ဆီတုအချက် မြေပဲဆီအခက်

စာအုန်းဆီကို ဓာတုဆေးရော၍ ပြုလုပ်ထားသော ပဲဆီအတုကို ပြသနေစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

တစ်နှစ်လျှင် စားသုံးဆီလိုအပ်ချက်တန်ချိန်တစ်သန်းခန့်ရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆီစက်အားလုံးနီးပါး(၉၀ ရာခိုင်နှုန်းခန့်)ရပ်တန့်သွားပြီဖြစ်သည်။ ဆီအစားကြမ်းသော မြန်မာပြည်တွင် ဆီစက်များကို ဇီဝိန်ခြွေနေသူမှာ ဘယ်အရာဖြစ်ပါသနည်း။

ရွှေမြားမြေပဲဆီစက်ပိုင်ရှင် ဦးထွန်းဝေတစ်ယောက် ဆယ်စုနှစ်တစ်စုခန့်ဆောင်ရွက်ခဲ့သော သူ့စီးပွားရေးလုပ်ငန်းရပ်တန့်သွားမည်ကို စိုးရိမ်နေရပြီဖြစ်သည်။

သူနှစ်သက်၍ တည်ထောင်ခဲ့သော စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး ဖရိုဖရဲအဖြစ်မခံနိုင်၍သာ ကျားကုတ်ကျားခဲ ရုန်းကန်နေရသည်။ ယခုနောက်ပိုင်းနှစ်များအတွင်း ဆီစက်လုပ်ငန်းဈေးကွက် အနေအထားက သူ့စီးပွားရေးတစ် ခုလုံးကို ထိခိုက်လာစေမည်လားဆိုသည့်အတွေးက လူကိုအမြဲဖိစီးနေခဲ့သည်။

ရှမ်းပြည်နယ်တွင် နေထိုင်သော ဦးထွန်းဝေသည် ဆီစက်လုပ်ငန်းကို ၁၉၉၉ ကတည်းက စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ သူလုပ်ငန်းစတင်ချိန်က နေ့စဉ် ၁၁၅ ပိဿာဝင်ဆီပီပါအလုံး ၂၀ ခန့် ထုတ်လုပ်နေပြီး ဆီစက် ခြောက်လုံးဖြင့် လုပ်ငန်းလည်ပတ်ခဲ့သည်။

၂၀၀၅ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ငါးပိဿာနှင့် ၁၁ ပိဿာဆံ့စားအုန်းဆီပုံးများ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည်။ ၂၀၀၈ နောက်ပိုင်းကစတင်ကာ သင်္ဘောများဖြင့် ပြည်ပမှ စားသုံး ဆီကန်များသယ်ယူ၍ ပီပါများဖြင့် ထည့်သွင်းရောင်းချလာချိန်တွင် ပြည်တွင်းဆီစက်လုပ်ငန်းများ၏စီးပွားရေး သိသာစွာထိခိုက်လာသည်။

ထိုအခါ ဦးထွန်းဝေ၏ဆီစက်များတောင့်မခံနိုင်တော့ဘဲ ဆီစက်တစ်လုံးပြီး တစ်လုံးရပ်နားခဲ့ရရာ ယခုအခါတွင် ဆီစက်တစ်လုံးသာ လုပ်ငန်းလည်ပတ်နေသည်။

ယခင်က ၎င်း၏ဆီစက်များတွင် တစ်ရက်လျှင် မြေပဲဆန် ပိဿာငါးထောင်ခန့် ကြိတ်ခွဲခဲ့ရသော်လည်း ယခုအခါ ၁၀ ရက်တွင် မြေပဲဆန် ပိဿာတစ်ထောင်သာကြိတ်ခွဲရသဖြင့် ၎င်းက ညည်းတွားသည်။

ထို့ကြောင့် ၁၀ ရက်အတွက် ဆီပိဿာ ၄၅၀၊ တစ်နည်းအားဖြင့် ဆီပီပါလေးလုံးခန့်သာ ထုတ်လုပ်နေရ၍ လုပ်ငန်းရပ်တန့်လုနီးပါးဖြစ်နေသည်။

အရည်အသွေးကောင်းမွန်သည့် မြေပဲဆန်ပိဿာ ၁၀၀ ကို ဆီကြိတ်လျှင် မြေပဲဆီသန့် ၄၅ ပိဿာခန့်နှင့် လေလွင့်ဆီ ငါးပိဿာခန့်ထွက်ကြောင်း မြေပဲဆီစက်လုပ်ငန်းရှင်များက ဆိုသည်။

မြေပဲဆီကို ဓာတ်ခွဲစမ်းသပ်လျှင် အိုင်အိုဒင်းဓာတ်ပါဝင်နှုန်းမြင့်မားပြီး အက်စစ်ဓာတ်လျှော့နည်းရန်လိုအပ်၍ အိုင်အိုဒင်းဓာတ်အနည်းဆုံး ၉၃ နှင့် အက်စစ်ဓာတ်အများဆုံး အဆင့်(၄)အထိသာ ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ သိရသည်။

ဈေးကွက်တွင် ပျံ့နှံ့နေသည့် မြန်မာပြည်သူအများစုအားထား စားသုံးနေရသော စားသုံးဆီများသည် အဆိုပါ ပါဝင်နှုန်းအတိုင်း ရှိ၊ မရှိ မသေချာပေ။ ထို့ပြင် အဆိုပါ စားသုံးဆီအများစုတွင် ရောနှောဆီများနှင့် ဓာတုဆေးအနံ့ ထည့်သွင်းထားသော ဆီအတုများ ပါဝင်နေသည်။


ပဲဆီအတုဖြစ်၍ ရောင်းချခြင်းတားမြစ်ခံထားရသည့် ဆီတံဆိပ်တစ်ခု၏ ပဲဆီတုနမူနာ (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

၂၀၁၄ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကောက်ယူထားသော ကျန်းမာရေးစစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကူးစက်မဟုတ်သော ရောဂါများအနက် နှလုံးသွေးကြောကျဉ်းရောဂါသည်စုစုပေါင်း သေဆုံးမှု၏ ၂၅ ရာခိုင်နှုန်း၊ ကင် ဆာရောဂါသည် ၁၁ ရာခိုင်နှုန်း၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများသည် ၉ ရာခိုင်နှုန်းနှင့် ဆီးချို၊သွေးချို ရောဂါသည် ၃ ရာခိုင်နှုန်းအသီးသီး ရှိနေသည်။ ထို့ကြောင့် အဆိုပါ ရောဂါလေးခု၏သေဆုံးမှုနှုန်းထား သည် ထိခိုက်ဒဏ်ရာရရှိ၍ စုစုပေါင်းသေဆုံးမှုနှုန်းထားတို့၏ ၄၈ ရာခိုင်နှုန်းရှိနေသည်။

ထိုသို့ ကူးစက်ရောဂါမဟုတ်သည့် ဆီးချို၊သွေးတိုး၊ နှလုံးရောဂါများအဖြစ်များလာမှုသည် နေ့စဉ်စားသုံးနေသော စားသုံးဆီများ နှင့် ဆက်စပ်မှုရှိနေသည်ဟု ဆေးပညာရှင်အချို့က သုံးသပ်သည်။

‘‘အဲဒီလို အနံ့ထည့်ပြီးရောင်းချတာကို တွေ့ရှိမယ်ဆိုရင်တော့ သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး အရေးယူသွားပါမယ်။ အခု ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဲဒီလိုလုပ်နေတဲ့ ဆီဆိုင်လေးခု၊ ငါးခုလောက် တွေ့နေပါတယ်။ ဒါကို လည်း ဆောင်ရွက်သွားဖို့ရှိပါတယ်’’ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာနှင်းနန္ဒာကျော်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ဆီများကို ရောနှောရောင်းချနေသော လက်ကားဆိုင်များနှင့် လက်လီဈေးကွက်များကို ကွင်းဆင်းနမူနာ ကောက်ယူကာ FDA သို့ ပေးပို့စစ် ဆေးမည်ဖြစ်ပြီး လူကို အန္တရာယ် ဖြစ်စေကြောင်း စစ်ဆေးတွေ့ရှိပါ က စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ အရေးယူမည်ဟု စားသုံးသူရေးရာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးလှမော်ဦးက ဆိုသည်။

အဆိုပါစားသုံးသူအကာအကွယ်ပေးရေးဥပဒေ၏အခန်း(၇)၊ ပုဒ်မ ၁၀ ၌ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုသည် သတ်မှတ်စံချိန် စံညွှန်းအရည်အသွေးတို့နှင့် ကိုက်ညီသည်ဟု မမှန်မကန်ဖော်ပြခြင်း၊ ကမ်းလှမ်းထားသော ကုန်စည်မ ဟုတ်ဘဲ အခြားကုန်စည်ကိုအစား ထိုးရောင်းချခြင်းနှင့် ကုန်စည်ကို ပြုပြင်မွမ်းမံ၍ ရောင်းချခြင်း၊ ရော နှောခြင်းတို့ မပြုလုပ်ရန် လုပ်ငန်းရှင်များကို တားမြစ်ထားသည်။

ယင်းပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်သည်။ ထိုသို့ ပြဋ္ဌာန်းထားသော်လည်း လက် ရှိအချိန်ထိ သတိပေးခြင်း၊ ခံဝန်ကထိရေးထိုးစေခြင်း၊ လုပ်ငန်းယာယီပိတ်သိမ်းခြင်း စသည့်နည်းများဖြင့်သာ အရေးယူလျက်ရှိသည်။

မြန်မာနိုင်ငံတွင် စားသုံးဆီလိုအပ်ချက်သည် နှစ်စဉ်တန်ချိန် တစ်သန်းခန့်ရှိ၍ လက်ရှိ ပြည်တွင်းထုတ်လုပ်နိုင်မှုမှာ တစ်နှစ်လျှင် တန်ချိန်လေးသိန်းသာရှိသဖြင့် ကျန်လိုအပ်နေသည့် စားအုန်းဆီတန်ချိန်ခြောက်သိန်းကို ပြည်ပ မှ နှစ်စဉ် တင်သွင်းနေရသည်။

ပြည်ပမှ စားသုံးဆီတင်သွင်း သောအခါ တရားဝင်တင်သွင်းမှု အပြင် နယ်စပ်လမ်းကြောင်းများမှ အရည်အသွေးမပြည့်မီသည့် တ ရားမဝင်ဆီများ ဝင်ရောက်နေသည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် ပဲဆီကို အတုလုပ်ရန် မခက်ခဲလှပေ။ စားအုန်းဆီကို ပဲဆီအနံ့ဓာတုဆေးထည့်၍ ပြုလုပ်ခြင်းဖြစ်သည်။ ယင်းကို မြေပဲဆီသန့်ဟု လိမ်လည်ရောင်းချကြသကဲ့သို့ စားအုန်းဆီထဲတွင် ထပ်ကာတလဲ လဲ ပြန်ကြော်ထားသော ဆီ (ပြန် ကြော်ဆီ)များ ရောနှောရောင်းချမှုများလည်း ရှိသည်။ ထို့အပြင် ပဲဆီနှင့် စားအုန်းဆီရောနှောထားသည့် ဆီကို ပဲဆီတံဆိပ်ကပ်၍ ရောင်းချခြင်းတို့ကိုလည်း ပြုလုပ်လာကြသည်။


ဈေးကွက်၌ ရောင်းချနေသော ပဲဆီကို ခြင်တွယ်နေစဉ် (ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

အဆိုပါတရားဝင်နှင့် တရား မဝင် ဝင်ရောက်လာသော စားအုန်းဆီနှင့် အခြားစားသုံးဆီများ ရောနှောကာ မြေပဲဆီအစစ်တံ ဆိပ်ကပ်၍ ရောင်းချနေသည့်အမှတ်တံဆိပ် ၁၈ ခုကို ၂၀၁၅ တွင် အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာန (FDA) က ဈေး ကွက်အတွင်း တွေ့ရှိခဲ့၍ စားသုံး ရန်မသင့်တော်ကြောင်း  ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေ ညာခဲ့သည်။

၂၀၁၅ သြဂုတ်တွင် မြေပဲဆီ အစစ်တံဆိပ်ကပ်ထားသည့် ဆီ ၁၀ မျိုးသည် ရောနှောဆီပါဝင်ပြီး စံနှုန်းဖြင့် မညီသဖြင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စားသုံးသူအငြင်းပွား မှုဖြေရှင်းရေးကော်မတီက နိုင်ငံ ပိုင်သတင်းစာများ၌ ထုတ်ပြန် ကြေညာခဲ့သည်။

ဘေးအန္တရာယ်ရှိ စားသုံးဆီများ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူး သူနှစ်ဦးကို ၂၀၁၆ နိုဝင်ဘာတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏စစ်ဆေးဖော်ထုတ်ချက်ဖြင့် သက်သေခံပစ္စည်းများကို ဗီဒီယိုမှတ်တမ်းများဖြင့် တင်ပြကာ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ခေါ်ယူတွေ့ဆုံသတိပေးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

ဆီစက်လုပ်ငန်းရှင်နှစ်ဦးသည် အင်းစိန်မြို့နယ်နှင့်လှိုင်သာယာစက်မှုဇုန်တွင် ဆိမ့်ဆိမ့်စမ်း နှင့် ရွှေမျှားတံဆိပ်ဖြင့် စားအုန်းဆီများကို အနံ့သွင်းကာ မြေပဲဆီအဖြစ် ထုတ်လုပ်ရောင်းချနေ၍ ရန်ကုန်တိုင်းစားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးကော်မတီမှ တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်။

‘‘သူတို့ကို ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်။ သူတို့တွေ ထုတ်လုပ်နေတာ ခန့်မှန်းခြေ နှစ် ပိုင်းလောက်ရှိနေပါပြီ။ ထပ်မထုတ်ဖို့နဲ့ ဈေးကွက်ထဲကပြန်သိမ်းဖို့ လက်မှတ်ထိုးခိုင်းတာပါ။ တစ် နိုင်ငံလုံး အဲဒီလိုလုပ်နေကြတာပါ။ ထပ်မလုပ်ဖို့ပြောတယ်။ အခုတောင် လုပ်နေတဲ့သူတွေက မရပ်သေးပါဘူး။ ပြစ်မှုနဲ့ပြစ်ဒဏ်က နည်းနေသေးတာကိုး’’ဟု မြန်မာ နိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးခင်စိုးက ပြောသည်။

သို့ရာတွင် ဓာတုဆေးအနံ့ ထည့်သွင်းထားသော မြေပဲဆီအတုများ စားသုံးဆီဈေးကွက်အ တွင်း ၂၀၁၂ ကတည်းက ပျံ့နှံ့နေသော်လည်း ယခုအချိန်အထိ ထိ ရောက်စွာ အရေးမယူနိုင်သေးကြောင်း ဦးခင်စိုးက ပြောသည်။

‘‘မြန်မာနိုင်ငံ အမျိုးသားအကျိုးစီးပွားတစ်ခုလုံးကို ဝိသမသမားလက်တစ်ဆုပ်စာ ဓာတုအနံ့ရောင်းတဲ့ ၂၆ လမ်း၊ ၂၇ လမ်း၊ ကုန်ဈေးတန်းလမ်း၊ သိမ်ကြီးဈေး(A)ရုံမှာရှိတဲ့ ဆိုင် ၆၀ လောက်က ခြယ်လှယ်နေတာကိုတော့ အံ့သြနေမိတယ်’’ဟု ဧရာ ဝတီမြေပဲဆီစက်ပိုင်ရှင်လည်းဖြစ် သူ ဦးခင်စိုးက ပြောသည်။

မြေပဲဆီအတု ပြုလုပ်ရာတွင် အသုံးပြုသော တရုတ်နိုင်ငံထုတ်ဓာတုဆေးအနံ့ဆီကို ရန်ကုန်မြို့ ကုန်ဈေးတန်းလမ်းရှိ သိမ်ကြီးဈေး (A)ရုံသို့ 7Day သတင်းထောက်က သွားရောက်၍ အလေးချိန်တစ်အောင်စ ဝယ်ယူခဲ့သည်။ ထို့နောက် ဆီစက်ပိုင်ရှင်တစ်ဦး၏ လမ်းညွှန်ချက်အရ ယင်းဓာတုဆေးအနံ့ဆီအနည်းငယ်ကို စားအုန်းဆီနှင့် ရောနှောစမ်းသပ် ကြည့်သောအခါ မြေပဲဆီအစစ်ထက် စူးရှသော မြေပဲအနံ့များ ထွက်ပေါ်လာသည်ကို တွေ့ရသည်။

ထို့နောက် ဆီထဲသို့ ဆပ်ပြာမှုန့်များ ထည့်သွင်းသောအခါ ယခင်ကထက် ကြည်လင်သွားပြီး ဆပ်ပြာမှုန့်များ အနည်ထိုင်သွားသည်။ ထိုအခါ ဈေးကွက်တွင် မြေပဲဆီအစစ်တံဆိပ်ကပ်၍ ရောင်းချရန် အသင့်ဖြစ်ပြီဖြစ်သည်။

အဆိုပါ ဓာတုဆေးအနံ့ဆီကို ကုန်ဈေးတန်းလမ်းရှိ ကုန်စုံဆိုင်များသည် တစ်အောင်စလျှင် ကျပ် ၁,၅၀၀ နှုန်းဖြင့် ရောင်းချသည်။ သုံးပေါင်ခွဲပါသော ဘူးတစ်ဘူးလျှင် ကျပ်နှစ်သောင်းခွဲ ဖြင့် ရောင်းချပြီး ယင်းပလတ်စတစ်ဘူး ၁၀ ဘူးလျှင် ကျပ်နှစ်သိန်းခန့် ဖြင့် ဈေးနှုန်းညှိနှိုင်းကာ တစ်နိုင်ငံလုံးသို့ ဖြန့်ချိနေကြောင်း ဈေးကွက်အတွင်း စုံစမ်းချက်များအရ သိရသည်။

ယင်းမြေပဲဆီအနံ့ ဓာတုဆေး နှစ်ပေါင်ကျော် ထည့်သွင်းပါက စားအုန်းဆီ ပီပါငါးလုံးခန့်သည် မြေပဲဆီအနံ့များ ဖုံးလွှမ်းသွားကြောင်း သိရသည်။

အဆိုပါ ဓာတုဆေးအနံ့ဆီများကို ရောင်းချသော ကုန်စုံဆိုင် ၆၀ ခန့်ကို အရေးယူပေးရန် ၂၀၁၄ က တောင်းဆိုခဲ့သော်လည်း ယနေ့တိုင် အရေးယူခြင်းမရှိသေးကြောင်း ဦးခင်စိုးက ပြောသည်။

အချို့သော မြေပဲဆီစက်ပိုင်ရှင်များကိုယ်တိုင် စားအုန်းဆီများဝယ်ယူကာ ဓာတုဆေးများထည့်သွင်းပြီး ဈေးကွက်အတွင်း မြေပဲဆီအဖြစ် ပြန်လည်ရောင်းချနေကြောင်း ဦးခင်စိုးက ပြောသည်။

လက်ရှိတွင် ဆီအတုများ၏ဂယက်ကြောင့် ၎င်း၏ ဆီစက်လုပ်ငန်းနှင့် ဆီင်္စက်အလုပ်သမားများ ရပ်တည်ရေးခက်ခဲနေပြီဟု ဦးခင်စိုးက ညည်းတွားသည်။

ရန်ကုန်တိုင်းတွင် ဓာတုဆေး ဖြင့် မြေပဲဆီ၊ နှမ်းဆီအနံ့ရအောင် ပြုပြင်ထားသည့် စားအုန်းဆီ၊ ပြန် ကြော်ဆီများကို စားသုံးနေသူ ၇၀ ရာခိုင်နှုန်း၊ စားအုန်းဆီနှင့် ရော နှောထားသည့် မြေပဲဆီ၊ နှမ်းဆီ စားသုံးနေသူ ၂၀ ရာခိုင်နှုန်းနှင့် ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီအစစ် စားသုံးသူ ၁၀ ရာခိုင်နှုန်းသာရှိ ကြောင်း ၂၀၁၆ အောက်တိုဘာက ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ ဈေးကွက်လေ့လာသုံးသပ်ချက်တွင် ဖော်ပြထားသည်။

ဈေးကွက်အတွင်း ရောင်းချ နေသော မြေပဲဆီဘူးနှင့် ပုံးများပေါ်တွင် FDA ထောက်ခံချက်အမှတ် ထင်ရှားစွာ ဖော်ပြထားသည့် မြေပဲဆီစစ်စစ်များကို စိတ်ချစွာ ဝယ်ယူစားသုံးနိုင်ကြောင်း မြေပဲဆီ ဆီစက်ပိုင်ရှင်များက ပြော သည်။

ထို့ကြောင့် စားသုံးဆီဈေးကွက်အတွင်း ဆီတုများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိ၍ ပုဂ္ဂလိကဆီစက်သုံးထောင်ကျော်၏ ၉၀ ရာခိုင်နှုန်းကို ယခုနှစ်အတွင်း ပိတ်သိမ်းခဲ့သည်။

မြေပဲဆီစက် သုံးရာခန့်သာ ကျန်ရှိပြီး မြေပဲဆီသန့်တစ်ပိဿာ လျှင် လက်ကားဈေး ကျပ် ၄,၅၀၀ဖြင့် ရောင်းချိန်တွင် ဆီတုတစ်ပိဿာလျှင် လက်လီဈေးနှုန်း ကျပ် ၂,၀၀၀ ဖြင့် ရောင်းချနိုင်သည်က ဆီအစစ်ရောင်းချသူများ လုံးဝ မယှဉ်နိုင်သည့် အချက်ဖြစ်သည်။

ထို့ကြောင့် ဈေးကွက်အတွင်းရှိ ကျန်းမာရေးနှင့်မညီညွတ်သော ရောနှောဆီများနှင့် ဓာတုအနံ့ဆီများကို ထိထိရောက်ရောက် မဖမ်းဆီးနိုင်ပါက လက်ကျန်ဆီစက်များ ပိတ်သိမ်းရနိုင်ကြောင်း မြင်းခြံမြို့ ၉၉၉ ဆီစက်ပိုင်ရှင်၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း အတွင်းရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။

ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းဟန်က ‘‘လူဦးရေတိုးတက်တာရယ်၊ ပြည်ပက ဆီထွက်သီးနှံဝယ်လိုအားများလာတာရယ်၊ ပြည်တွင်းက ဆီထုတ်လုပ်မှု ကျလာတာကြောင့် ပြည်တွင်းစားသုံး ဆီသုံးစွဲမှု များပြားလာပြီး စားသုံးဆီ မလုံလောက်တာတွေကြောင့် ပြည်ပက စားသုံးဆီတွေကို တင်သွင်းရခြင်း၊ နည်းမျိုးစုံနဲ့ ထုတ်လုပ်ဖြန့်ဖြူးခြင်းတွေရှိကြောင်း တွေ့ရှိရပါတယ်’’ဟု ကျန်းမာရေး နှင့် ညီညွတ်သော စားသုံးဆီထုတ် လုပ်ဖြန့်ဖြူးသုံးစွဲမှုဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

FDA အနေဖြင့် စားအုန်းဆီပါဝင်သည့် ရောနှောဆီများကို ရောင်းချခွင့်ပြုရန် မသင့်ကြောင်း တစ်နှစ်သက်တမ်းရှိ ရွှေကြိုးကြာဆီစက်လုပ်ငန်းမှ ကိုအောင်မင်းသန်းက ဆိုသည်။

ဆီစက်များ ဆက်လက်ရပ်တည်နိုင်ရန် မြေပဲစိုက်တောင်သူများနှင့် ပူးပေါင်းကြိုးစားနေသော်လည်း မြေပဲဆီစက်များ ဆက်လက်မရပ်တည်နိုင်တော့သည့် အခြေအနေဆက်လက်ဖြစ်ပေါ်နေပါက အရေးယူပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုက်ရိုက်တိုင်ကြားမည်ဖြစ်ကြောင်း ဦးခင်စိုးက ဆိုသည်။

ယခင်က အလုပ်သမား ၁၅ ဦးနှင့် နေ့ရောညပါ လည်ပတ်ခဲ့သည့် ရွှေမြားဆီစက်လုပ်ငန်းသည် ယခုအချိန်တွင် အချိန်ပိုင်းအလုပ်သမားတစ်ဦးသာ ကျန်ရှိပြီး လုပ်ငန်းလည်ပတ်နိုင်ရန် ကြိုးစားရုန်း ကန်နေသည်။

‘‘ကျွန်တော့်ဆီမှာ မိသားစုလို ခင်မင်နေတဲ့ သူတစ်ယောက်ပဲ ရှိတော့တယ်။ သူ့ကိုလည်း အလုပ်ပုံမှန်မပေးနိုင်တော့ဘူး။ အချိန်ပိုင်းအလုပ်လို ဖြစ်နေတယ်။ အခု သူလည်း အလုပ်သစ်ရှာနေပြီ’’ဟု ဦးထွန်းဝေက ညည်းတွား သည်။။

Top News