အမေရိကန်တွင် စစ်ရဟတ်ယာဉ် ပျက်ကျပြီး အမှုထမ်းငါးဦး ပျောက်ဆုံးနေ

အမေရိကန် စစ်တပ်၏ ရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျပြီး အမှုထမ်းငါးဦး ပျောက်ဆုံးနေကြောင်း သိရသည်။


UH-60 Black Hawk အမျိုးအစား ရဟတ်ယာဉ်သည် ဟာဝိုင်ယီကျွန်းစုရှိ အိုဟူကျွန်းမှ ကမ်းလွန်ရေပြင် နှစ်မိုင်မျှ အကွာတွင် ဩဂုတ် ၁၆ ရက်က ညပိုင်းက ပျက်ကျသွားခြင်း ဖြစ်သည်။ ရဟတ်ယာဉ်နှင့်အတူ အမှုထမ်းငါးဦး ပျောက်ဆုံးနေဆဲဟု ကမ်းခြေစောင့် တပ်ဖွဲ့က အတည်ပြုခဲ့သည်။

ရဟတ်ယာဉ်သည် လူအများ အခြေချ နေထိုင်မှု မရှိသည့် အိုဟူကျွန်း အနောက်ဘက်ခြမ်းတွင် ပျံသန်းနေရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ 

ရဟတ်ယာဉ်နှင့် အမှုထမ်းများကို ရှာဖွေသည့် လုပ်ငန်းစဉ်တွင် ကမ်းခြေစောင့်တပ်နှင့်အတူ ဟိုနိုလူလူ မီးသတ်ဌာနကပါ ပူးပေါင်း ပါဝင်လျက် ရှိသည်။ လက်ရှိ အချိန်ထိ ရဟတ်ယာဉ် သုံးစီးနှင့် ရေယာဉ်တစ်စီးကို အသုံးပြု၍ ပျောက်ဆုံးနေသူများကို ရှာဖွေ ကယ်ဆယ်ရန် ကြိုးစားနေကြောင်းလည်း သိရသည်။

ရဟတ်ယာဉ်၏ အပျက်အစီး အစိတ်အပိုင်း တစ်ခုကို ပျက်ကျပြီး မိနစ် ၈၀ အကြာတွင် စတင် တွေ့ရှိထားပြီ ဖြစ်သည်။ အခင်းဖြစ်ရာ ဧရိယာတွင် တိမ်ထူပြီး လေတိုက်ခတ်မှု အနည်းငယ် အားကောင်းသလို လှိုင်းအသင့်အတင့် ရှိနေကြောင်း ကမ်းခြေစောင့်တပ်က ဆိုသည်။ ရဟတ်ယာဉ် ပျက်ကျရသည့် အကြောင်းရင်းကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

Ref: CNN

Top News