ခြိမ်းခြောက်ခံနေရသည့် မြန်မာ့တောဆင်ရိုင်းများအနာဂတ်

ဆင်မုဆိုးများ၏ သတ်ဖြတ်မှုခံရသော ဆင်သေကို တာဝန်ရှိသူများ စစ်ဆေးနေစဉ် ဓာတ်ပုံ − သက်ဆွေ

တရားမဝင် ဈေးကွက်တွင်ဆင်သားရေ ကုန်သွယ်မှု ဈေးကွက် မြင့်မားလာခြင်းကြောင့် ဆင်အမများ နှင့် အကောင်ငယ်များကိုပါ ပစ် မှတ်ထားလာရာ မြန်မာ့တောဆင် ရိုင်းများ၏ အနာဂတ်သည် အထူး စိုးရိမ်နေရသည်ဟု
ပြည်တွင်း၌ ထိန်းသိမ်းရေး လုပ်ဆောင်နေ သည့်အဖွဲ့အစည်းလေးခု ပူးပေါင်း၍ ဩဂုတ် ၁၂ ရက်တွင် ကျ ရောက်သည့် ကမ္ဘာ့ဆင်များနေ့၌ ကြေညာသည်။


ဆင်စွယ်တင်မကဘဲ ဆင်အ ရေခွံရလိုမှုကြောင့် တောဆင်ရိုင်း များ အသတ်ဖြတ်ခံနေရသဖြင့် မြန်မာ့တောဆင်ရိုင်း ကောင်ရေ ကျဆင်းလာနေသည်ဟု ယင်း အဖွဲ့အစည်းများက တညီတညွတ်တည်း ပြောကြားသည်။

၂၀၁၇ နှစ်ဆန်းမှ လက်ရှိအ ချိန်အထိ တောဆင်ရိုင်းအကောင် ရေ ၃၀ ခန့် အသတ်ခံရပြီး လွန်ခဲ့ သော သီတင်းခြောက်ပတ်အတွင်း ငါးကောင်အသတ်ခံခဲ့ရသည်ဟု စမစ်ဆိုနီယန်ထိန်းသိမ်းရေး ဇီဝ ဗေဒအဖွဲ့အစည်း၏ မြန်မာ
နိုင်ငံ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးအောင် မျိုးချစ်က ပြောသည်။

‘‘ဒါက မြန်မာနိုင်ငံမှာ နှစ်စဉ် ဆင်ရိုင်းအသတ်ခံရတဲ့ ပျမ်းမျှ ပမာဏထက် အများကြီးကျော် လွန်နေပါတယ်’’ဟု ဦးအောင်မျိုး ချစ်က ပြောသည်။

‘‘အစွယ်ရှိတဲ့ ဆင်ထီးတွေကို ပဲ ပစ်မှတ်ထားတဲ့ ဆင်ဈေးကွက်နဲ့ မတူဘဲ လတ်တလော မြင့်တက် လာနေတဲ့ ဆင်သားရေဝယ်လို အားက ဆင်အမနဲ့ သားပေါက် တွေပါမချန်တော့ဘဲ သတ်ဖြတ်အ ရေခွံခွာတာတွေ ဖြစ်လာပါ
တယ်။ ဒီလိုသာ ဆက်သွားရင် မြန်မာ့ဆင် တွေ မျိုးသုဉ်းသွားနိုင်ပါတယ်’’ဟု နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) ၏ တနင်္သာရီဒေသထိန်းသိမ်းရေး အစီအစဉ်ညှိနှိုင်းရေးမှူး ဦးနေမျိုး ရွှေက
ပြောသည်။

တောဆင်ရိုင်းများကို သတ် ဖြတ်ရာတွင် အဆိပ်လူးမြား (သို့ မဟုတ်) ပေါက်ကွဲအားပြင်း ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်၍ နာကျင်ခံစားကာ တမြည့်မြည့် သေဆုံးစေပြီးနောက် အရေခွံခွာယူကြ ခြင်းဖြစ်သည်။

တောရိုင်းတိရစ္ဆာန် တရား မဝင် ကုန်သွယ်မှုတွင် ဆင်သား ရေများသည် ကာလရှည်ကြာက တည်းက ပါဝင်ခဲ့သည်ဆိုသော် လည်း ယခုလောက်မကျယ်ပြန့်လှ ပေ။

ဆင်များကို ယခင်က အစွယ် ရရုံအတွက်သာ သတ်ဖြတ်ခဲ့ကြ သော်လည်း တိုင်းရင်းဆေးဖော်ရာတွင် ဆေးဖက်ဝင်သည်ဆိုကာ ယခုနောက်ပိုင်း၌ ဆင်သားရေနှင့် နှာမောင်း စသည့်အစိတ်အပိုင်း များ ဈေးကွက်တွင်ကျယ်လာ
သဖြင့် ဆင်တစ်ကောင်သတ်ပြီးလျှင် အရေခွံ၊ အရိုး စသည့်အစိတ်အပိုင်းများပါ ဖြတ်တောက်ယူဆောင်လာသည်။

‘‘ဒီအရေခွံတွေကို တရား မဝင် ရောင်းဝယ်ကြပြီး စက်ဆုပ် စရာ လက်ဝတ်ရတနာအဖြစ် (ဒါ မှမဟုတ်) ဆေးဘက်ဆိုင်ရာ အ ထောက်အထားမရှိတဲ့ ဆေးဝါးအ ဖြစ် သုံးနေကြပါတယ်။ ဆင်သား ရေနဲ့ တခြားဥပဒေနဲ့မညီတဲ့ တော ရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေ ကို ရန်ကုန်နဲ့ ကျိုက်ထီးရိုးလို ထင် ရှားတဲ့ ခရီးသွားနေရာတွေမှာ ပြောင်ပြောင်တင်းတင်း ရောင်း ဝယ်နေကြတာ တွေ့ရနိုင်ပါတယ်’’ဟု FFI ၏ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် မန်နေဂျာမာ့ခ် ဂရင်းလေးက ဆိုသည်။

ဆင်အရေခွံများကို ဆေးဝါး ဖော်စပ်ခြင်းအပြင် ဆင်သားရေ ကို လက်မဝက်အရွယ်အတုံးလေး များတုံးကာ ပုတီးအဆင်တန်ဆာ သဖွယ် ဝတ်ဆင်လာကြခြင်း၊ ဆင် အရိုးကိုပါ ဆင်စွယ်တုအနေဖြင့် အဆောင်သဘောမျိုး ပြုလုပ်လာ သည့် ဈေးကွက်တစ်ခုကလည်း တရုတ်ပြည်တွင် ဖြစ်ထွန်းနေသည် ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ Wildlife Conservation Coordinator ဦးအောင်ကျော်က ပြောသည်။

‘‘ဆင်အရေခွံကို ပုတီးလုပ် တာရှိတယ်။ အတုံးလေးတွေလုပ် တယ်။ အဲဒီထဲမှာ သွေးရောင်လွှမ်း နေတဲ့ ဆင်ပုတီးကုံးလေးတွေဆို သိပ်တန်ဖိုးရှိတယ်။ အဆောင် တစ်ခုအနေနဲ့ ဝတ်ကြတာပေါ့ လေ။ အဲဒီဈေးကွက်က ဖြစ်နေ
တော့ ဈေးကောင်းရလာတယ်’’ဟု ၎င်းက ပြောသည်။

ဆင်စွယ်ဖြင့်ပြုလုပ်သည့် အ ဆင်တန်ဆာပစ္စည်းများ၊ ဆင်သားရေခြောက်များလည်း တရုတ်- မြန်မာ နယ်စပ်ဒေသများနှင့် ထိုင်း နယ်စပ်ဒေသများတွင် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသည်။

ယခင်နှစ်များက တောရိုင်း ဆင်များသည် အစွယ်ရောင်းချလို ခြင်းကြောင့် သတ်ဖြတ်ခံရသော် လည်း ၂၀၁၄ နောက်ပိုင်းတွင် ဆင်သားရေကြောင့် ဆင်အမများ နှင့် ဆင်အကောင်ငယ်များပါ သတ်ဖြတ်ခြင်းခံနေရသည်။

ထို့အပြင် ယခု ၂၀၁၇ နှစ်ကုန်ပိုင်း၌ တရုတ်နိုင်ငံက ဆင်စွယ်ဝယ်ယူမှုကို ပိတ်ပင်ခြင်းကြောင့်လည်း ဆင်စွယ်အစား ဆင်သားရေဈေး ကွက် ပိုမိုဖြစ်ထွန်းလာပြီး တောဆင်ရိုင်းများ သတ်ဖြတ်ခံရမည်ကို ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက စိုးရိမ်နေသည်။

‘‘ဆင်စွယ်က ဈေးပိုရတယ် ဆိုပေမယ့် အခုနောက်ပိုင်း ဆင်စွယ်က ရှားလာတယ်။ ဝယ်ရတာခက်လာတာရယ်၊ တရုတ်က ဆင်စွယ် ပိတ်တာကြောင့်ရယ်၊ ဆင်ရေခွံ ဈေးကွက် ပိုဖြစ်လာနိုင်တယ်’’ဟု ဦးအောင်ကျော်က ပြော
သည်။

 ထို့ကြောင့် မျိုးဆက်ပျက်သုဉ်းလုဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ (CITES) က ဆင်စွယ်သာမကဆင်အရေခွံနှင့် အစိတ်အပိုင်းများကို တားဆီးပိတ်ပင်ရန်
လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံသည် အရှေ့ တောင်အာရှတွင် တောဆင်ရိုင်း နှင့် အိမ်မွေးဆင်အများဆုံး ကျန်ရှိ သည့် နိုင်ငံဖြစ်သော်လည်း ဆင် စားကျက်မြေများ ကျဉ်းမြောင်း လာခြင်း၊ မြေအသုံးချမှုများပြား လာခြင်းတို့ကြောင့် ဆင်များလူနေလမ်းမများ၊ လူနေအိမ်များ၊ စိုက် ခင်းများသို့ မကြာခဏရောက်ရှိ လာသည့် ဖြစ်ရပ်များ ဖြစ်ပွားလာ သည်။ ထို့အပြင် တရားမဝင် အမဲ လိုက်သတ်ဖြတ်ခြင်းတို့ကြောင့် သဘာဝတောအတွင်း တောဆင် ရိုင်းကောင်ရေ သိသိသာသာ ကျ ဆင်းလာသည်။

မြန်မာနိုင်ငံတွင် တောဆင် ရိုင်းကောင်ရေသည် ၂၀၀၁-၂၀၀၃ အတွင်း ကောက်ယူမှုများ အရ ၅,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။

လက်ရှိတွင် တောဆင်ရိုင်း ကောင်ရေ တစ်ဟုန်ထိုးကျဆင်း နေပြီး ၁,၄၀၀ နှင့် ၂,၀၀၀ ကြားကျန်ရှိဦးမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့၌ ယင်းထက်များစွာလျော့နည်းနိုင်ဖွယ်ရှိကြောင်း ထိန်းသိမ်းရေးအဖွဲ့အစည်းများက ဆိုသည်။

ထို့ကြောင့် ၁၅ နှစ်ဝန်းကျင် အတွင်း ဆင်ကောင်ရေ  ၃၀၀၀ ခန့်လျော့ကျသွားခြင်းဖြစ်၍ အဆို ပါ နှုန်းအတိုင်း ဆင်ကောင်ရေ ထပ်မံလျော့ကျမည်ဆိုပါက မြန် မာ့ဆင်များ အနာဂတ်မတွေးဝံ့ စရာဖြစ်လာသည်။

 တောဆင်ရိုင်း ကောင်ရေ များစွာ ဆယ်စုနှစ်တစ်ခုကျော်အ တွင်း လျော့နည်းသွားရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆင်စွယ်နှင့် အစိတ်အပိုင်းများ ရယူလိုမှု ကြောင့် အမဲလိုက်သတ်ဖြတ်ခံရ ခြင်း၊ လူနှင့်ဆင်ကြား ပဋိပက္ခဖြစ် ရပ်များ၊ ကလဲ့စားချေသည့်သ ဘောဖြင့် သတ်ဖြတ်ခံရခြင်းတို့ ကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တောဆင် ရိုင်းများ ပျံ့နှံ့ကျက်စားမှုအနေဖြင့် ကချင်ပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်း၊ ရှမ်းရိုးမမြောက်ပိုင်း နှင့် တောင်ပိုင်း၊ ချင်းတွင်းမြစ်အ ထက်ပိုင်းနှင့် တောင်ပိုင်း၊ စစ် ကိုင်းတိုင်း၊ ရခိုင် (မေယုတောင် တန်း၊ ရခိုင်ရိုးမ)၊ ကယားနှင့် ကရင်ပြည်နယ်စပ်ဒေသ၊ ကရင် (သံလွင်အရှေ့ခြမ်း)၊ မွန်၊ ပဲခူးရိုးမ၊ (အလယ်ပိုင်း၊ အောက်ပိုင်း)၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး (တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူးတို့တွင် ကျန်ရှိနေသေးသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဖြစ်ပြီး မှောင်ခိုဈေးကွက်တို့၏ ဘုရင်ဟု ကမ္ဘာက တင်စားသည့် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် အစိတ်အပိုင်းပစ္စည်း မှောင်ခိုဈေးကွက်သည် နှစ်စဉ်မြင့်တက်လာနေပြီး ဆင်အစိတ်အပိုင်း ပစ္စည်းများ ရယူလိုမှုကြောင့် မြန်မာနိုင်ငံတွင် ဆင်များ အသက်ရှင်ရပ်တည်ရန် ခြိမ်းခြောက်မှုအန္တရာယ် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် ဆင်များ ကျန်ရှိသည့်နေရာများဖြစ်သော ပဲခူးရိုးမ၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ ဆင်များ မကြာခဏဖမ်းဆီး သတ်ဖြတ်ခံနေရသည်။

စာရင်းများအရ ၂၀၁၀ ပြည့် နှစ်ကစ၍ အမဲလိုက်သတ်ဖြတ်မှု (သို့မဟုတ်) နယ်မြေအတွက် ပဋိ ပက္ခဖြစ်မှုတို့ကြောင့် အနည်းဆုံး လူ ၃၅ ဦး သေဆုံးကာ ဆင် ၉၅ ကောင် သေဆုံးခဲ့သည်။

‘‘ဆင်ဆိုတာ တောရဲ့ရှင်သန် မှုတစ်ခုဖြစ်တယ်။ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုသလို သူသွားတဲ့ နေရာတစ်လျှောက်နင်းသွားတော့ ပေါင်းသင်ပြီးသားဖြစ်သွားတယ်။ နောက်ပြီး သူ့နောက်ကနေ တခြား မိတ်ဖက်အကောင်တွေက လိုက် ပြီးစားသောက်လို့ရတဲ့အတွက်၊ တခြားတောကောင်တွေလည်း ရှင်သန်နိုင်တဲ့အတွက် ဆင်တစ် ကောင်သေရင် ဘယ်လောက်ထိ ခိုက်တယ်ဆိုတာ သိနိုင်တယ်’’ဟု WCS နည်းပညာဆိုင်ရာ အကြီး တန်းညှိနှိုင်းရေးမှူး ဒေါက်တာ စောထူးသာဖိုးက ပြောသည်။

လက်ရှိတွင် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာ့ဆင်ထိန်း သိမ်းရေးလုပ်ငန်း အစီအစဉ် (MECAP) ရေးဆွဲခဲ့ပြီး တောဆင်ရိုင်းများကို တရားမဝင်ဖမ်းဆီးမှု၊ အမဲလိုက်သတ်ဖြတ်မှုနှင့် အစိတ်အပိုင်းများ ကုန်သွယ်မှုတို့ကို ဖြေရှင်းဆောင်ရွက်မည်ဖြစ်သည်။

ထို့အပြင် တောဆင်ရိုင်းကာ ကွယ်ထိန်းသိမ်းရေး ဝန်ထမ်းများ အား လေ့ကျင့်သင်ကြားပေး၍ အဓိကအမဲလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားရာ နေရာများတွင် တာဝန် ချထား ထမ်းဆောင်စေနိုင်ရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေ ပြီး ယခုနှစ် ဇူလိုင်အတွင်း ထိန်း သိမ်းရေးဝန်ထမ်း ၄၅ ဦးကို အထူးပြုနည်းပညာများ လေ့ကျင့်သင် ကြားပေးခဲ့ကာ သင်တန်းများ ထပ် မံပြုလုပ်မည်ဖြစ်သည်။

‘‘အခုအချိန်က တောဆင် ရိုင်းထိန်းသိမ်းရေးက အရမ်းကို အရေးကြီးနေပါတယ်။ ဆင်ထိန်း သိမ်းရေးမှာ အစိုးရဌာန၊ ဌာနဆိုင် ရာဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေပဲ ဆောင်ရွက်မယ်ဆို ရင် ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒေသခံတွေ ကိုယ် တိုင်ကလည်း ဒီဆင်သတ်ဖြတ် တာတွေ မဖြစ်အောင် ထိန်းသိမ်း ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်း ဆောင်ရွက်မှရမယ်။ ဒေသခံတွေ အနေနဲ့ ဆင်ပစ်မုဆိုးတွေကို တွေ့ ရှိရင် သက်ဆိုင်ရာကို ချက်ချင်း ဆက်သွယ်အကြောင်းကြားမှုတွေ လုပ်စေချင်ပါတယ်’’ဟု ဒေါက် တာစောထူးသာဖိုးက ပြောသည်။

Top News