ဘုန်းနဲ့ကံနဲ့ စကားအသုံးအနှုန်း

(တစ်)

၁၈၂၄ မှာ အင်္ဂလိပ်ကို ပထမဦးဆုံးအကြိမ် စစ်ရှုံးခဲ့တဲ့ ဘကြီး တော်မင်းတရားရဲ့ မိဖုရား နန်း မတော်မယ်နုနဲ့ ပတ်သက်လို့ ပါးစပ်ရာဇဝင် အဆက်ဆက် လက်ဆင့်ကမ်းလာကြတဲ့အချက် တွေထဲမှာ ခက်ထန်တယ်တို့၊ မာန်မာနကြီးမားတယ်တို့၊ ဗိုလ်မထား ဘူးတို့ဆိုတဲ့ အချက်တွေလည်း ပါသပေါ့။ ငါမှတစ်ပါး အခြားမရှိ ဆိုတဲ့ စိတ်က လူကိုလွှမ်းမိုးထား တာကြောင့် သူတို့စိုးစံတဲ့ အင်းဝ နေပြည်တော်ဝန်းကျင်က ပြည်သူ လူထုဟာ နန်းမတော်မယ်နုနဲ့ အ မည်တူကိုတောင်မှ မမှည့်ခေါ်ရဲ ကြရှာပါဘူးလို့ ပါးစပ်ရာဇဝင် တွေက ဆိုပါတယ်။

အင်းဝဆိုတာက အညာ ဒေသဖြစ်တာမို့ မန်ကျည်းပင်ကြီး တွေ တော်တော်ပေါပါတယ်။ သူ့ အချိန်ရောက်တဲ့အခါ မန်ကျည်း ရွက်တွေက နုကြပြီပေါ့။ အဲသမှာ မြန်မာ့အစားအစာ မန်ကျည်းရွက် တွေကို တွေ့တဲ့အညာသူ၊ အညာ သားတွေက အားရဝမ်းသာနဲ့ ပြောကြဆိုကြတဲ့အခါ မန်ကျည်းရွက် နုတာကိုပဲ နုတယ်ရယ်လို့ မပြော ရဲကြရှာလေဘူးတဲ့ခင်ဗျ။ နန်း မတော်မယ်နု စိတ်ကွက်သွားမှာ ကို စိုးလို့တဲ့။ မန်ကျည်းရွက် ကလေးတွေ ထွတ်ကုန်ပြီလို့ ပြော ကြရတယ်ဆိုလား။

ဘာသာစကားနဲ့ ဝေါဟာရ တွေအပေါ်မှာပါ အမိန့်နဲ့ အာဏာ က လာရောက်ပြီး လွှမ်းမိုးနေ တယ်လို့ ဆိုရမှာပေါ့။

(နှစ်)

အင်ဒိုနီးရှား (Indonesia) နိုင်ငံမှာ အာဏာရှင်ဆူဟာတို (Suharto) လက်ထက်က ဘာသာစကားအခြေအနေအကြောင်း သုတေသနစာတမ်းတွေ ထွက် လာတဲ့အခါ တော်တော့ကို အံ့ဩ ဖို့ကောင်းပါတယ်။

‘ဆင်းရဲတယ်’လို့ မသုံးရ ဘူးဆိုလား။ နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်လို့တဲ့။ နိုင်ငံ့ပုံရိပ်ကျဆင်း လို့တဲ့။ ‘မချမ်းသာသည့်အခြေအ နေ’လို့ သုံးနှုန်းရလေသတဲ့။ ‘အာ ဏာသိမ်း’လို့ မသုံးနှုန်းရဘူးဆို လား။ ‘မလွှဲမရှောင်သာ၍ တာဝန်ယူခဲ့ရ’လို့ သုံးနှုန်းရလေသတဲ့။

ဓားဟာ ဘာသာစကားအ ပေါ်မှာပါလာပြီး မိုးထားတဲ့ သဘောပေါ့။

(သုံး)

မန္တလေးက ဆရာကြီးရွှေ ပြည် ဦးဘတင်ရဲ့ ဟောပြောချက် တွေကို နားသောတဆင်ခဲ့ဖူးပါ တယ်။ နောင်အခါ အဲသည့်ဟော ပြောချက်တွေကို Print Out ထုတ်ကာ CD နဲ့တွဲပြီး ရောင်းတော့ လည်း မန္တလေးကို ရောက်တုန်း ရောက်ခိုက် ဝင်ဝယ်ဖြစ်ပါတယ်။ အခု ‘စာပွဲသဘင်’ဆိုတဲ့ နာမည် နဲ့ စာအုပ်ထွက်တော့မှ ဘယ်မှာမှ ဝယ်မရဘဲ ဖြစ်ခဲ့ရပါတယ်။

အဲသည့်မှာ ဘုရင်နဲ့ ဝေါဟာ ရပြဿနာတွေ အများကြီးပါတာ ပေါ့။ သာဓကပြောရရင် မြန်မာ လတွေအကြောင်း ပြောတဲ့အခါ လဆုတ်တို့၊ လကွယ်တို့ကို နန်းတော်က လက်မခံဘူးတဲ့။ ‘မကွယ်ရဘူး’၊ ‘မဆုတ်ရဘူး’ ဆိုတဲ့ သဘောပေါ့။ ‘လပြည့်ကျော်’ဆို တာမျိုးကိုမှ ဘဝရှင် မင်းတရားကြီးတွေက ကြိုက်တော်မူကြရှာ လေသတဲ့။

ကျွန်တော့်စိတ်ထဲမှာ တရား မရှိသလိုမျိုးကြီးပါပဲ။

ကျွန်တော်တို့ အရပ်မှာ လည်း ဒါမျိုးတွေက အများကြီး ပါ။ ဆိုကြပါစို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု။ နည်းနည်း ရာထူးကြီးတဲ့ ပုဂ္ဂိုလ်ကြီးတစ် ယောက်ယောက်က တက်ရောက် ပြီး ချီးမြှင့်ပြီဆိုပါတော့။ အ ဆောက်အအုံတစ်ခုခုဆောက်ဖို့ မြေမှာ အမှတ်အသားစပြီးလုပ် တာကို ပန္နက်ချတယ်ရယ်လို့ အ ရပ်ထဲမှာ ပြောနေခဲ့ကြတာပါပဲ။ ဒါပေမဲ့ ပုဂ္ဂိုလ်ကြီးတွေက ချတယ် ဆိုတာကို မကြိုက်လောက်ဘူးလို့ တွက်ဆတတ်သူတွေက ‘ပန္နက် တော်တင်’တယ်ရယ်လို့ သုံးနှုန်း ပေးကြရရှာတယ်ဆိုလား။

(လေး)

ပုဂံဝန်ထောက်မင်း ဦးတင် က သူ့ရဲ့ကဗျာ ဗန္ဓသာရကျမ်းထဲ မှာ ‘ရာဇဌာနီစကား’အကြောင်း ရေးခဲ့ဖူးပါတယ်။ ထီးသုံးနန်းသုံး စကားလုံးတွေအကြောင်းလို့ဆိုပါ တော့။

တနင်္သာရီခရိုင်ကနေ ဘုရင့် နေပြည်တော်ကို မြင်းအကောင် ၃၀ ဆက်သပါလေသတဲ့။ အဲ သည့်အခါ တင်စာလျှောက်စာထဲ မှာ ဗြင်းကောင်ရေ ၃၀ လို့ ထည့် သွင်းရေးသားထားခဲ့လေသတဲ့။ ဒါကို ဗြင်းကတော့ ဒေသိယ စကားဖြစ်တာကြောင့် မြင်းလို့ ပြင်ပေးလိုက်ရတယ်ဆိုတာက ထားလိုက် ပါတော့။ ‘ကောင်ရေ’ဆိုတာက ကျတော့နည်းနည်းကလေး ရိုင်း နေ၊ ရင့်သီးနေသလို ဖြစ်တာ ကြောင့် ‘စီးရေ’လို့ ပြင်ပေးလိုက် ရတယ်ဆိုလား။

(ငါး)

ဝန်ကြီးအဆင့် တက်ရောက် တဲ့ အခမ်းအနားတစ်ခုထဲကို ရောက်နေခဲ့ရဖူးပါတယ်။

အခမ်းအနားမစခင်၊ ဧည့် ပရိသတ်မစုံလင်ခင်မှာ အခမ်းအ နားမှူးကလေးနှစ်ယောက်က အ ကြိုလေ့ကျင့်ပြီး ပြောဆိုနေခဲ့ကြ ပါရဲ့။ မင်္ဂလာပါရှင်တို့၊ အခမ်း အနားစ,တင်တော့မှာဖြစ်လို့ နေ ရာယူပေးကြပါရှင်တို့ဆိုတာမျိုး တွေပေါ့။ တစ်ခါမှာတော့ အခုလို မေတ္တာရပ်ခံသံကလေး ပေါ်ထွက် လာပါတယ်။

‘လူကြီးမင်းတို့ရဲ့ လက်ကိုင် ဖုန်းများကို Silence လုပ်ပေးထား ပါရှင်’တဲ့။

အဲသမှာ ဒိုင်နိုဆောစိတ်ဝင် နေပုံရတဲ့ ဝန်ထမ်းတစ်ယောက်က အခမ်းအနားမှူးကလေးတွေရှိရာ ဆီကို လျှောက်လာကာ အင်္ဂလိပ် လို ဆိုင်းလင့် (Silence)လို့မပြော ဘဲ မြန်မာလိုပြောဖို့ လာပြီးညွှန် ကြားပါတယ်။

အခမ်းအနားမှူးကလေးနှစ် ယောက်က နာခံရှာပါတယ်။ ချက်ချင်းပဲ ပြန်ပြီးလေ့ကျင့်ကြေညာပါ တယ်။

‘လူကြီးမင်းတို့ရဲ့ လက်ကိုင် ဖုန်းများကို ပိတ်ထားပေးပါရန် မေတ္တာရပ်ခံပါတယ်’ပေါ့။

သည်တော့မှ အမှုက ပိုကြီး သွားတော့တာပါ။ ‘ပိတ်တယ်’ ဆိုတဲ့စကားကို မသုံးပါနဲ့တဲ့။ ပိတ် တယ်တို့၊ ပြီးဆုံးတယ်တို့ဆိုတဲ့ စကားတွေက နိမိတ်မကောင်းလို့ ပါတဲ့။ ပြောင်းသုံးပေးပါတဲ့။ နိုင်ငံ တော်အဆင့် ပုဂ္ဂိုလ်တွေက သိမယ်မထင်ပါဘူး။ အောက်မှာ ဖြစ်နေတာပါ။ ပြောင်းပြီးသုံးပေး ရတာပဲပေါ့။

‘လက်ကိုင်ဖုန်းများကို တိုး ညင်းပေးထားကြပါရန်’တဲ့။

ဩော်... အရပ်သားအစိုးရ လက်ထက်မှာဗျာ။ ဧည့်ပရိသတ် တွေက ပြုံးစိပြုံးစိနဲ့။ မျက်ရည်ကျ တာတောင်မှ ကျတယ်ပြောဖို့ခက် လာပြီထင်ပါရဲ့။ မျက်ရည်များ လိမ့်ကာလိမ့်ကာဆို အပြစ်ကင်း လေမလား။ ခက်လိုက်တာ။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)