ရုပ်ရှင်အကြိုခံစားခြင်း

ဆယ်လီ

- ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ အွန်လိုင်းအသုံးပြုတာနဲ့ ပတ်သက်ပြီး လူငယ်ပညာပေး ဇာတ်ကားလေးအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ရန်ကုန်မြို့နယ်အတွင်းက အထက်တန်းကျောင်း တစ် ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူလေးတွေ ကျောင်းမှာ အသုံးပြုခွင့်ပေးမထားတဲ့ ဖုန်းနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ပြေးလွှားဆော့ကစားတဲ့ လူငယ်အရွယ်လေးတွေဖြစ်ပေမယ့် သူတို့ရဲ့ အချိန်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပဲ အချိန်ကုန်ကြပါတယ်။

သူတို့အားလုံးက ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် ဆယ်လီဖြစ်ချင်နေကြတာပါ။ ဓာတ်ပုံလေးတွေတင်သလို စတေးတပ်လေးတွေတင်ရင်း Like များများ ရချင်တဲ့ရောဂါကလည်း ကြီးစိုးနေပါတယ်။ အဲဒါကြောင့် Like မရရအောင် လူစိတ်ဝင်စားမယ့်ပုံတွေ မပေါ့တပေါ်ပုံတွေကိုပါ အပြိုင်အဆိုင်တင်ကြပါတယ်။ နောက်ပြီးတော့ သူငယ်ချင်းတွေကြားထဲမှာ Like ဘယ်လောက်ရတယ်ဆိုတာကို ကြွားလုံးထုတ်ကြပါ တယ်။

ကလေးတွေဖြစ်တာကြောင့် တစ်ယောက်သုံးရင် နောက်တစ် ယောက်ကလည်း အားကျပြီး သုံးချင်နေပါတယ်။ အဲဒါကြောင့် အိမ်ကို ပူဆာကြတဲ့သူတွေရှိသလို ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း သူတို့ရဲ့ ခံစားချက်တွေကိုရေးပြီး တင်ပါတယ်။ လူငယ်တွေက သူတို့ရဲ့အားလပ်ချိန်တော်တော်များများကို ဖေ့စ်ဘွတ်ခ်ပေါ်မှာပဲ အချိန်ကုန်ဆုံးနေ ကြပါတယ်။

အဲဒီလိုလူငယ်တွေကို စောင့်ကြည့်ပြီး အခွင့်ကောင်းယူနေတဲ့သူတွေလည်းရှိပါတယ်။ အဲဒီလူတွေက ကျောင်းသားအရွယ် မိန်း ကလေးတွေကို အဓိကထားပြီး စောင့်ကြည့်ကြပါတယ်။ နောက်ပြီး သူတို့ကသွေးဆောင်ဖြားယောင်းကာ တစ်ဖက်နိုင်ငံကို ရောင်းစားတဲ့ လူမှောင်ခိုဂိုဏ်းတွေပါ။

ဖေ့စ်ဘွတ်ခ်ကို ဘဝထင်နေတဲ့ ကျောင်းသားအရွယ် ကလေးတွေနဲ့ အဲဒီကလေးတွေကို စောင့်ကြည့်နေတဲ့ လူမှောင်ခိုဂိုဏ်းတွေ အကြောင်းကို ပညာပေးအနေနဲ့ အဓိက ပုံဖော်ရိုက်ကူးထားတဲ့ ဆယ်လီဇာတ်ကားမှာ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ စက်တင်ဘာ ၁ ရက်ကနေ စတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင်တွေအနေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ရင်သွေးငယ်တွေဖြစ်တဲ့ မောင်မင်းမြတ်၊ သက်ထားရွှေစင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပိုဒေါင်၊ ဖြိုးဖြိုး၊ မှုံနံ့သာကျော်ရဲအောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျိုမေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာလွင်တို့က ပါဝင်ပြီး   ရဲအောင်၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ညီထွဋ်ခေါင်၊ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့ကို အားဖြည့်ထားသည်။ ကိုပေါက်၊ ကိုကျော်နဲ့ နေလင်းတို့ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးပုံဖော်ထားပါတယ်။

Top News