ခန္တီးမြို့နယ် ကျားကိုက်ရွာတွင် လက်နက်ကိုင်အဖွဲ့က ရွာသားသုံးဦးကို ပြန်ပေးဆွဲ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာ တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက ညအချိန် ကျေးရွာအတွင်း ၀င် ရောက်ပြီး ရွာသားသုံးဦးကို ပြန် ပေးဆွဲဖမ်းဆီးကာ တစ်ဦးလျှင် ကျပ် ၂၅ သိန်းနှုန်းဖြင့် ပြန်ရွေး ရန် အကြောင်းကြားထားသည်ဟု အဆိုပါ ကျေးရွာမှ ရွာဦးကျောင်း ဆရာတော် ဦးဣန္ဒာပါလက မိန့် ကြားသည်။


သြဂုတ် ၁၆ ရက်ညက သေနတ်များကိုင်ဆောင်ထားသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့ဝင် ၁၀ ဦးခန့် ကျေးရွာတွင်းသို့ ၀င်ရောက်လာပြီး ရွာခံအမျိုးသားသုံးဦးကို ဖမ်းဆီးကာ သြဂုတ် ၁၇ ရက် နေ့လယ်တွင် ဖမ်းဆီးထားသူများအား တစ်ဦးလျှင် ကျပ် ၂၅ သိန်းနှုန်းဖြင့် ၁၂ နာရီအတွင်း လာရွေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံသို့ စာပို့လာခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

‘‘အခုဘယ်လိုလုပ်ကြမလဲ ဆိုတာ တိုင်ပင်နေတာ။ ရွာသူ ရွာသားတွေကတော့ ထိတ်လန့် နေကြတယ်’’ဟု ဦးဣန္ဒာပါလက မိန့်ကြားသည်။

ရွှေကျားကိုက်ကျေးရွာမှ ဦးဇော်မိုးဆိုသူနှင့် အခြားအမျိုး သားနှစ်ဦးကို သြဂုတ် ၁၆ ရက် ညဥ့်နက်ပိုင်းတွင် ပြောက်ကျားဝတ်စုံဝတ်ထားသော လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

ပြောက်ကျားဝတ်လက်နက် ကိုင်အဖွဲ့ဝင်အချို့က ဦးဇော်မိုး အိမ်အတွင်း ၀င်ရောက်မွှေနှောက် ရှာဖွေခဲ့ပြီး ဦးဇော်မိုးနှင့် အခြားအ မျိုးသားနှစ်ယောက်ကို ဖမ်းဆီး သွားကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။ ဒေသအတွင်း  နာဂလက်နက်ကိုင်အဖွဲ့ လှုပ်ရှားနေပြီး ဖမ်းဆီးသွားသည့်အဖွဲ့သည်လည်း ယင်းအဖွဲ့ဖြစ်သည်ဟု သတင်းရကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူ သုံးဦးသည် မိသားစုဝင်များနှင့် သြဂုတ် ၁၇ ရက် ညအထိ အဆက်အသွယ်မရ သေးဘဲ ဒေသတွင်းဖြစ်ပွားခဲ့ သည့် ယခုဖြစ်စဉ်အပေါ် စိုးရိမ် ကြောင်း ရွှေကျားကိုက်ကျေးရွာဒေသခံအချို့က ပြောသည်။ သို့ သော် 7Day Daily သတင်းစာက သီးခြားအတည်မပြုနိုင်ပေ။

ခန္တီးမြို့နယ် လင်းဖား ကျေးရွာ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ အမည်မသိလက်နက် ကိုင်အဖွဲ့တစ်ခုက ည ၁ နာရီခန့် တွင် ကျေးရွာအတွင်း ၀င်ရောက် လာ၍ အသက် (၂၀) ကျော်အ ရွယ်၊ (၃၈)နှစ်အရွယ်နှင့် (၄၀)ကျော်အရွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လင်းဖားကျေးရွာရဲစခန်းမှ စခန်း မှူးကပြောသည်။

More in News Section