မှားခွင့်ကလေး၊ မိုက်ခွင့်ကလေး

(တစ်)

ခရီးအဝေးကြီးတွေသွားတဲ့ အခါတိုင်း ခရီးဖော်ဖြစ်လေ့ရှိသူ ကာတွန်းဆရာ ကိုအော်ပီကျယ် က လမ်းဘေးဝဲယာကိုကြည့်ကာ မကြာခဏ တဖျစ်တောက် တောက်ပြောလေ့ရှိပါတယ်။

လူဆိုတာ မှားတတ်တဲ့ဥစ္စာ တဲ့။ မှားခွင့်လေးတော့ ပေးဦးပေါ့တဲ့။ ခုတော့ မှားရင်သေစမ်းတဲ့။ ကျွန်တော်ကတော့ သူ့စကား လည်း နားထောင်၊ သူ့ကိုလည်း ကြည့်ကာ ရယ်နေမိပါတယ်။

တစ်ဆက်တည်းဆိုသလို သွားလေသူ ဆရာဦးအောင်သင်း ကိုလည်း သတိရပေါ့။ ဆရာက မကြာခဏ ပြောတတ်တယ်မ ဟုတ်လား။ ဟေ့...လူဆိုတာ မှား တတ်တယ်ကွတဲ့။ ဒါကြောင့် ခဲတံတွေမှာ ခဲဖျက်တပ်ထားတာတဲ့။

မှားခွင့်၊ မိုက်ခွင့်။ ဒါကို နား လည်ပေးနိုင်ဖို့ ကိုအော်ပီကျယ် က ပြောနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အဝေးပြေး လမ်းမ၀ဲယာတွေကိုကြည့်ရင်း အသေစိုက်ထားတဲ့ သံတိုင်တွေနဲ့ သံတန်းအတားအဆီးတွေကို တွေ့နိုင်ပါလိမ့်မယ်။ တစ်ခါတစ် ခါကျတော့လည်း ကွန်ကရစ်တုံး အကြီးကြီးတွေပေါ့။

ကားသမားက အိပ်ငိုက်လို့၊ ဒါမှမဟုတ် အရှိန်မထိန်းနိုင်လို့၊ ဒါမှမဟုတ်မူးလို့ တစ်နည်းနည်းနဲ့ အရှိန်လွန်ပြီး လမ်းဘေးက အ ကာအရံတွေကို ၀င်တိုက်မိခဲ့ရင် အဲဒီ့ အကာအရံတွေက Elastic လို့ခေါ်တဲ့ ဆန့်ကျုံ့နိုင်တဲ့ သတ္တိမရှိတဲ့ အမာစားတွေ ဖြစ်တာကြောင့် ၀င်တိုက်မိတဲ့ကားဟာ ပြောင်းပြန်ဇောက်ထိုးဖြစ်ကာ ချာလပတ်လည်ပြီး လူတွေရဲ့ အသက်အန္တရာယ်ဟာလည်း သိပ်ကိုကြီးလွန်းသွားပါတယ်။

ဒါကို သူငယ်ချင်းကိုအော်ပီ ကျယ်က မှားခွင့်မပေးထားတဲ့ အ နေအထားလို့ ဆိုတာပါ။ မှားရင် ခံစမ်းဆိုတဲ့ အခြေအနေတဲ့။

နိုင်ငံတကာအဝေးပြေးလမ်း တွေဆီမှာ ခရီးသွားတဲ့အခါ လမ်း ဘေးဝဲယာက အကာအရံတွေက အီလက်စတစ် (Elastic) ဖြစ်ပါ တယ်။ ဆန့်နိုင်၊ ကျုံ့နိုင်ပါတယ်။ ယာဉ်က ၀င်တိုက်လိုက်တဲ့အခါ ကွေးညွတ်ပါသွားပြီးမှ ပြန်ပြီးကန် ပေးလိုက်တဲ့အတွက် ထိခိုက်ဒဏ် ရာရရှိတဲ့သဘောပါ။ မင်းက မှား လာတာဖြစ်ပေမယ့် အမှားရဲ့ ဒဏ်ကို အသက်သာဆုံးပဲ ခံစားရ အောင် ငါတို့စီမံထားပါတယ်ဆို တဲ့ အဓိပ္ပာယ်ပါပဲ။

မှားခွင့်ကလေး၊ မိုက်ခွင့်က လေးပေးထားတယ်ဆိုတဲ့သဘော ပါပဲ။ ဒါဟာ မိခင်က သားသမီး အပေါ် ပေးထားတဲ့ မေတ္တာနဲ့ယှဉ် တဲ့စီမံခန့်ခွဲမှုပါ။

(နှစ်)

ဝိတိုရိယခေတ် (Victorian Age) လူမှုရေးတွေးခေါ်ရှင် ဂျွန် ရပ်စကင်း (John Ruskin) ဆို တာ မြန်မာစာဖတ်သူ အများစုနဲ့ ရင်းနှီးပါတယ်။ သူက ၁၈၁၉ ဖေဖော်ဝါရီ ၈ ရက်မှာ မွေးပြီး ၁၉၀၀ ဇန်န၀ါရီ ၂၀ မှာ ဆုံးတဲ့သူ ပါ။

သူ့စကားတစ်ခွန်းက တော် တော့ကို စိတ်ထိခိုက်ရပါတယ်။ ကြီးမြတ်တဲ့လူမျိုးတစ်မျိုးဟာ ကလေးတစ်ယောက်ကို သစ်ကြား သီးခြောက်လုံးလောက် ခိုးရုံနဲ့ ထောင်ထဲကို ပို့မပစ်ဘူးဆိုတဲ့ စ ကားပါ။ အရွယ်မတိုင်မီဘ၀တွေ ရဲ့ မှားခွင့်ကလေးတွေ၊ မိုက်ခွင့် ကလေးတွေ၊ လက်တည့်စမ်းခွင့် ကလေးတွေကို သက်ညှာခွင့်ပေး ထားတဲ့ သဘောထားတွေကို နိုင်ငံကြီး၊ လူမျိုးကြီးတွေရဲ့သဏ္ဌာန်မှာ တွေ့ရလေ့ရှိကြောင်း ရေးထားတာပါ။

(သုံး)

အခုတစ်လောထုတ်တဲ့ သ တင်းစာမျက်နှာတွေပေါ်မှာ မူး ယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ သ တင်းတစ်ပုဒ်ကို ထူးထူးခြားခြား ဖတ်ရပါတယ်။ လွှတ်တော်သ တင်းပါ။

မူးယစ်ဆေးဝါးသုံးစွဲတဲ့သူ တွေကို လူမှုရေးပြစ်ဒဏ်သာချ မှတ်တော့မယ်ဆိုတဲ့ သတင်းပါ။ အဲသည့် ဥပဒေမူကြမ်းကို အမျိုး သားလွှတ်တော်က အတည်ပြု လိုက်ပြီဆိုတဲ့ သတင်းပေါ့။ နိုင်ငံ တကာမှာလည်း အဲသည့် နည်း လမ်းအတိုင်းပဲ ကျင့်သုံးနေတာ ဖြစ်လို့ အခုလို ဥပဒေကြမ်းတင်ရ တဲ့အကြောင်းနဲ့ လွှတ်တော်က အတည်ပြုရတဲ့အကြောင်း ထုတ် ပြန်ပါတယ်။ ဒါကြောင့် မူးယစ် ဆေးဝါးသုံးစွဲတဲ့သူတွေများလာ မှာကို စိုးရိမ်ရတယ်ဆိုတဲ့အသံ တွေလည်း ထွက်လာပါတယ်။

ဘာပဲဖြစ်ဖြစ် သည်ဥပဒေ ကြမ်းကို ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့ မေးရင် သစ်ကြားသီးခြောက်လုံး လောက် ခိုးမိရုံနဲ့ကလေးတွေကို ထောင်ထဲကို ပို့မိတာကြောင့် တစ်ဘ၀လုံး ကျိုးကြေပျက်စီး သွားရတဲ့အဖြစ်တွေကို မလိုလား လို့ပါ။

မလိမ်မိုး မလိမ္မာအရွယ် ကလေးမို့ အရာရာကို လက်တည့် စမ်းချင်တာကြောင့် လမ်းထိပ်က အုတ်ခုံလေးပေါ်မှာ ဆေးခြောက် ကလေးနည်းနည်းရှူကြည့်မိတာ ကို အဖမ်းခံလိုက်ရပြီး ကလေး ထောင် ဒါမှမဟုတ် လူငယ်ပြုပြင် ရေးစခန်း ရောက်သွားခဲ့ရာက အ နာဂတ်တစ်ခုလုံး ကံဆိုးမိုးမှောင် ကျခဲ့ရတဲ့ကလေးက ကျခဲ့ရပြီး မူး ယစ်ရာဇာအကြီးကြီးတွေက နိုင်ငံ့ မျက်နှာဖုံး ဖြစ်နေရတာမျိုးကို ကျွန်တော်မလိုလားပါဘူး။

 ဆရာမင်းကျော် ရေးခဲ့တဲ့ ‘အဖြူကို မည်သူအနက်ဆိုးသ နည်း’ ဆိုတဲ့ စာအုပ်၊ ဆရာမောင် ထွန်းသူ ရေးခဲ့တဲ့ ‘တောင်ပံမဲ့ သည့်ငှက်ငယ်များ’ဆိုတဲ့စာအုပ် တွေကို ဖတ်ကြည့်ရင် ကလေး တွေ ဆိုးပေလေလွင့်သလို ဖြစ်ရ တဲ့ဇာတ်လမ်းတွေမှာ ဘ၀ပတ် ၀န်းကျင်ရဲ့ လက်ချက်တွေလည်း မကင်းဘူးဆိုတာ တွေ့ကြရမှာ ပါ။ အဖေ့ကြောင့်၊ အမေ့ကြောင့်၊ သူငယ်ချင်းကြောင့်၊ ကျောင်း ကြောင့် အများကြီးပါဝင်နိုင်တာ ပေါ့။ ဒါတွေကို ပြုပြင်တဲ့ အခန်း ကဏ္ဍက အားနည်းပြီး အရေးယူ မယ်ဆိုတဲ့ အခန်းကဏ္ဍက အား ကြီးခဲ့တာကြောင့် မပျက်သင့်ဘဲနဲ့ ပျက်သွားတဲ့ လူငယ်တွေရဲ့ ဘ၀ က အများကြီးပါ။

မိုက်လို့မှားလို့ လမ်းဘေးကို ထိုးဆင်းလာတဲ့ကားကိုအန္တရာယ် သိပ်မဖြစ်အောင် ဟန့်တားတဲ့ အ စီအမံနဲ့ မလုပ်ဘဲ သေစမ်းကွာ ဆိုတဲ့ စနစ်နဲ့ တားရင် ဒုက္ခပင် လယ်ဝေကုန်ရုံပဲပေါ့။ မှားရင်ခံ စမ်းဆိုတာ မိထွေးဆိုး၊ ပထွေးဆိုး တွေရဲ့စိတ်။ မှားတာကို ခွင့်လွှတ် ပြီး ဘယ်လိုပြုပြင်ယူရမလဲလို့ စဉ်းစားတာက အမေကောင်း၊ အဖေကောင်းတို့ရဲ့ စိတ်။

လူမှုရေးပြစ်ဒဏ်တွေပဲ ပေး တော့မယ်ဆိုတာကို ကျွန်တော် တော့ ကြိုဆိုပါတယ်။ သစ်ကြား သီးခြောက်လုံးခိုးတာတော့ မှန်ပါ ရဲ့။ ခမျာ ဆာများဆာရှာလို့လား လို့စဉ်းစားတော့ ကရုဏာက ရှေ့ကိုရောက်လာပါတယ်။ ကျူးလွန်သူက ကလေးသူငယ်တွေမ ဟုတ်လား။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)