မုဒိမ်းကျင့်ခံရသည့် အိန္ဒိယ မိန်းကလေးငယ် အသက် ၁၀ နှစ် အရွယ်တွင် မီးဖွား

မုဒိမ်းမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒပြနေသည့် အိန္ဒိယ ကလေးငယ်များ။

အိန္ဒိယတွင် မုဒိမ်းမှု၏ သားကောင် ဖြစ်ခဲ့ရှာသည့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးဖွားခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ ဗဟိုတရားရုံးချုပ်က မိန်းကလေး၏ ကိုယ်ဝန် ဖျက်ချရန် ခွင့်တောင်းမှုကို ပြီးခဲ့သည့်လက ပယ်ချခဲ့သည့်နောက် ယခုလို ကလေးမွေးခဲ့ရခြင်း ဖြစ်သည်။ မိန်းကလေးက သူမအနေဖြင့် မီးဖွားခဲ့မှန်းပင် သေသေချာချာ မသိခဲ့ဟု ဆိုသည်။

ကိုယ်ဝန်ရှိနေစဉ် အတောအတွင်း မိသားစုဝင်များက သူမ၏ ဝမ်းဗိုက် စူဖောင်းလာခြင်းမှာ ကျောက်တုံးတစ်တုံး ရှိနေ၍ဟု လိမ်ညာ ပြောဆိုထားခဲ့ရသည်။

ဩဂုတ် ၁၇ ရက်က ချန်ဒီဂါးရှိ ဆေးရုံတွင် သမီးငယ်လေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။ ကလေး၏ ကိုယ်အလေးချိန် ၅.၅ ပေါင်ရှိပြီး မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာဝန်များက ဆိုသည်။

ကလေးအရွယ်မျှဖြင့် မိခင်ဖြစ်လာသော မိန်းကလေးသည် ခုနစ်လတာအတွင်း ဦးလေးတော်စပ်သူ၏ အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုကို ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ မုဒိမ်းသမားကိုမူ လတ်တလောတွင် ဖမ်းဆီးထားပြီ ဖြစ်သည်။

ဇူလိုင်လလယ်တွင် မိန်းကလေးက ဗိုက်နာသည်ဟု ညည်းတွားသဖြင့် မိဘများက ဆေးရုံသို့ ပို့ဆောင် စစ်ဆေးရာမှ ကိုယ်ဝန်ရှိနေမှန်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

ချန်ဒီဂါးရှိ တရားရုံးက ကလေး၏ ကိုယ်ဝန် ဖျက်ချခွင့် တောင်းခံမှုကို ငြင်းဆန် ပယ်ချခဲ့ပြီးနောက် အထက် တရားရုံးများသို့ တက်ခဲ့သော်လည်း စီရင်ချက်မှာ မပြောင်းလဲခဲ့ချေ။

မွေးဖွားလာသည့် ကလေးငယ်မှာ ၃၅ ပတ် ကိုယ်ဝန်သက်တမ်းမျှသာ ရှိသေးပြီး လမစေ့သေးသဖြင့် အထူးကြပ်မတ်ဆောင်တွင် ရက်ပိုင်းမျှ ထားရှိသွားရမည်ဟု သိရသည်။

အစောပိုင်းတွင် အသက် ၁၀ နှစ်အရွယ် ကလေးမလေး၏ မိဘများက အဆိုပါ မွေးကင်းစ ကလေးနှင့် ပတ်သက်၍ မည်သို့မျှ တာဝန်ယူပေးလိုစိတ် မရှိကြောင်း၊ မျက်နှာပင် မမြင်လိုကြောင်း ပြောဆိုခဲ့ကြသည်ဟု ဒေသခံ သတင်းဌာနများက ဖော်ပြခဲ့သည်။

ကလေးမလေး ကိုယ်ဝန်ဖျက်ချခွင့် ငြင်းပယ်ခံရသော ကိစ္စသည် အိန္ဒိယ သတင်းဌာနများ၏ ခေါင်းကြီးသတင်း ဖြစ်ခဲ့သလို အငြင်းအခုံ အခြေအနေများစွာ ပေါ်ပေါက်ခဲ့သည်။ အိန္ဒိယ ဥပဒေများအရ မိခင်ဖြစ်သူ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဆရာဝန်များ၏ ထောက်ခံမှု မပါရှိသ၍ သီတင်းပတ် ၂၀ အထက် ကိုယ်ဝန်ကို ဖျက်ချခွင့် မရှိချေ။

သို့သော် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အဆိုပါ ဥပဒေကို ပြင်ဆင် ပြောင်းလဲရန် တောင်းဆိုမှုများ ပေါ်ပေါက်လာပြီး အထူးသဖြင့် မုဒိမ်းကျင့်ခံရသည့် ကလေးများ၏ ဆွေမျိုး မိဘများက အဓိက ဖိအားပေး ဆော်ဩလာကြခြင်း ဖြစ်သည်။

ကလေးအခွင့်အရေး အဖွဲ့အစည်းများက ယခုဖြစ်စဉ်တွင် မိခင်မိန်းကလေးမှာ အသက် ၁၀ နှစ်မျှသာ ရှိသေးပြီး လုံးဝဥဿုံ အပြစ်ကင်းစင်ကြောင်း၊ သူမ၏ ဘဝအခြေအနေ မည်သို့ ဖြစ်ပျက်နေသည်ကိုပင် ရေရေရာရာ နားမလည်နိုင်ရှာကြောင်း ထောက်ပြကြသည်။

မိန်းကလေးမှာ ပြည့်ပြည့်ဝဝနှင့် ကျန်းကျန်းမာမာ ရှိနေသဖြင့် ကိုယ်ဝန်ဆောင် အစောပိုင်း လများအတွင်း မိဘများကလည်း သတိမမူမိကြဟု ဆိုသည်။ ထို့အပြင် အသက် ၁၀ နှစ်မျှသာ ရှိသေးသည့်အတွက် ကိုယ်ဝန်ရှိနေမည်ဟု စဉ်းပင် မစဉ်းစားမိခဲ့ကြောင်းလည်း ၎င်းတို့က ဝန်ခံခဲ့ကြသည်။

Ref: BBC