သမ္ဗုဒ္ဓေရွတ်မလား၊ တံခါးထပိတ်မလား

(၁)

ဟစ်တလာ(Hitler) ဆိုရင် မသိ သူမရှိပါဘူး။ ကမ္ဘာပေါ်မှာ အဆိုး ယုတ်ဆုံး၊ ဖက်ဆစ်စနစ်ဆိုးနဲ့ ဟစ်တလာကိုတွဲပြီး သိကြတယ်။ ဂျူးလူမျိုးခြောက်သန်းကျော်ကို သတ်ဖြတ်ခဲ့တဲ့သူအဖြစ်နဲ့ အမှတ် ရနေကြတယ်။ ဒုတိယကမ္ဘာစစ် ကို ဖြစ်ပွားစေသူအဖြစ် ကင်ပွန်း တပ်ထားကြတုန်းပဲ။ အဲဒီလောက် ဆိုးရွားလွန်းလှတဲ့ အာဏာရှင် ဟစ်တလာဟာ အဲဒီလိုဆိုးယုတ် ခွင့်ဘာကြောင့်ရသွားသလဲဆို တာ စဉ်းစားကြည့်ဖို့ကောင်းတယ်။ အချိန်တိုတိုအတွင်းမှာ တကယ့် ကိုပြိုင်စံရှားခေါင်းဆောင် တစ် ယောက်ဖြစ်လာပြီး သူ့နောက်မှာ လည်း ထောက်ခံသူတွေ တစ်ပုံ တစ်ပင်နဲ့ ဖြစ်သွားတာက အ တော် အံ့သြဖို့ ကောင်းပါတယ်။ တခြားအချက်အလက်၊ အခြေအ နေတွေရှိနေသေးပေမယ့် သေချာ တာကတော့ ဟစ်တလာဟာ လူ သားတွေရဲ့ ကြောက်ရွံ့စိုးထိတ်မှု (Fear) ကို အသုံးချပြီး သူလုပ်ချင် တာတွေကို လုပ်သွားတယ်ဆိုတာ ပါပဲ။

ဟစ်တလာတစ်ယောက် အ တော်လေးခေါင်းထောင်ထလာ နိုင်ခဲ့တဲ့ အချိန်ကတော့ ၁၉၃၀ ပြည့်လွန်နှစ်တွေ ဖြစ်ပါတယ်။ အဲဒီကာလတွေမှာ ဂျာမနီနိုင်ငံရဲ့ အကြီးအကဲက သမ္မတဟင်ဒန် ဘာ့ခ်ျ(Hindenburg) ဖြစ်ပါ တယ်။ ဂျာမနီရဲ့ ဖွဲ့စည်းပုံအရ သမ္မတဆိုတာနိုင်ငံမှာ အကြီးဆုံး ရာထူးဖြစ်ပေမယ့် အာဏာတ ကယ်မရှိပါဘူး။ ပွဲတက်ရုံသက် သက်ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မ တက အစိုးရအဖွဲ့ရဲ့ အကြီးအကဲ ဖြစ်တဲ့ အဓိပတိ(Chancellor) ကို တော့ ခန့်အပ်ခွင့်၊ ဖယ်ရှားခွင့်ရှိ ပါတယ်။ သမ္မတဟင်ဒန်ဘာ့ခ်ျ က ဟစ်တလာ(Hitler) ကို အဓိ ပတိအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အကြောင်းကတော့ သူကဟစ်တ လာကို ကြိုးကိုင်ခြယ်လှယ်နိုင် မယ်လို့ ထင်လို့ပါ။ နောက်ပိုင်းမှာ ဟစ်တလာက အတော်လေးဆိုး သွမ်းလာတာကို သိလာပေမယ့်၊ သမ္မတရဲ့ အခွင့်အာဏာအရ အ ဓိပတိဟစ်တလာကို ဖြုတ်ပစ်လို့ ရပေမယ့် မဖြုတ်ပစ်ခဲ့ပါဘူး။ အ ကြောင်းက ဟစ်တလာနောက် ကွယ်က အဖွဲ့အစည်းတွေအင် အား ကောင်းနေပြီမို့ ဟစ်တလာ ကို ဖြုတ်ချလိုက်တာနဲ့ အဲဒီအဖွဲ့ တွေက သမ္မတကိုပြန်ပြီး ဒုက္ခပေး မှာကို ကြောက်ရွံ့စိုးရိမ်လို့ပါ။ ကံဆိုးချင်တော့ ၁၉၃၄ မှာ သမ္မ တဟင်ဒန်ဘာ့ခ်ျသေဆုံးသွားပြီး ဟစ်တလာက သူ့ကိုယ်သူ သမ္မ တအဖြစ်ကြေညာပါတယ်။ သူ့ ကိုဖြုတ်မယ့်သူလည်း မရှိတော့ တာကြောင့် ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းပါတော့တယ်။

ဟစ်တလာက ပြည်သူကို လည်း အကြောက်တရားနဲ့ပဲ သူ့ ကို ထောက်ခံလာအောင် ဆောင် ရွက်ခဲ့တာပါ။ ဂတ်စတာပို (Ges-tapo)၊ SS နဲ့ SA တို့လို လက်ကိုင်တုတ်တပ်ဖွဲ့တွေကိုသုံးပြီး ပြည်သူကို အကြောက်တရား လွှမ်းမိုးစေခဲ့ပါတယ်။ တော်လှန်ပုန်ကန်ဖို့ ကြိုးစားခဲ့တဲ့သူတွေကိုလည်း အပြင်းအထန် နှိပ်ကွပ်ပြီး နောက်ထပ် တော်လှန်ရေးသမားတွေ ထပ်ပြီးပေါ်ပေါက်မလာရဲ တော့အောင် ခြောက်လှန်ခဲ့ပါတယ်။ အဲဒီလို ကြောက်ရွံ့စိုးရိမ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ဖြစ်ပေါ်စေခြင်းအားဖြင့် သူ့ရဲ့ရန်သူတော်တွေသာမကဘဲ သူ့ကိုထောက်ခံသူတွေကပါ ကြောက်ရွံ့လာပြီး ကြိုက်ကြိုက်၊ မကြိုက်ကြိုက် နောက်ကလိုက်ရတဲ့ အနေအထား ဖြစ်သွားပါတော့တယ်။

ဒါဖြင့် ဟစ်တလာအ ကြောက် တရားနဲ့ ထိန်းချုပ်တာ ဂျာမနီသမ္မ တဟင်ဒန်ဘာ့ခ်ျနဲ့ ဂျာမန်ပြည် သူတွေပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒုတိယကမ္ဘာစစ်မဖြစ်မီမှာ ကတည်းက ဟစ်တလာကို ထိန်း

ချုပ်မယ်ဆိုရင် နိုင်ငံတကာက ၀ိုင်းပြီးထိန်းချုပ်နိုင်ပါလျက် ဘာကြောင့် မထိန်းချုပ်ခဲ့တာလဲ ဆို တာကလည်း စဉ်းစားစရာပါ။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ် ကြောင့် နိုင်ငံအတော်များများအ နေနဲ့ နိုင်ငံတကာအရေးထက် ကိုယ့်ပြည်တွင်းရေးကို ကိုယ်အာ ရုံစိုက်နေရချိန်မို့ ဟစ်တလာကို အလေးမစိုက်ခဲ့ကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့သော် ပထမကမ္ဘာစစ်ပြီးခါစ စီးပွားပျက်ကပ်ရှိနေချိန် ဟစ်တလာ ကိုသွားထိန်းလိုက်ရင် စစ်ပွဲထပ်ဖြစ်ဖို့ တွန်းအားပေးသလိုဖြစ်မှာ စိုးရိမ်ပြီး မထိရဲ မတို့ရဲ ဖြစ်တာ လည်းတစ်ကြောင်း ပါပါတယ်။ နိုင်ငံကြီးတွေရဲ့ ကြောက်ရွံ့စိုးရိမ် မှုကိုပါ အသုံးချပြီး ဟစ်တလာ ဟာ မိုက်ချင်တိုင်း မိုက်ခွင့်ရခဲ့ပါ တယ်။

  ကြောက်ရွံ့ စိုးရိမ်ပူပန်မှု (Fear) ဆိုတာ ကျော်လွှားဖို့ အ တော်လေးကိုခက်ခဲတဲ့ စိတ်အခြေ အနေတစ်ခု ဖြစ်ပါတယ်။ ဂျာမနီ သမိုင်း၊ ကမ္ဘာ့သမိုင်းမှာတော့ ဟစ်တလာဟာ အများတကာရဲ့ ကြောက်ရွံ့စိုးရိမ်ပူပန်မှုကို အသုံး ချပြီး အာဏာကို တစ်ဦးတည်းပိုင် လုပ်ခဲ့ပါတယ်။

(၂)

လာ့ဗီးဂတ်စ် (Las Vegas) က လောင်းကစားရုံတွေမှာ အမေ ရိကန်သမ္မတ ဒေါ်နယ်ထရန့် (Donald Trump) တစ်ယောက် ဘယ်တော့လောက် ဖြုတ်ချခံရမ လဲဆိုတာကို ကြေးဖွင့်ပြီး အ လောင်းအစားလုပ်နေကြတယ်လို့ သိရပါတယ်။ လပိုင်းအတွင်းမှာ လူထုထောက်ခံမှုထိုးဆင်းနေတဲ့ ဒေါ်နယ်ထရန့်လို လူတစ်ယောက် အိမ်ဖြူတော်ကို သမ္မတအဖြစ် ဘယ်လိုရောက်လာသလဲဆိုတာ ကလည်း အတော့်ကိုစဉ်းစားစ ရာပါ။ အမေရိကန်လိုလူမျိုးပေါင်းစုံ စုပေါင်း နေထိုင်တဲ့ နိုင်ငံမှာ လူဖြူလူမျိုးကြီးဝါဒီတစ်ယောက် သမ္မတဖြစ်လာဖို့၊ ကမ္ဘာပေါ်မှာ သူတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို အောင် လံထူထားချင်တဲ့ အမေရိကန်နိုင် ငံမှာ အပြောအဆိုမယဉ်ကျေး၊ နေပုံ၊ ထိုင်ပုံ အချိုးမကျတဲ့သူတစ်ယောက် သမ္မတဖြစ်လာဖို့ ဘယ် လိုအချက်က တွန်းအားပေးခဲ့တာလဲဆိုတာကလည်း အတွေးနယ်ချဲ့ဖို့ လိုအပ်တယ်။ စိတ်ပညာနဲ့ ပတ်သက်ပြီး နားလည်တတ်ကျွမ်း တဲ့ သူတွေကတော့ ထရန့်တစ် ယောက် အိမ်ဖြူတော်မှာ တာဝန် ထမ်းဆောင်ခွင့်ရဖို့အတွက် ရွေး ကောက်ပွဲမဲဆွယ်ရာမှာ ကြောက် ရွံ့စိုးရိမ်ပူပန်မှု (Fear) ကို ဗျူဟာ မြောက်စွာ သုံးစွဲခဲ့တယ်လို့ ဆိုကြ ပါတယ်။ သူကဟစ်တလာလို ထောက်လှမ်းရေးအဖွဲ့တွေ၊ လက် ကိုင်တုတ် SS တို့ SA တို့လို အဖွဲ့ တွေနဲ့ ခြောက်လှန့်ခဲ့တာတော့ မဟုတ်ပါဘူး။

ထရန့်အနေနဲ့ လူတွေရဲ့ အတွေးတွေထဲမှာ စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုတွေကို သူ့ရဲ့ထိမိလှ တဲ့ စကားလုံးတွေနဲ့ မျိုးစေ့ချပေး ခဲ့ပါတယ်။ You are going to have more World Trade Centers.(ကမ္ဘာ့ကုန်သွယ်ရေး အဆောက် အအုံ အကြမ်းဖက်တိုက်ခိုက် ခံရတာမျိုး ခင်ဗျားတို့ ပိုပြီး ကြုံ လာရဦးမယ်)ဆိုတဲ့ ခြောက်လုံးမျိုး ကို သုံးခဲ့သလို When Mexico sends its people, they're not sending their best. They're bringing drugs: they're bringing crime. (မက္ကဆီကန်တွေ ပေးဝင်လိုက်ရင် လူကောင်းတွေ တော့ လာမှာမဟုတ်ဘူး။ မူးယစ် ဆေးဝါးတွေ ပါလာမယ်။ ဒုစရိုက် မှုတွေပါလာမယ်) ဆိုတာမျိုး လည်း ခြောက်လှန့်ခဲ့ပါတယ်။

 ခြောက်လှန့်မှုကြောင့် ကြောက်ရွံ့စိုးထိတ်မှုတွေ ဖြစ်လာ တဲ့အခါ နောက်ကပါလာတာက တော့ ဒေါသနဲ့ မုန်းတီးမှုဖြစ်ပါ တယ်။ ထရန့်ရဲ့ ခြောက်လုံးတွေ ကို မျောသွားတဲ့သူတွေက မက္ကဆီ ကန်တွေကို မုန်းလာပါတယ်။ တရုတ်ကိုဒေါသဖြစ်လာပါတယ်။ ‘အမေရိကန်သာ ပထမ’ ဆိုတဲ့ စကားလုံးကိုသုံးပြီး ဒေါသဖြစ်လာ နေတဲ့သူတွေကို ကမ္ဘာကြီးကနေ ခွဲခြားထုတ်လိုက်ခြင်းအားဖြင့် အဲဒီလူတွေမှာ ကူကယ်ရာမဲ့တဲ့ စိတ်အခြေအနေကို ဖြစ်ပေါ်စေပါ တယ်။ အဲဒီအချိန်ကျမှ ထရန့်က သူသာလျှင် ကယ်တင်နိုင်မယ့်သူ အဖြစ် စည်းရုံးတော့တာပါပဲ။ No one else will keep you safe . (ဘယ်သူမှ ခင်ဗျားတို့ကို ကယ် တင်နိုင်မှာ မဟုတ်ဘူး)၊ Make America Great Again (အမေ ရိကန်ကို ပြန်လည်ကြီးကျယ်လာ အောင် ဆောင်ရွက်ကြပါစို့)စတဲ့ ဇာတိသွေး၊ ဇာတိမာန်တက်ကြွ စေတဲ့ စကားလုံးတွေနဲ့ မဲဆွယ်ခဲ့ တာပါပဲ။ ဒီလိုနဲ့ပဲ ထရန့်တစ် ယောက်သူများတွေရဲ့ ကြောက် ရွံ့မှုကို အသုံးချရင်း အိမ်ဖြူတော် ကို ရောက်သွားခဲ့ရပါတယ်။

(၃)

ကြောက်ရွံ့စိုးထိတ်မှု (Fear)ဆိုတာ အတော်လေး ထူးဆန်း တဲ့ စိတ်အခြေအနေ တစ်ခုပါ။ ကြောက်လာပြီဆိုရင်၊ ပူပန်လာပြီ ဆိုရင် တခြားဘာကိုမှ မမြင်နိုင် တော့ပါဘူး။ နောက်ပြီး ကြောက် ရွံ့ပူပန်လာပြီဆိုရင်၊ မိမိရဲ့ကိုယ် ပိုင်တွေးခေါ် မြော်မြင်နိုင်စွမ်းတွေ ပါ ပျောက်ဆုံးကုန်ပါတော့တယ်။ ညဘက်တိတ်ဆိတ်နေတဲ့ အခန်း တစ်ခုတည်းမှာ တစ်ယောက်တည်း နေတုန်း အသံတစ်သံကြားတယ် ဆိုပါစို့။ ကြောက်တတ်တဲ့သူ အတော်များများဟာ အဲဒီအသံ ဘယ်ကလာသလဲဆိုတာကို စူး စမ်းဖို့ထက် အဲဒီအသံကပေးလာ မယ့် အန္တရာယ်ကနေ ကိုယ့်ကိုယ် ကိုယ် ကာကွယ်ဖို့အာရုံပိုထားလေ့ ရှိပါတယ်။ လေတိုးသံခပ်ကြမ်း ကြမ်းကြားရင် တံခါးထပိတ်ဖို့ ထက် သမ္ဗုဒ္ဓေရွတ်ဖို့ အဓိကထား ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာ ကွယ်ချင်တဲ့သူတွေက အာဏာလို ချင်တဲ့သူတွေရဲ့ ထောင်ချောက် ထဲကို တည့်တည့်ဝင်တိုးတော့တာ ပါပဲ။

အတိတ်သမိုင်းကို ပြန်လှန် ကြည့်ချင်ရင် ဟစ်တလာ့လက် အောက်က ဂျာမနီကိုကြည့်ပါ။ မျက်မှောက်ခေတ်ထဲမှာ ရှာကြည့် ချင်ရင်တော့ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲကိုကြည့်ပါ။ သူများ သမိုင်း၊ သူများနိုင်ငံတွေကို လိုက် သာကြည့်ခိုင်းနေရတာ၊ အဲဒီလို ခြောက်လုံး၊ ကြောက်လုံးတွေက ကိုယ်တွေ့တွေ အများကြီးပါ။

ရွေးကောက်ပွဲ သူတို့ပါတီ မနိုင်ရင် နိုင်ငံမှာဆူပူမှုတွေ ဖြစ် နိုင်တယ်လို့ ခြိမ်းခြောက်တာမျိုး လည်း ရှိတယ်။ တစ်ဖက်ပါတီသာ အာဏာရသွားရင် ဘာနိုင်ငံဖြစ် သွားမယ်၊ ညာနိုင်ငံဖြစ်သွားမယ် လို့ ခြောက်လုံးသုံးတာလည်း ရှိ တယ်။ သက်ငယ်မုဒိမ်းမှုတွေ လည်း ဆက်တိုက်ဖြစ်ပြီး သမီး ကလေးမွေးထားသူတိုင်း ဟိုလူ့ မယုံ၊ ဒီလူ့မယုံဖြစ်ခဲ့ကြရတဲ့ အ မျိုးအရင်းကြီးတွေကြားမှာပါ သံသ ယမျက်လုံးတွေနဲ့ ကြည့်ခဲ့ရတဲ့ ကာလလေးတစ်ခုလည်း ရှိခဲ့ဖူး တယ်။ (သိပ်ထူးဆန်းတာက ခဏ နေတော့ အဲဒီကိစ္စတွေ ပျောက် သွားရော) တုပ်ကွေးတွေဖြစ်လာ ပြန်တော့လည်း ပြည်သူတွေ ကြက်သားမစားရဲကြအောင် နည်း မျိုးစုံနဲ့ ခြောက်လှန့်ပြီး နိုင်ငံ့စီးပွား ကို ဖျက်ဆီးကြပြန်ပါတယ်။ အစိုး ရက နိုင်ငံ့တာဝန်အပြည့်ယူရင် တိုင်းပြည်ကာကွယ်ရေးကို စီမံ နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်သန်း တဲ့ လေသံလေးလည်း ကြားရပါ ရဲ့။ အခုနောက်ဆုံးကြားမိတာက တော့ သောက်ရေတွင်းထဲ အဆိပ် ခတ်တဲ့ကိစ္စပဲ။ ရွာတွေမှာ ရေကို စိတ်ချလက်ချ မသောက်ရဲ၊ အ ချင်းချင်းသံသယတွေဖြစ်၊ နောက် ဆုံး မတည်ငြိမ်မှုတွေ ဖြစ်လာစေ ဖို့ ရည်ရွယ်တဲ့ခြောက်လုံးတစ်ခု မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါ တယ်။

အကြံပေးချင်တာကတော့ ခြောက်တိုင်းလိုက်မကြောက်ဘဲ ဘယ်သူက ဘာကြောင့် ခြောက် လှန့်တာလဲဆိုတာကို သေသေ ချာချာ ဖော်ထုတ်ကြဖို့ပါ။ လေ တိုးသံကြားလို့ ကြောက်ပြီး အိပ် မရတဲ့အခါ သမ္ဗုဒ္ဓေရွတ်ဖို့ထက် တံခါးထပိတ်ဖို့ ပိုအရေးကြီးပါ ကြောင်း။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)

Top News