ဗြိတိန်ရေတပ် လေယာဉ်တင် သင်္ဘောသစ်ကြီး ပို့စ်မောက်သ် ဆိပ်ကမ်းသို့ ဆိုက်ရောက်

ဗြိတိသျှ တော်ဝင်ရေတပ်၏ လေယာဉ်တင် သင်္ဘော အသစ်ကြီး HMS Queen Elizabethသည် ပို့စ်မောက်သ် ဆိပ်ကမ်းသို့ ဆိုက်ရောက်လာကာ လူအများ မြင်ကွင်းရှေ့သို့ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။


တစ်စီးလျှင် စတာလင်ပေါင် သုံးဘီလီယံ တန်ဖိုးရှိသည့် HMS Queen Elizabethနှင့် HMS Prince of Walesတို့ကို ရေတပ်တွင် အသုံးပြုသွားရန် ဗြိတိန် စစ်တပ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ HMS Prince of Walesမှာမူ လတ်တလောတွင် တည်ဆောက်ဆဲ အဆင့်၌ပင် ရှိသေးသည်။

၉၁၉ ပေ ရှည်လျားပြီး တန်ချိန် ၆၅၀၀၀ လေးလံသည့် သင်္ဘောကြီးသည် ဗြိတိန် တော်ဝင်ရေတပ် သမိုင်းတလျှောက် အရွယ်အစား အကြီးမားဆုံးနှင့် ခေတ်အမီဆုံး ရေယာဉ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ သင်္ဘောကြီးသည် တစ်နေ့လျှင် မိုင်ပေါင်း ၅၀၀ ထိ ခရီးပေါက်အောင် ခုတ်မောင်းနိုင်သည်။

စကော့တလန်မှ စတင်ခုတ်မောင်း ထွက်ခွာလာသည့် သင်္ဘောကြီးသည် ပို့စ်မောက်သ်တွင် ပင်မဌာနချုပ်အဖြစ် အခြေစိုက် နေရာယူမည် ဖြစ်သည်။ သင်္ဘောကြီးပေါ်တွင် လတ်တလော၌ လေယာဉ်များ တင်ဆောင်ထားခြင်း မရှိသေးချေ။ သို့သော် လာမည့်နှစ်တွင် လေယာဉ် အဆင်းအတက် လေ့ကျင့်မှုများ စတင်လုပ်ဆောင်ပြီး ၂၀၂၃ ခုနှစ်တွင် စစ်ဆင်ရေး တာဝန်များ အပြည့်အဝ ထမ်းဆောင်နိုင်ရန် မျှော်လင့်ထားသည်။

သင်္ဘောပေါ်တွင် အမှုထမ်း ၇၀၀ ဝန်းကျင်မျှ တာဝန် ထမ်းဆောင်မည်ဖြစ်ပြီး လူဦးရေ ၁၆၀၀ ထိ တင်ဆောင်နိုင်စွမ်း ရှိသည်။ HMS Queen Elizabethပေါ်တွင် F-35B ကိုယ်ပျောက် တိုက်လေယာဉ်များနှင့် Crowsnest ရဟတ်ယာဉ်များ အခြေစိုက် တပ်စွဲထားမည်ဟု တော်ဝင် ရေတပ်က ကြေညာထားသည်။

ဗြိတိန် တော်ဝင်ရေတပ်တွင် HMS Illustriousကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် ဖျက်သိမ်းပြီးကတည်းက လေယာဉ်တင် သင်္ဘောများ ပိုင်ဆိုင်ခြင်း မရှိတော့ချေ။ 

ဗြိတိန် ရေတပ်သည် အမေရိကန်လုပ် F-35B တိုက်လေယာဉ်သစ် ၁၄ စီးကို ယခုနှစ်ကုန်ပိုင်းတွင် လက်ခံရရှိမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း လေယာဉ်တင်သင်္ဘောသစ်ကြီး၏ ပြေးလမ်းပေါ်တွင် လက်တွေ့ အတက်အဆင်း ပြုလုပ် လေ့ကျင့်မှုများ စတင်သွားမည်ဟု သိရသည်။

Ref: Daily Mail

Top News