ကုန်အ၀င်နည်းနေ၍ နာနတ်သီးဈေး နှစ်ဆခန့် မြင့်တက်

ယခုနှစ်နာနတ်သီးရာသီ ကုန်ဆုံးတော့မည်ဖြစ်သည်။(ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ))

ရာသီပေါ်သီးနှံဖြစ်သည့် နာနတ်သီးများ သြဂုတ် နောက် ဆုံးပတ်ကစတင်၍ ဈေးနှုန်းနှစ်ဆ ခန့်မြင့်တက်လာကြောင်း သီရိ မင်္ဂလာဈေးရှိ သစ်သီးဒိုင်များက ပြောသည်။

ယခင်က နာနတ်သီးအလုံး သေးတစ်လုံးလျှင် ၂၀၀ ကျပ်၊ အ လုံးလတ် ၃၀၀ ကျပ်၊ အလုံးကြီး ၅၀၀ ကျပ်ခန့်မှ ယခု အလုံးသေး ၅၀၀ ကျပ်၊ အလုံးလတ် ၈၀၀ ကျပ်နှင့် အလုံးကြီး ၁,၁၀၀ ကျပ် အထိ ဈေးမြင့်တက်ခဲ့သည်။

‘‘ဈေးကွက်ထဲကို အသီးဝင်နည်းလာတာကြောင့် ဈေးတက်လာတာပါ။ နှစ်ဆနီးပါးလောက် ဈေးတက်လာတယ်လို့ ပြောလို့ရပါတယ်’’ဟု မြသပြေသစ်သီးပွဲရုံပိုင်ရှင် ဦးဆန်းဝင်းက ပြောသည်။


သီရိမင်္ဂလာဈေးရှိ သစ်သီး ဒိုင်များထံသို့ ယခင်က တစ်ပတ် လျှင် နာနတ်သီး ဆယ်ဘီးကား အစီး ၃၀ ခန့် ၀င်ရောက်သော် လည်း ယခု တစ်ပတ်လျှင် ကား၁၀ စီးခန့်သာ ၀င်ရောက်ကြောင်းသစ်သီးဒိုင်များက ဆိုသည်။

နာနတ်သီးအမှည့်တစ်လုံး သည် တစ်ရက်ခန့် အထားခံပြီး အစိမ်းတစ်လုံးလျှင် လေးရက်ခန့် အထားခံကြောင်း ဦးဆန်းဝင်းက ဆိုသည်။

နာနတ်သီးသည် ရှမ်းပြည် နယ်မြောက်ပိုင်းမှ အဓိကထွက်ရှိ ပြီး သီပေါမြို့နှင့် တန့်ယန်းမြို့ဝန်း  ကျင်ထွက် နာနတ်သီးများအများဆုံး လာရောက်ရောင်းချကာ သီပေါအသီးများက ပို၍ နာမည်ကြီးသည်။

‘‘သီပေါကထွက်တဲ့ နာနတ်သီးက တုံးသွားပြီ။ တန့်ယန်းကထွက်တဲ့ အသီးပဲကျန်တော့တယ်။ ရာသီကုန်ချိန်လည်း ရောက်လာလို့ အသီးက ဈေးပိုကြီးလာတာပါ’’ဟု စေတနာ သစ်သီးပွဲရုံပိုင်ရှင် ဒေါ်တင်တင်လင်းက ပြောသည်။

တန်ယန်းမြို့သည် သီပေါ မြို့နှင့် မိုင်တစ်ရာကျော်ကွာဝေး ပြီး ရန်ကုန်သို့ အသီးများပို့ဆောင် ရာတွင် ကုန်ကျစရိတ်ပိုမိုများပြား၍ ဈေးနှုန်းမြင့်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တန့်ယန်းမြို့က ထွက်ရှိ သည့် နာနတ်သီးသည် သီပေါမြို့ က ထွက်ရှိသည့် နာနတ်သီးထက် အရည်ပိုရွှမ်းကာ အမှည့်မြန်သ ဖြင့် အနာများကလည်း အသီးဈေးမြင့်တက်လာသည့် အကြောင်းရင်းဖြစ်သည်ဟု သစ်သီးဒိုင်များက ပြောသည်။

နာနတ်သီးရာသီချိန်သည် ဇွန်လမှ စက်တင်ဘာအထိ ဖြစ်သော်လည်း နာနတ်အသီးဖြစ်ထွန်းချိန်တွင် မိုးကောင်းခဲ့၍ အသီးများ စိုက်ခင်း၌ ပုပ်သွားခြင်း များရှိခဲ့ပြီး ယခင်နှစ်များနှင့် နှိုင်း ယှဉ်ပါက နာနတ်သီးရာသီချိန် ကာလ အနည်းငယ်တိုတောင်းနိုင်သဖြင့် ဈေးပိုကြီးကြောင်းဟုသစ်သီးဒိုင်များက ဆိုသည်။

Top News