကိစ္စဖြတ်ရပါတော့တယ်။

အခွေငှားဆိုင်က ပေးလိုက်တဲ့ မြန်မာဇာတ်ကားက ဟာသကားလေးပါ။ ဇာတ်လမ်းကို အဓိကထားပြောချင်တာထက် မြန်မာ့လူ့အသိုက်အဝန်းကို သရော်ထားတဲ့ သရော်ကွက်လေးတစ်ခုကို ပြန်လည်မျှဝေချင်လာမိပါတယ်။ ဇာတ်လမ်းထဲမှာ ညီမငယ်ကို အိမ်ထောင်ချပေးဖို့ အမျိုးမျိုးကြိုးစား နေတဲ့ အစ်ကိုဖြစ်သူ ကွီးစိုး (ဖြိုး ငွေစိုး)က ညီမငယ် အိမ်ထောင်ဘယ်တော့ကျမလဲဆိုတာကို ဗေဒင်သွားမေးပါတယ်။ ဗေဒင်ဆရာက အိမ်ထောင်ရေးဗေဒင်ဟာ သူပိုင်နိုင်တဲ့ ပညာရပ်မဟုတ် ကြောင်း၊သူက စီးပွားရေး၊ ကျန်းမာရေး စတဲ့အပိုင်းတွေကို အဓိကပိုင်နိုင်တာဖြစ်ကြောင်းနဲ့ အဆင် ပြေအောင် ဟောပေးလိုက်မည် ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အ ပြင် ဗေဒင်ဆရာက ဘာတောင်း ဆိုသလဲဆိုတော့ သူမပိုင်နိုင်တဲ့အပိုင်းကို ဟောပေးရမှာဖြစ်တာ ကြောင့် ဗေဒင်ဟောခကို နှစ်ဆ ပေးရမှာဖြစ်ကြောင်း ကြိုတင်ပြီး တောင်းဆိုပါတယ်။ ဗေဒင်ဟော ပြီးတော့လည်း ဗေဒင်ဟောခတစ် သောင်းကျပ် တောင်းတာမို့ ကွီးစိုး က တစ်သောင်းထုတ်ပေးတဲ့အခါ မတတ်ဘဲ ဟောရတာမို့ နှစ်ဆပေးဖို့ ကတိပြုထားကြတဲ့အတိုင်း နှစ် သောင်းပေးဖို့ တောင်းဆိုလို့ ကွီးစိုးက ပေးလိုက်ရပါတယ်။

အဲဒီ ဇာတ်ဝင်ခန်းလေးကို ကြည့်ပြီး ကိုယ်မသိ၊ မတတ်တဲ့ကိစ္စတွေကို ဆရာကြီးလုပ်ပြီး ကြေးကြီးယူတတ်တဲ့ နေ့စဉ်ဘဝထဲက လူတချို့ကို သတိရမိပါတယ်။ စာရေးသူတို့ လူ့အသိုက်အ ဝန်းမှာ မိမိကျွမ်းကျင်တဲ့ အရာ မဟုတ်ဘဲ နေရာယူချင်တဲ့သူတွေ အမြောက်အမြားရှိကြတာ သတိထားမိပါတယ်။ ဒါ့အပြင် မိမိကျွမ်း ကျင်မှုမရှိတဲ့အရာ၊ မိမိနဲ့မတန်တဲ့ နေရာကို ကျွမ်းကျင်ဟန်ဆောင်၊ ထိုက်တန်ဟန်ဆောင်ပြီး မတရား သဖြင့် လိုချင်ကြတဲ့သူတွေ မနည်းလှပါလားလို့ ဆင်ခြင်ကြည့်မိပါတယ်။

(၂)

အဲဒီအတွေးလေးရပြီးတော့ ဇာတ်ကားလေးလည်းပြီးအောင် ဆက်မကြည့်ဖြစ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ငယ်ငယ်ကဖတ်ဖူးတဲ့ ကာတွန်းလေးတစ်ကွက်ကို မျက်စိထဲ ပြေးမြင်မိလို့ပါ။ ဘယ်သူ့ကာတွန်းလဲတော့ မမှတ်မိတော့ပါဘူး။ ခွင့်လွှတ်ပေး ကြပါ။ ကာတွန်းလေးရဲ့ ဆိုလိုရင်းကိုပဲ အဓိကပြောပြချင်ပါတယ်။ ကာတွန်းထဲမှာ ဒန်အိုး၊ ဒန်ခွက် ဝယ်တဲ့သူတစ်ယောက်ဟာ လမ်းမပေါ်ကနေ ဒန်အိုး၊ ဒန်ခွက်ဝယ် ကြောင်း အော်နေပါတယ်။ အိမ် တစ်အိမ်ထဲက ပိုက်ဆံချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က အဲဒီဒန်အိုး၊ ဒန်ခွက်ဝယ်တဲ့သူကို လာပါဦးလို့ လှမ်းခေါ်ပါတယ်။ နောက်ထပ် ကာတွန်းတစ်ကွက်မှာတော့ ဒန်အိုး၊ ဒန်ခွက်ဝယ်တဲ့သူက အဲဒီ မိန်းမကြီးခြံဝင်းထဲက အုန်းပင်ပေါ်တက်ပြီး အုန်းသီးခူးနေတာကို ကာတွန်းဆရာက ဆွဲပြထားပါ တယ်။

အဓိပ္ပာယ်အများကြီးပါတဲ့ ကာတွန်းမို့ ကာတွန်းဆရာက ဘာကိုရည်ရွယ်ပြီး ရေးခဲ့သလဲဆိုတာတော့ အတိအကျမသိပါဘူး။ ချမ်းသာကြွယ်ဝသူတွေက ပိုက်ဆံကိုသုံးပြီး လုပ်ချင်ရာလုပ်တယ်၊ ခိုင်းချင်ရာခိုင်းတယ်လို့ ဆိုလိုချင်တာ လား၊ ဆင်းရဲချို့တဲ့သူတွေဟာ စားဝတ်နေရေးအတွက် ဘာကိုမှ အမှုမထားနိုင်ဘဲ အလုပ်မှန်သမျှ လုပ်ကြရတယ်လို့ ဆိုလိုချင်တာလား သေသေချာချာ မခွဲခြားနိုင်ပါဘူး။ စာရေးသူအနေနဲ့ကတော့ အသက်မွေးဝမ်းကျောင်းပညာရပ် (သို့ မဟုတ်) ကျွမ်းကျင်လိမ္မာရာ (Profession)ဆိုတာကိုပဲ တွေးနေမိပါတယ်။ ကာတွန်းထဲက အမျိုး သမီးကြီးအနေနဲ့ ဒန်အိုး၊ ဒန်ခွက်ဝယ်သူ၊ အုန်းပင်တက်စားသူတွေ ရဲ့ Profession ကို မလေးစားတာကို ဒီကာတွန်းမှာ တွေ့နေရပါတယ်။ တစ်ဖက် ဒန်အိုး၊ ဒန်ခွက် ဝယ်သူအနေနဲ့လည်း မိမိမကျွမ်းကျင်တဲ့ လုပ်ငန်းဖြစ်နေပေမယ့် စားဝတ်နေရေးအတွက် အသက်အန္တရာယ်ကိုတောင်မမှုဘဲ ပိုက်ဆံပေးတဲ့အလုပ်ကို လုပ်နေရတာပါ လား။ Profession ကို မေ့ထားရပါလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ စားဝတ်နေရေးအတွက် ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းပညာရပ်ကို သစ္စာဖောက်ရတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ကိုယ်နေရမယ့် နေရာမှာ မနေနိုင်ကြရရှာသူတွေကလည်း မနည်းမနောပါ။

(၃)

ပြောခဲ့တဲ့ ကာတွန်းအကြောင်းနဲ့ ဆက်စပ်ပြီး နောက်ထပ် သတိရမိတဲ့ ကာတွန်းလေးတွေ ရှိပါသေးတယ်။ ဆရာအော်ပီကျယ်ရဲ့ နာမည်ကြီး ကာတွန်းတစ်ကွက်ပါ။ ကိုယ့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းနဲ့လည်းပတ် သက်နေလေတော့ ပိုပြီးအမှတ်တရဖြစ်မိပါတယ်။ ကာတွန်းထဲမှာ တိရစ္ဆာန်ဆေးကု ဆရာဝန်တစ် ယောက်ဆီကို လယ်သမားတစ်ယောက် ရောက်လာပါတယ်။ သူ့ရဲ့နွားက ခြေထောက်ကျိုးသွားလို့ ဆေးကုပေးရအောင် ဆရာဝန်လာ ပင့်တာပါ။ ဆရာဝန်ကလည်း တိုက်ပုံနဲ့အပြင်သွားဖို့ ပြင်နေချိန်ပါ။ ခြေထောက် ဘာကြောင့်ကျိုးရတာလဲဆိုတာကို မေးမြန်းတဲ့အခါ နွားက ကြွက်လိုက်ခုတ်ရင်း ချော်လဲသွားလို့လို့ဆိုပါတယ်။ တိရစ္ဆာန်ဆေးကုဆရာဝန်ကြီး သိပ်ကိုစိတ်ဆိုးသွားပုံရပါတယ်။ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ နွားကိုလိုက်မကုပေးနိုင်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူလည်း တံတားဖွင့်ပွဲသွားရဦးမယ်ဆိုပြီး ထွက်သွားပါတယ်။ ကြွက်ခုတ်တဲ့နွားကို ကိုယ့်အလုပ် ကိုယ်မလုပ်ဘူးလို့ အပြစ်တင်ပေမယ့် တိရစ္ဆာန်ဆေးကုဆရာဝန်ကလည်း ခြေထောက်ကျိုးနေတဲ့ တိရစ္ဆာန်ကို ဆေးလိုက်မကုဘဲ တံတားဖွင့်ပွဲသွားရတာကို ဆရာ အော်ပီကျယ်က သရော်ထားပါတယ်။ ကိုယ့်ရဲ့ Profession အလုပ်ကို သေသေချာချာမလုပ်ရဘဲ ဟိုဖွင့်ပွဲတက်၊ ဒီဖွင့်ပွဲတက်နဲ့ အချိန်ကုန်ခဲ့ရတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးကြောင်း အကောင်းဆုံးသက်သေပါပဲ။ အဲဒီအခြေအနေမျိုး ဒီနေ့ထိတိုင်အောင် တချို့နေရာ တွေမှာ ဆက်ရှိနေသေးတာတော့ စိတ်ပျက်စရာပါ။ ဘာပဲဖြစ်ဖြစ် မိမိတာဝန်ယူထားတဲ့ Profession တစ်ခုမှာ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ကြသူတွေကလည်း စိတ်ပျက်စရာကောင်းလှပါတယ်။

(၄)

တိုင်းပြည်ကို ပြန်လည်ထူထောင်ကြရမယ့်အချိန်မှာ လူမှန် နေရာမှန်နဲ့ အားလုံးဟာ ဟန်ချက်ညီညီ တာဝန်တွေ ထမ်းဆောင်နိုင်ကြမှ တော်ကာကျနိုင်မယ့်အခြေအနေဖြစ်ပါတယ်။ တိုင်းပြည်ကို အမှန်တကယ် ကြီးပွားတိုးတက် စေချင်တယ်ဆိုရင် မိမိကျွမ်းကျင် ပိုင်နိုင်တဲ့အခန်း၊ မိမိအမှန်တကယ်စွမ်းဆောင်နိုင်မယ့်ကဏ္ဍမှာ ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ Pro-fession မဟုတ်တဲ့ဆီမှာ မဆီမဆိုင်ဝင်ပါချင်တဲ့သူတွေများနေမယ်၊ မိမိကျွမ်းကျင်ပြီး တာဝန်ယူထားတဲ့ ကိစ္စရပ်တွေမှာတော့ တာဝန်လစ်ဟင်းနေမယ်ဆိုရင်တော့ အဲဒီလူတွေဟာ သူတို့ရဲ့Profession ကို သစ္စာဖောက်သူ တွေ ဖြစ်ပါလိမ့်မယ်။ ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် Profession ကို သစ္စာဖောက်ရင် တိုင်းပြည်ကိုသစ္စာဖောက်ရာ အလိုလိုရောက်သွားမှာ ဖြစ်ပါတယ်။

လိုအပ်ချက်တွေ အများကြီးရှိတဲ့ တိုင်းပြည်မှာ မိမိတတ်နိုင်တဲ့ကဏ္ဍက စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ကြရမယ့်အစား ကွီးစိုးဇာတ်ကားထဲက ဗေဒင်ဆရာလို မတတ်ဘဲလည်း ဟောသေး၊ ဈေးလည်းနှစ်ဆယူသူတွေမဖြစ်ကြဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒန်အိုး၊ ဒန်ခွက်ဝယ်သူတွေ အုန်းပင်မတက်ပါစေနဲ့တော့၊ တိရစ္ဆာန် ဆေးကုဆရာဝန်တွေကို တံတားဖွင့်ပွဲ မသွားခိုင်းပါနဲ့တော့။ အစိုးရက အုပ်ချုပ်ရေးကိုပဲ ပြည့်ပြည့်ဝဝ တာဝန်ယူပေးပါ။ တရားရုံးတွေက တရားစီရင်ရေးကိုပဲ မှန်မှန်ကန်ကန် တာဝန်ယူပေးပါ။ လွှတ်တော်က ဥပဒေပြုရေးကိုပဲ ပိုင်ပိုင်နိုင် နိုင် တာဝန်ယူပေးပါ။ တပ်မတော်က နိုင်ငံတော်ကာကွယ်ရေးကိုပဲ ထိထိရောက်ရောက် တာဝန်ယူ ပေးပါ။ Professional ဆန်သော သူ့အဖွဲ့အစည်း၊ လူမှန်နေရာမှန်ရှိသော တိုင်းပြည်ကို တည်ဆောက်ကြပါစို့။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)