သမ္မတလည်းအရေးမပါ သမ္မတကတော်ဆိုတာလည်း အရေးမကြီး

(တစ်)

ယခုနှစ်အတွင်း ပါရဂူဘွဲ့ရ အင်္ဂလိပ်စာပညာရှင်တစ်ဦး ကွယ် လွန်အနိစ္စရောက်သွားခဲ့ရသည့် သတင်းကို သတင်းစာ စာမျက်နှာ များပေါ်မှာရော၊ On Line ပေါ်မှာ ရော၊ လူတစ်ယောက်နှင့်တစ် ယောက် အာလာပသလ္လာပစကား စမြည် ပြောကြားမှုများပေါ်မှာရော ကျွန်တော် တွေ့သိမြင်ကြားခဲ့ပြီးဖြစ်ပါသည်။ ပညာတတ်၊ ပညာရှင်တစ်ဦး ကွယ်လွန်ခြင်းဖြစ်သည့်အတွက် နှမြောမိသည်က အမှန်ပဲဖြစ်ပါသည်။ သို့သော် ရင်းရင်းနှီးနှီးကြီး မဟုတ်လှသည့်အတွက် စိတ်ထဲ၌ ထိထိခိုက်ခိုက်ကြီးတော့ကား မဟုတ်လှပါ။

သို့ဖြင့် ထုံးစံအတိုင်းကွယ် လွန်အနိစ္စရောက်ကြောင်း သတင်းတို့ ပလူပျံအောင် ထွက်ပေါ်လာပြီးသည့်နောက် သတင်းစာမျက်နှာ များပေါ်တွင် ဝမ်းနည်းကြေကွဲ ကြောင်း လူမှုရေးကြော်ငြာတို့က ဆက်တိုက်ကြီးဆိုသလိုပင် ပါဝင် လာကြပါတော့သည်။ တောင် ဖတ်၊ မြောက်ဖတ် လျှောက်ဖတ် နေမိရင်းက တစ်နေရာကိုရောက် တော့ ကျွန်တော့်စိတ်ထဲ ထိထိ ခိုက်ခိုက်ကလေး ဖြစ်သွားပါသည်။

ဆရာကြီး ကွယ်လွန်အနိစ္စ ရောက်သည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ စိတ်ထိခိုက်ကြေကွဲ ရပါကြောင်း ကြော်ငြာကလေး တစ်ကွက်မျှသာ ဖြစ်ပါသည်။ သို့ သော် အောက်တွင်ဖော်ပြထား သည့် တပည့်များ၏ နာမည်များကို ကြည့်လိုက်သည့်အခါ ကျွန်တော် စိတ်လှုပ်ရှားသွားပါသည်။ အမျိုး သမီးနာမည်တွေချည်းငါးယောက်။ ကိုယ်နှင့်ရင်းနှီးသည့် နာမည်များ။ တစ်ဦးတစ်ယောက် ရှေ့တွင်မှ ‘ဒေါ်’တို့၊ ‘မ’တို့ မပါ။ ဘွဲ့တွေ၊ ဒီဂရီတွေ ကွင်းစကွင်းပိတ်ဖြင့် ဖော်ပြထားခြင်းမရှိ။ ပါမောက္ခချုပ်တွေ၊ ပါမောက္ခတွေ၊ လက်ရှိ တာဝန်ထမ်းဆောင်နေသူတွေရော၊ အငြိမ်းစားယူခါစလူတွေရော ပါပါလျက် တစိုးတစိမျှမဖော်ပြ။ ဥပမာခင်မေဝင်း၊ စိုးစိုးမြင့်၊ သီတာအေးဆိုသည်မျိုး။

ဒါကို ကျွန်တော့်စိတ်ထဲ၌ ငြိ တိတိ ဖြစ်သွားခြင်းပင်ဖြစ်ပါသည်။ လူတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်၍ စိတ်ထိခိုက်မိသည်က ပို၍ အရေးကြီးသည်လား၊ စိတ်ထိ ခိုက်ပါသည်ဆိုသည့်လူက ဘယ် သူဘယ်ဝါ၊ ဘယ်အဆင့်၊ ဘယ် အတန်းဖြစ်ပါသည်ဆိုသည်က ပို ၍အရေးကြီးသည်လား။ ကိုယ့်ခံ စားချက်ကိုသာ ရှေ့တန်းတင်၍ ကိုယ်က ဘာမှမဟုတ်သည့်နေရာ ၌နေကာ ဖော်ပြထားပုံကို စိတ်ထဲ ကြည်နူးကျေနပ်လိုက်မိခြင်းဖြစ်ပါ သည်။

တွေ့ရခဲသည် မဟုတ်လား။

(နှစ်)

ယခုရက်များအတွင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဟောင်း ဦးအောင်ရွှေ၏ ဈာပန ကိစ္စဖြစ်ပေါ်လာခဲ့ရာ လွမ်းသူ့ပန်း ခြင်းတစ်ခြင်းက ကျွန်တော့်အာရုံ ကို ဖမ်းစားထားလိုက်ပြန်ပါသည်။

ပန်းခြင်းကို ပို့ဆောင်သည့် ပုဂ္ဂိုလ်တို့က လက်ရှိ နိုင်ငံတော်သမ္မတနှင့် သမ္မတကတော်။ သမ္မတကြီး ဦးထင်ကျော်နှင့် သမ္မတ ကတော် ဒေါ်စုစုလွင်။ လွမ်းသူ့ ပန်းခြင်းပေါ်တွင် ရေးထားသည့် စာသားက ...

ထင်ကျော်နှင့် စုစုလွင်တဲ့။

ကျွန်တော် ကြက်သီးမွေးညင်း ထမတတ် အံ့သြသွားပါသည်။ ကျွန်တော့်လိုပင် အံ့သြသူတွေက ဟိုတစ်ယောက် သည်တစ် ယောက်။ နိုင်ငံတော်သမ္မတတို့ ဘာတို့ဆိုသည်ကို မဖော်ပြချင်ဘူး ဆိုသည်လျှင်မှ ထားပါဦး။ ဦး ကလေး၊ ဒေါ်ကလေးသော်မှ နာမည်ရှေ့တွင် မတပ်။ သေဆုံး သူကို အလေးဂရုပြုကာ ကိုယ်က ရိုးရိုးကုပ်ကုပ် အခြေခံကျကျ နှိမ့်နှိမ့်ချချ။ မည်သည့် အကြွား အဝါ အဟန့်တွေ၊ အလှန့်တွေ၊ ပကာသန တွေမှမပါ။ တော်တော့ကို ထားနိုင်ခဲသည့် စိတ်ထားမျိုးဖြစ်ပါသည်။ လောကဓံတရား ရှစ်ပါးနှင့် ဆုံသည့်အခါ အဆိုးနှင့်တွေ့တွေ့၊ အကောင်းနှင့်တွေ့ တွေ့ မတုန်လှုပ်သည့်စိတ်ထား။ ကွယ်လွန်သူအတွက် ကရုဏာ သက်မှု၊ နှမြောတသမှု၊ လွမ်းဆွတ် တမ်းတမှုကိုသာ ဖော်ပြလို ခြင်းသက်သက်။ ကိုယ်ဟာ ဘာ ကောင်ကြီးပါဟူသည့် အမှတ်တံဆိပ်ကို လူမြင်အောင် လှပ်ပြ လိုသောစိတ် တစိုးတစိမှမရှိ။

(သုံး)

ကွယ်လွန်သူ သမိုင်းပညာ ရှင် ဆရာကြီး ဒေါက်တာသန်းထွန်း က သူ့ကိုယ်သူရည်ညွှန်းသည့် အခါ ‘သန်းထွန်း’ဟုသာ ရည်ညွှန်း လေ့ရှိပါသည်။ ဒေါက်တာဟု လည်းမတပ်၊ ပါမောက္ခဟုလည်း အထူးမပြု။ ရရှိထားသည့်ဘွဲ့၊ ဒီဂရီများနှင့်လည်း အမွှမ်းမတင်။ အမြင်မတော်သူ တပည့်များက ကြည့်ပျော်ရှုပျော် ဖော်ပြပေးကြရ သည်ဟုဆိုပါသည်။ ဆရာကြီးက မူ ရိုးရိုးရှင်းရှင်း ‘သန်းထွန်း’ကို သာလျှင်ပင် ခံတွင်းတွေ့ပါလေ သတဲ့။

အိန္ဒိယနိုင်ငံ၏ ၁၁ ဆက် မြောက် သမ္မတကြီး ၂၀၀၂ခုနှစ်မှ သည် ၂၀၀၇ ခုနှစ်အထိ အိန္ဒိယသမ္မတတာဝန်ကို ထမ်းဆောင်ခဲ့ သူကြီး အဗ္ဗဒူကလမ် (Abdul Kalam)ကမူ သူ့သမ္မတရာထူး နှင့်ပတ်သက်၍ စကားတစ်ခွန်း ဆိုဖူးပါသည်။ သမ္မတရာထူး ကြောင့် သူဘာမှ ဖြစ်မသွားပါဘူး တဲ့။ သူကသာ သမ္မတရာထူးဆို တာ ဘာမှမဟုတ်ပါဘူးဟု ဖြစ် သွားအောင် လုပ်ပစ်မှာတဲ့။

မိမိကိုယ်မိမိ ဟင်းမွှေးမဆ လာခတ်၊ နံနံပင်ထည့်ရသည့် အလုပ်ကို ရွံမုန်းသူများထဲ၌ နတ် မောက်သား ဗိုလ်ချုပ်အောင်ဆန်း လည်း ပါဝင်ပါလိမ့်မည်။ သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှခေါ် တက္ကသိုလ်နေဝင်းရေးသည့် စာ ပေါင်းများစွာ၌ ဗိုလ်ချုပ်အောင် ဆန်း၏ ဗိုလ်ချုပ်ဆိုတာကလည်း ဘာမှမဟုတ်ပါဘူးကွာဟူသည့် စိတ်ထားများက အရိပ်ထင်ဟပ် လျက်ရှိပါသည်။ လမ်းဘေး၌ ဘယာကြော်သုပ် ထိုင်စားနေခြင်း များ၊ မန်ကျည်းဖျော်ရည်ထိုင် သောက်နေခြင်းများ၊ ဈေးအပေါ ဆုံး ခုံတန်းက ရုပ်ရှင်ဝင်ကြည့်နေ ခြင်းများတို့သည် ရာထူးနှင့်ဂုဏ် ဒြပ်များကို အလုပ်စားပွဲနှင့် ရုံးခန်း ၌ ချန်ထားပစ်ခဲ့ပြီး ပကတိလူသာ မန်ဘဝသို့ ဆင်းသက်လိုက်ခြင်း ပင်ဖြစ်ပါသည်။

ကျွန်တော်တို့ ထိုစိတ်မျိုး မွေးမြူပျိုးထောင်နိုင်ပါ့မလားဆို သည်က ကြောက်စရာမေးခွန်းကြီး ပင်ဖြစ်ပါသည်။

(လေး)

လူတို့၏ သတ္တိအကြောင်းကို ပြောသည့်အခါ ကာယသတ္တိ (Physical Courage)အကြောင်း ကို တော်တော်များများ ပြောလေ့ ရှိပါသည်။ ကျင့်ဝတ်သတ္တိ (Moral Courage) ကိုကား မေ့နေလေ့ရှိပါ သည်။

မိတ်ဆွေသင်္ဂဟတို့ အောင် မြင်သည့်အခါ ကိုယ်ပါရော၍ ဝမ်း သာပြီး မိတ်ဆွေသင်္ဂဟတို့ ကျရှုံး သည့်အခါ ကိုယ်ပါရော၍ ဝမ်း နည်းကြေကွဲခြင်းက လူတို့၏ကျင့် ဝတ်ပင်ဖြစ်ပါသည်။ သို့မဟုတ်ဘဲ ထိုသူတို့၏ အတက်အကျပေါ်၌ ခုတုံးလုပ်ကာ ကိုယ့်ကိုယ်ကိုယ် အရောင်တင်နေကြရခြင်းများမှာ အော်ဂလီဆန်စရာများပင် ဖြစ်ပါ သည်။

ပိုလူးရှင်း (Pollution)ခေါ် ညစ်ညမ်းစေသည့် အရာများ၌ ရေထုညစ်ညမ်းခြင်း၊ လေထုညစ် ညမ်းခြင်းများအပြင် လူမှုရေးညစ် ညမ်းမှု (Social Pollution)များပါ ပါဝင်ပါသည်။

ကိုယ့်လက်ခုပ်သံနှင့် ကိုယ့်ငို ရှိုက်သံ ရိုး၏၊ မရိုး၏ဆိုသည်မှာ ကိုယ့်ဖော်ပြမှုတွင် အရိပ်ထင် လျက် ရှိမြဲပင် မဟုတ်ပါလား။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)