စကားထဲက တရား

(တစ်)

တရားနာရင်းနှင့် ဘာသာ စကားသမုဒ္ဒရာကြီးထဲသို့ စီးမျော၍ ပါသွားခဲ့သည့် အကြိမ်အရေအတွက်မှာ မနည်းလှတော့ပါ။ မြန်မာစကား၌ စကားနောက် တရားပါဟူ၍ အဆိုရှိပေရာ စကားလုံးများ၊ ဝေါဟာရများ၏ နောက် ကွယ်၌ တကယ့်အစစ်အမှန် အ နက်အဓိပ္ပာယ်တို့ ကိန်းအောင်းနေ ရန်လိုအပ်လှပါသည်။

ဗုဒ္ဓ၏ တရားတော်များကို ဘာသာပြန်ဆိုမှုနှင့်ပတ်သက်၍ အနောက်တိုင်းပညာရှင်တို့၏ အ ယူအဆများကို ဆရာကြီးသခင် ဘသောင်းက ဆွေးနွေးတင်ပြခဲ့ဖူး ပါသည်။

ထိုပညာရှင်များထဲ၌ ကွန့် (Conze)ပါပါသည်။ နာမည်အ ရင်းမှာ အက်ဒဝပ်ကွန့် (Edward Conze) ဖြစ်ပါသည်။ ကွန့်ကိုမွေးသည်က လန်ဒန်မြို့။ ကွန့်က ဂျာမန်၊ ပြင်သစ်၊ ဒတ်ခ်ျသွေးနှောထားသူ။ ၁၉၀၄ ၌မွေးကာ ၂၄ စက်တင်ဘာ ၁၉၇၉ ၌ သေဆုံးသူ။

ကွန့်ကားဟစ်တလာ (Hitler)ကို အလိုမရှိသူ။ ကွန်မြူနစ်ပါတီ ထဲသို့ ဝင်သူ။ မာက့်စ်ဝါဒကို လေ့လာသူ။ ၁၉၃၃ မှစ၍ ၁၉၆၀ အထိ နှစ်များတွင်ကား စိတ်ပညာ၊ ဒဿနိကဗေဒပညာနှင့် ဘာသာရေးနှိုင်းယှဉ်ချက်များကို လန်ဒန်တက္က သိုလ်နှင့် အောက်စဖို့ဒ်တက္ကသိုလ် များမှာ ကွန့်ပို့ချပါသည်။

ကွန့်ကား (၁၃)နှစ်သားအရွယ်မှာပင် Lafcadio Hearn ရေးသားသည့် Gleanings in BuddhaFields ကို ဖတ်ပြီးနေပြီဟုဆိုပါ သည်။ Gleanings က ကောက်သင်းကောက်ခြင်းဖြစ်ပြီး Fields က နယ်ပယ်ဖြစ်လေရာ ဗုဒ္ဓအဆုံးအမ ကောက်နုတ်ချက်များဟုဆိုလျှင် သင့်အံ့ဟုထင်ပါသည်။

ကွန့်၏ အံ့ဩဖွယ်ရာမှာ ပါဠိဘာသာကျမ်းဂန်များကို နှစ် ပေါင်း ၃၀ တိုင်တိုင်လေ့လာခဲ့ပြီး သက္ကတဘာသာလည်း တတ်ကျွမ်းခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် Buddhism ဟူသည့် ကျမ်းကို လည်း ရေးခဲ့သူဖြစ်ပါသည်။

ဗုဒ္ဓ၏ အဘိဓမ္မာကို ဘာသာ ပြန်ရန် စဉ်းစားသည့်အခါ ကွန့်က Philosophy ဟူသည့် စကားလုံးကို စတင်စဉ်းစားသည်။ သို့သော် ဗုဒ္ဓ၏ အတွေးအခေါ်နှင့် ဆုံးမချက်များက တွေးရုံခေါ်ရုံသက်သက်မျှသာမဟုတ်။ ကျင့်ကြံခြင်း ပါပါဝင်သည့် အတွေးအခေါ်ဖြစ်လေရာကွန့်က Pragmatic Philosophy ဟု ပြန်ထည့်လိုက်ပါသည်။ Prag-matic က လက်တွေ့ ဆန်သောဟု အဓိပ္ပာယ်ရှိလေရာ အကျင့်ပါသည့်ဓမ္မကို Pragmatic Philo-sophy ဟု ပြန်ဆိုပုံမှာ တရား၏ အနှစ်သာရနှင့် မကွာဝေးစေရန် အားထုတ်မှုဟုဆိုရမည်ပင်ဖြစ်ပါသည်။

ဤနေရာ၌ အမေရိကန်နိုင်ငံ သား ဟင်နရီကလက်ဝါရင် (Henry Clarke Warren) ကလည်းသတိရဖွယ်ဖြစ်ပါသည်။ သူက သက္ကတနှင့် ပါဠိသုတေသီတစ်ဦး။ ၁၈၅၄ တွင်မွေး၍ ၁၈၉၉ တွင် အနိစ္စရောက်သူ။

ဝါရင်က ကွန့် Pragmatic Philosophy ဟု ပြန်ဆိုခဲ့သည်ကို Applied Philosophy ဟု ပြန်ပါ သည်။ လက်တွေ့ဒဿန။ အကျင့်ပါသည့် ဖီလော်ဆော်ဖီ။

(နှစ်)

အမေရိကန်သုတေသီ ဝါရင် ဘာသာပြန်ပုံကို ဆရာကြီးသခင် ဘသောင်းက ဆွေးနွေးဖူးပါသည်။

ဥပမာ ဓမ္မ။ ယင်းကို ဝါရင် က ပုံသေမထားဘဲ Elements of being ဟု၊ Factors of being ဟု၊ Doctrine ဟု ရှေ့နောက်စကား အသွားအလာကို တွက်ဆကာ အမျိုးမျိုးပြန်ကြောင်းဆိုပါသည်။ ထို့အပြင် အတ္တကို Self, Ego စသည်ဖြင့် ပြန်ဆိုပြီး ပုဂ္ဂလကို လည်း Ego, Individual စသည် ဖြင့် အခြေအနေကိုလိုက်၍ ပြန်ဆို ရကြောင်း ဆိုပါသည်။

တရားကို ပြန်ဆိုရသည်က တရားဆီသို့မရောက်မှာ စိုး ကြောက်ရပါသည်။

(သုံး)

ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက ‘ဝေဒနာ’ကို Feeling ဟု ပြန်ဆိုသည်ကို သိပ်သဘောမတွေ့လှကြောင်း မိန့်ဖူးပါသည်။

အဘိဓမ္မာ၌ စိတ်တစ်ခုဖြစ်ပွားပုံကို ဟောသည့်အခါ ဖဿ၊ ဝေဒနာ၊ သညာ၊ စေတနာ စသည့် ဖော်ပြထားလေရာ အာရုံနှင့် ဝတ္ထု ထိတွေ့သည်ကို ဖဿဟုခေါ်ပြီး ယင်းနှင့် တစ်ဆက်တစ်စပ်တည်း၌ ဝေဒနာခံစားမှုက ဖြစ်ပေါ်လာလေရာ ထိုဝေဒနာကို သညာကလည်း တစ်ပြိုင်နက်မှတ်ယူလိုက်သည်ဖြစ်သဖြင့် ဝေဒနာကို Feeling ဟုသာမက Experience (ခေါ်) အတွေ့အကြုံဟုပါ ပြန်သင့်ကြောင်း ဟောကြားခဲ့ဖူးပါသည်။

မှတ်မိထားသည်ကလေး ပြန်ပြောရလျှင် ဆရာတော်က မိဂဒါ ဝုန်ကို Deer Park ဟု ပြန်သည်ကိုပင် မပြည့်စုံလှဟု ထင်ပါသည်။ ဆရာကြီး ဦးဖေမောင်တင်က လည်း Deer Park ဟု ပြန်ပါသည်။ အင်္ဂလိပ်ရဟန်းတော် အရှင်ဉာဏ မောလိ (Ven Nanamoli) ကလည်း Deer Park ပဲ ပြန်ဆိုပါသည်။ အမေရိကန်ရဟန်းတော် အရှင်ဘိက္ခုဗောဓိ (Ven Bhikkhu Bodhi) ကလည်း Deer Park ပဲ ပြန်ဆိုပါသည်။

စင်စစ် မိဂဒါဝုန်က သားအ ပေါင်းကို ဘေးမဲ့ပေးရာတောဖြစ်ပါသည်။ ဆဲန်ကျူရီ (Sanctuary) ဟု ပြန်လျှင်လည်း သင့်ကြောင်း ပါချုပ်ဆရာတော်ဘုရားက ဟောကြားဖူးပါသည်။

(လေး)

အဘိဓမ္မာတရားတော်မြတ် နှင့်တကွ ဘာသာရေးဝန်းကျင်က ဝေါဟာရများကို ဘာသာပြန်ဆိုရ သည်မှာ အလွန်လက်ပေါက်ကတ်သော ကိစ္စဖြစ်ပါလိမ့်မည်။ စကားနည်းနည်းလွဲသည်နှင့် တရားကပါလိုက်၍ လွဲသွားမြဲဖြစ်ပါသည်။

ကျွန်တော်ကမူ ဆရာတော် ဘုရားကြီးများနှင့် ပညာရှင်တို့၏ ခြေကြိုခြေကြား၌ ပြေးလွှားကာ စကားနှင့်တကွ တရားကိုနာယူရသည်များကို ပျော်မွေ့မဆုံးရှိလှပါကြောင်း။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)

Top News