ပန်းကလေးများ ပွင့်ပါစေ

ခွေးမွှေးကျေးရွာ မူလတန်းကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူလေးများ ကဗျာရွတ်ဆိုနေစဉ် (ဓာတ်ပုံ-ညီညီဇော်)

‘‘လာပါဦး လာပါဦး

အဆွေကိုဝလုံး

ကိုဝလုံးလေး ကတုံးတို

မျက်နှာပြုံးချိုချို

ပြုံးချိုချိုမို့ လာပါဦး

အဆွေကိုဝလုံး’’

သြဂုတ်လကုန် မိုးလလယ် ရက်တစ်ရက်၏ ပြိုတော့မလို အုံ့ မှိုင်းနေသော မိုးသားအောက်တွင် အမိုးသာရှိပြီး အကာမရှိသေး သည့် ကျောင်းဆောင်ကလေးတစ် ခုအတွင်းဝယ် အယောက် ၂၀ ခန့် ရှိမည့် အသက်(၆)နှစ်ဝန်းကျင် အဖြူ၊ အစိမ်းဝတ် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များသည် ဆရာတင်မိုး၏ ‘သဘောကောင်း တဲ့ ကိုဝလုံး’ဟု အမည်ရသည့် ချစ်စဖွယ် ကလေးကဗျာ တစ်ပုဒ် ကို ညီညီညာညာ ရွတ်ဆိုပြနေ သည်။

ကဗျာရွတ်ရင်း ကဗျာစာ သားနှင့် လိုက်ဖက်သည့် အမူအ ရာလေးများကိုပါ ဟန်ပါပါသရုပ် ဆောင်ပြနေကြသည်။ ပျော်ရွှင်စွာ ကဗျာရွတ်နေသည့် ကလေးတွေ ကို အဖြူ၊ အစိမ်းဝတ် အမျိုးသားတစ်ဦးနှင့် ဒေသခံအမျိုးသားကြီးတစ်ဦးတို့က ခပ်ပြုံးပြုံးဖြင့် ကြည့် နေကြသည်။

‘‘ဒါက ဂရိတ်ဝမ်းအတန်း။ သူတို့က ဒီနှစ် သင်ရိုးပြောင်းထား တော့ သင်ရမယ့် ဘာသာတွေများ တာနဲ့ ဒီဘက် အဆောင်သက် သက် ထားပေးလိုက်တာ’’ဟု အဖြူ၊ အစိမ်း ၀တ်ထားသည့် ရွာခံဆရာဦးလှိုင်မင်းဦးက ပြောပြ သည်။

ထိုအဆောင်နှင့် မလှမ်းမကမ်းမှာတော့ ကျောင်းပင်မဆောင်ကို တွေ့ရသည်။ ထိုအဆောင်ကြီးထဲတွင် ဆရာ၊ ဆရာမများက သူ့နေရာနှင့်သူ နေရာသတ်မှတ်ကာ စာသင်နေသည်။ သို့သော် အခန်းသတ်သတ်မှတ်မှတ် ပိုင်းခြားထားတာမျိုးမရှိ။ မူလတန်းအရွယ်တွေမို့ အော်ဟစ် ရွတ်ဆိုရတာတွေများတော့ တစ်တန်းက အော်ဟစ်ရွတ်ဆိုလိုက်လျှင် နောက်တစ်တန်းမှာ ဆူညံကာ ဘာမျှသင်လို့မရတော့။ ဒါတောင် ဂရိတ်ဝမ်းကို အပြင်တွင် အဆောင်သီးသန့်ထုတ်ထားကာ သင်ပေး၍ တော်သေးသည်။

အထက်ပါ မြင်ကွင်းများ သည် ကျေးလက်ရှိ အခြေခံပညာ ကျောင်းများအတွက် ထူးဆန်း သည့် မြင်ကွင်းတစ်ခုတော့ မဟုတ်ပါ။ ထိုမြင်ကွင်းများထက်ပင် ဆိုး ရွားသည့် မပြည့်မစုံ သင်ကြားနေရသော အခြေခံပညာကျောင်း ပေါင်းများစွာ မြန်မာပြည် တစ်နံ တစ်လျားတွင် ရှိနေပါသေးသည်။ သို့သော် အခြားကျောင်းများနှင့် မတူနိုင်သည့် ပုံရိပ်တစ်ခုက ယခုမူလတန်းကျောင်းလေးတွင် ရှိနေခြင်းမှာ အနည်းငယ် ထူးနေသ ယောင် ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် ထို ကျောင်းကလေးသည် အကြွေး တင်နေသော ကျောင်းကလေးဖြစ် နေသောကြောင့်ပင်။ ထိုကျောင်း ကလေးသည် မကွေးတိုင်းဒေသ ကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်ရှိ ခွေးမွှေးကျေးရွာတွင် တည်ရှိ သည်။

 ထိုကျောင်းကလေးသည် ၂၀၁၅-၁၆ ပညာသင်နှစ်တွင်မှ စတင်ပေါ်ပေါက်လာခဲ့သော ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းက လေးတစ်ကျောင်း ဖြစ်သည်။ ထိုကျောင်းကလေး မရှိခင်ကတော့  ခွေးမွှေးကျေးရွာမှ ကလေးငယ် များသည် ရွာအနီးရှိ ဆင်စိန်ရွာအ လယ်တန်းကျောင်းသို့ သွားတက် ကြရသည်။ ရာသီဥတုသာယာ သည့်ကာလဆိုလျှင်တော့ ဆင်စိန် အလယ်တန်းကျောင်းသွားတက်ရ သည်မှာ အပန်းမကြီးသော်လည်း မိုးဥတုရောက်ပြီဆိုလျှင် လမ်း တွေက မကောင်းတော့။ ရွှံ့ဗွက် တွေထကာ လမ်းပျက်သည်။ ကလေးတွေခမျာ ရွှံ့တောဗွက် တောကို ဖြတ်သန်းကာ ကျောင်း သွားရသည်။ ကျောင်းသွားရင်း မိုးမိ၍ ကျောင်းစာအုပ်တွေ ရေစိုပါက ပူပူနွေးနွေး ထမင်းအိုး၊ ဒန်အိုးပေါ်တင်၍ အခြောက်ခံရသည့်အခါမျိုးတွေလည်း ကြုံရ သည်။

 ထို့ထက် ဆိုးသည်က ကျောင်းသို့အသွားတွင် ရေကန်ကြီးတစ်ကန်ရှိသည်။ ထိုရေကန်ကြီးက မိုးအခါ ရေပြည့်လေ့ရှိပြီး ထိုကန်ကြီးအနီးမှ ကလေးတွေဖြတ်ကာ သွားရသဖြင့် အန္တရာယ်တွေက များလှသည်။ ထိုရေကန်ရေတက်ပြီဆို မိဘတွေခမျာ အလုပ်ပျက်၊ အကိုင်ပျက်ဖြင့် ကျောင်းလိုက်ပို့ကြရသည်။ မိဘမပို့နိုင်သည့် ကလေးတွေကတော့ ကျောင်းအပျက်ခံရသည်။ အချို့ကလေးတွေကတော့ ထိုအခက်အခဲလေးကြောင့်ပင် မူလတန်း ကျောင်းသားဘ၀မှာတင် ပညာရေးဆုံးခန်းတိုင်သွားကာ ကျောင်း ဆက်မတက်ကြတော့။

မူလတန်းတင် မဟုတ်သေး။ ယခုလက်ရှိ ကိုယ်ထူကိုယ်ထ မူ လတန်းကျောင်းလေးတွင် ဆရာ အဖြစ် ပြန်လည်ထမ်းဆောင်နေ သည့် ရွာခံဆရာ ဦးလှိုင်မင်းဦးတို့ အထက်တန်းကျောင်းသားဘ၀က ဆိုလျှင် ကိုးတန်း၊ ဆယ်တန်းကို မြိုင်မြို့ပေါ်အထိ ခြေလျင်တစ် တန်၊ လိုင်းကားတစ်တန်ဖြင့် သွား တက်ကြရသည်။ မြိုင်မှာ အ ဆောင်နေ၍ ကျောင်းတက်ကြရ သည်။ မြို့ပေါ် ကျောင်းသားငယ် များလို စာကိုသာ အာရုံစိုက်လုပ် ကိုင်ခွင့်မျိုး ဦးလှိုင်မင်းဦးတို့ မရရှိ ခဲ့ကြ။ ကိုးတန်း၊ ဆယ်တန်း အ ရေးကြီးသည့် အတန်းဖြစ်သော် လည်း ရွာကနေ ထင်းတို့၊ ထမင်း ချက်စရာ အိုးတို့သယ်ကာ အ ဆောင်မှာတင် ကိုယ့်ဟာကိုယ် ချက်စား၍ ကျောင်းစာသင်ယူရ သည်။

ထိုအခက်အခဲမျိုးတွေ ရင်မ ဆိုင်နိုင်ကြသဖြင့် ဦးလှိုင်မင်းဦးတို့ နှစ်ကဆိုလျှင် ရှစ်တန်းအောင်သူ ဦးရေများလှသော်လည်း ကိုးတန်း တက်ရောက်သူ အင်မတန်နည်း ပါးခဲ့သည်။ ထို့ကြောင့် ခွေးမွှေး ရွာသူရွာသားတွေက ရွာမှာ အ လယ်တန်း၊ အထက်တန်းမဟုတ် တောင် မူလတန်းကျောင်းလေး လောက်တော့ ဖြစ်စေချင်ကြ သည်။ ထို့အတွက် ရွာသူ ရွာသားတွေ တိုင်ပင်ကာ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းလေးတစ်ခု ထူထောင်နိုင်ဖို့ အာရုံစိုက်ကြသည်။

ကျောင်းထူထောင်ဖို့ ဆိုင်ရာ အဆင့်ဆင့်ထံ တင်ပြပြီးနောက် ခွင့်ပြုချက်ရတော့ ကျောင်းမြေနေ ရာအတွက် စဉ်းစားကြရပြန်သည်။ ရွာအပြင်ဘက်မှာ ဆောက်ဖို့တွေး တောကြသည်။ သို့သော် ရွာပိုင် မြေမဟုတ်သဖြင့် မြေရှင်ဆီကနေ လှူတန်လှူ၊ သင့်သလောက်ဈေး သတ်မှတ်ပြီး ၀ယ်ယူကြသည်။ သို့သော် ဒီမြေ ဒီနေရာ လိုအပ်သ လောက် ငွေကို ဖုန်းခနဲ အပုံလိုက်ချ ၀ယ်ယူနိုင်သည်မဟုတ်။ ရွာမှာက မန်ကျည်းချိန် မန်ကျည်း၊ ထန်းချိန်ထန်းနှင့် ရွာမှာတင် ဆံ ပင်မွေးကျွတ်လုပ်ငန်း လုပ်ကိုင် သူ၊ ရွာနီးချုပ်စပ်ကြုံရာ ကျပန်း လုပ်ကိုင်ရသူသာ များသည်။

ပြောရလျှင် ငွေကြေးအဆင် ပြေလှသည့် ကျေးရွာမဟုတ်ပေ။ ထို့ကြောင့် ကျောင်းမြေအတွက် ငွေတတ်နိုင်သလောက်ကလေး ဖြင့် ပိုင်းပိုင်းကာ ၀ယ်ရသည်။ ငွေကိုလည်း အရစ်ကျပေးဝယ်ရ သည်။ မြေရှင်ကလည်း လှူတန် သလောက် လှူ၊ လျှော့တန်သ လောက် လျှော့ပေးပါသည်။ ရွာသူ၊ ရွာသားတွေကလည်း ကိုယ့် လုပ်အားခကလေး ရလျှင်ရသလို လှူတန်းခဲ့သော်လည်း မြေဖိုးကို အကျေမဆပ်နိုင်သေး။ စုစုပေါင်း မြေတန်ဖိုး ၄၈ သိန်းခန့် ကျမည် ဖြစ်သော်လည်း နှစ်ရစ်လောက် သာ ခွဲပေးနိုင်သေးပြီး ၁၂ သိန်းခန့် သွင်းရန် ကျန်နေပါသေးသည်။

မြေဖိုးတင်လား မကသေးပါ။ ကျောင်းအဆောက်အအုံအ တွက်လည်း အကြွေးတွေက ရှိသေးသည်။ ခွေးမွှေးရွာ မူလတန်းကျောင်းကလေးက ရွာက ကျောင်းသားဦးရေ များတာရော၊ ရွာသူ၊ ရွာသားတွေ စိတ်အားထက်သန်မှုအရရော ပညာရေးဝန်ကြီးဌာနက နေ အစိုးရအသိအမှတ်ပြု မူလတန်းကျောင်းအဖြစ် ၂၀၁၆-၁၇ ပညာသင်နှစ်မှာ သတ်မှတ်ခြင်းခံရသည်။ ထို့ကြောင့် ကျောင်းအဆောက်အအုံအတွက် လိုအပ်သည့် ဘဏ္ဍာငွေရရှိခဲ့သည်။ သို့သော် ထိုရသည့်ငွေထက် ကျောင်းအဆောက်အအုံ ပိုမိုကောင်းမွန် အောင် တည်ဆောက်ခဲ့သဖြင့် ငွေက မလောက်တော့။ ထို့ကြောင့် အသားဖိုး၊ အုတ်ဖိုး၊ သဲဖိုးတွေ အကြွေးတင်နေတာတွေ ရှိသေး သည်။

ကိုယ်ထူကိုယ်ထ ကျောင်း ကလေးစဖွင့်တုန်းကလည်း ရွာက ဆယ်တန်းအောင် ဘွဲ့ရကလေး များက ကျောင်းမှာ လုပ်အားပေး ကြသည်။ သို့သော် ထိုကလေးတွေ နှင့် မလုံလောက်သဖြင့် ဆရာနှစ် ဦး ငှားရမ်းသင်ကြရတော့လည်း ထိုဆရာတွေအတွက် လိုအပ်သည့်နေရေး၊ ထိုင်ရေးနှင့် လခသဘောမျိုး ငွေသားကန်တော့မှုတို့ကို ရွာသူ ရွာသားတွေပင် ပူးပေါင်းထည့် ၀င်ကာ ဖြေရှင်းရလေသည်။

အမြဲနေ ဆရာတွေဖို့တင် မဟုတ်သေးပါ။ တန်းပြဆင်းသည့် ဆရာငယ်များအပေါ်တွင်လည်း ခွေးမွှေးရွာသူ ရွာသားတွေ တာ ၀န်ကျေကြပါသည်။ ကိုယ်ထူ ကိုယ်ထ ကျောင်းကလေးဘ၀က ထိုရွာလေးဆီသို့ ပညာရေးကောလိပ်မှ ဆရာငယ်ကလေးသုံးဦး တန်းပြလာဆင်းကြသည်။ ရွာ ကျောင်းကလေးမှာ ဆရာအင် အားကလည်း နည်းနေသေးတာ ရယ်၊ ကိုယ့်ရွာရဲ့ ပထမဆုံး ကိုယ် ထူကိုယ်ထ ကျောင်းကလေးကို လာရောက် လုပ်အားပေးကြမှာဆိုတာရယ်ကြောင့် တန်းပြဆင်းသည့် ဆရာလေးတွေကို လိုအပ် တာတွေ လုပ်ပေးဖို့ ရွာသူ ရွာသားတွေ ပြင်ဆင်ကြသည်။

တန်းပြဆင်းရန် ရောက်လာ သည့် ဆရာလေးသုံးဦးမှာလည်း ပညာရေးကောလိပ်မှာ အတန်း ငယ်ပုံရသေးသည်။ အားလုံးအ သက် (၂၀)ပင် မပြည့်တတ်ကြ သေး။ သူတို့သုံးဦးအတွက် တန်း ပြဆင်းသည့် ကာလအတွင်း နေဖို့၊ ထိုင်ဖို့ ဘယ်မှာထားရမလဲ စဉ်းစားကြသည်။ ရွာထဲတွင် ပခုက္ကူ ဘက်တက်ကာ အခြေချနေသည့် မိသားစုတစ်စုရှိသည်။ ထိုမိသားစု အိမ်က လက်ရှိလူမနေ။ ထို့ကြောင့် ထိုအိမ်တွင်ထားရန် စီစဉ်ကြသည်။ အိမ်ရှင်ဆီ လှမ်းခွင့်တောင်းတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလေသည်။ သို့သော် ထိုအိမ်မှာနေပြီး မကြာခင် ဆရာလေးတွေ အခက်အခဲကြုံရသည်။ အခြားကြောင့်မဟုတ်။ ထိုအိမ်မှာ လူမနေသည်မှာ ကြာပြီဖြစ်၍ မိုးရွာလျှင် မိုးမလုံသောကြောင့် ဖြစ် သည်။ တန်းပြဆင်းသည့် ကာလမှာလည်း မိုးရာသီဖြစ်သော ကြောင့် မိုးရွာတိုင်း ဆရာလေးများ အခက်ကြုံနေရသည်။ ထိုသတင်း ကို အိမ်ရှင်က သိသွားတော့ သွပ် များဝယ်ကာ လာရောက်မိုးပေးပါ လေတော့သည်။

နေဖို့ အဆင်ပြေသွားတော့ နောက်အရေးတစ်ခုက ကြုံလာ ရသည်။ ဆရာလေးများမှာ အ သက်အရွယ် ငယ်သေးသည့်အ ပြင် ယောက်ျားများဖြစ်သည့်အ တွက် တန်းပြဆင်းချိန် ချက်ပြုတ် စားဖို့ အိမ်ကနေ ဒန်အိုးဒန်ခွက်၊ ငါးပိထုပ်တွေ သယ်လာခဲ့ကြသော် လည်း မချက်တတ်မပြုတ်တတ် သောကြောင့် ဘယ်သူချက်မလဲ ရွေးနေရတာကိုက  တစ်ဒုက္ခဖြစ်သည်။ မချက်တတ်မပြုတတ်သော ဆရာလေးတွေကို ကြည့်ရင်း ရွာသူ ရွာသားတွေမှာ ချစ်စနိုးဖြင့် သဘောကျမဆုံး။ နောက်ဆုံးတော့ ရွာသူရွာသားတွေ တိုင်ပင်ကာ ဆရာလေးများ ရှိနေသည့် ကာလတစ်လျှောက်လုံး ရွာရှိ အိမ်တွေ အလှည့်ကျချက်ကျွေးဖို့ ဆုံးဖြတ်ကြသည်။ ရွာသူရွာသားတွေကလည်း တစ်ချက်ကလေးမှ မျက်နှာမပျက်ကြပါ။ အလှည့်ကျ ချက်ပြုတ် ကျွေးကြသည်။

ထို့အပြင် ‘‘မထူးပါဘူး။ တန်း ပြဆင်းတဲ့ ဆရာလေးတွေ ထမင်း စားကြွတဲ့အခါ တခြားအမြဲနေ ဆရာ၊ ဆရာမတွေပါ လိုက်စား ကြ’’ဟု ဖိတ်လိုက်ကြသည်။ တန်းပြဆင်း ဆရာများရှိနေသည့် ကာလတစ်လျှောက် ထိုဆရာများ အိမ်ကနေ ထမင်းချိုင့်မထုပ်ခဲ့ကြဖို့မှာ လိုက်သည်။ ထို့အတွက် တစ်ရက် တစ်ရက် ဆရာခြောက်ဦး၊ ခုနစ်ဦး အတွက် ရွာကအိမ်တွေ တာဝန် ယူကြသည်။

အဲဒီမှာတင် ပြဿနာကစ သည်။ ဆရာများကို ကျွေးချင်လွန်း ၍ သူ့အိမ်ကလည်းချက်၊ ကိုယ့် အိမ်ကလည်းချက်ဖြင့် ထမင်းစား အိမ်တွေ တိုက်ကုန်သည်။ ထမင်း စားချိန် လာခေါ်သူတိုက်တိုက်နေ ၍ ဆရာလေးများ ဘယ်လိုက်လို့ လိုက်ရမှန်းမသိ။ ထို့အပြင် အချို့ က မနက်ခင်းအစောစာကို မကျွေး ချင်ကြ။ မသဒ္ဓါ၍မဟုတ်။ မနက် ခင်းအစောစာ များများမစားနိုင်၍ ဖြစ်လေသည်။ ရွာက တာဝန်ရှိသူ တွေက အလှည့်ကျ နေ့လယ်စာ ဘယ်အိမ်၊ ညစာ ဘယ်အိမ်ခွဲပေး လိုက်မှ အဆင်ပြေသွားသည်။

ကလေးအချင်းချင်းကြားမှာ လည်း ကိုယ့်အိမ်သူ့အိမ် ဘယ်သူ က ပိုကျွေးနိုင်သည် စကားနိုင်လု ပြောကြသည်။ ‘‘တို့အိမ်က ဆရာ လေးတို့ကို ဝက်သားဟင်းနဲ့ ကျွေး တာ’’ဟုဆိုလျှင် နောက်ကလေး တစ်ယောက်ကလည်း အားကျမခံ ‘‘ငါတို့အိမ်က ဝက်သားတင် မဟုတ်ဘူး။ ကြက်သားရောပါ တယ်’’ဟုပြောကာ သေးသေး တင်ကြသည်။


မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ခွေးမွှေးကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (ဓာတ်ပုံ - ညီညီဇော်)

ကလေးတွေကလည်း သူ့ ဆရာများမို့ ကျွေးချင်သည်။ မိဘ များကလည်း မိမိတို့ရင်သွေးများ ကို တစ်နယ်တစ်ကျေးကနေ စာ လာသင်ကြားပေးကြသည့် ဆရာ တွေမို့ စေတနာရှိကြသည်။ အချို့ အိမ်တွေက ကျွေးသာကျွေးရသော် လည်း စားမကောင်းမှာ၊ အိမ်က ကျဉ်း၍ ဆရာလေးများ စားဖို့ သောက်ဖို့ အဆင်မပြေမှာ တွေး ကာ အားနာကြသည်။ အချို့က ထန်းလုပ်ငန်းလုပ်နေသည်မို့ ထန်း တောထဲ လိုက်စားဖို့ အားနာနာဖြင့် ပင့်ကြသည်။

ထိုမျှအထိ စေတနာကောင်း လှသည့် ကျေးရွာအတွက် ဆရာ လေးများကလည်း စေတနာရောင် ပြန်ကြပါသည်။ ညဘက်ဆရာ လေးတို့နေသည့်အိမ်တွင် ကျောင်း သား၊ ကျောင်းသူတွေ သွားရောက် ကာ စာကျက်ကြသည်။ မရှင်းလင်း သည်များကို ပြန်ပေးကြသည်။ ရွာမှာက လျှပ်စစ်မီးမရှိသေး၍ ဆိုလာလျှပ်စစ်ဖြင့် ဆရာလေးတို့နေသည့်အိမ် မီးလင်းအောင် လုပ်ပေးကြသည်။ ဘက်ထရီအိုး မဝယ်နိုင်သေး၍ ရွာရှိအိမ်တွေကနေ အလှည့်ကျ လှည့်ငှားရသည်။ မနက်လင်းလျှင် အားပြန်သွင်းပေးထားကြသည်။

ထိုသို့ ပျော်ရွှင်စွာနေခဲ့ကြ သည့် တန်းပြဆင်းဆရာလေးများ သည် တန်းပြဆင်းကာလ နှစ်လ တာ ပြီးဆုံးသွားချိန်မှာတော့ အိမ် ပြန်ဖို့အတွက် ပြင်ဆင်ကြသည်။ နောက်ဆုံး နှုတ်ဆက်သည့်အနေ ဖြင့် ဆရာလေးများက ကလေး တွေကို မုန့်ဟင်းခါးတိုက်သည်။ ထိုနေ့က ကျောင်းသို့လာသည့် က လေးတွေ လက်ထဲမှာ တုတ်တံက လေးတွေ ဝှေ့ကာ ကိုင်လာကြ သည်။ တုတ်ကလေးတွေကြား ထဲမှာတော့ ပိုက်ဆံလေးတွေ တ လွင့်လွင့်ထိုးလာကြသည်။ အချို့ က ငါးထောင်တန်၊ အချို့က တစ် ထောင်တန် သုံး၊ လေးရွက်၊ လေး၊ငါးရွက် စသည်...။

အိမ်ခြေ တစ်ရာ့လေးဆယ် ကျော်သာရှိသော်လည်း ထိုယူလာ သည့် ကလေးတွေ၏ ငွေသားတွေ ပေါင်းလိုက်ချိန်မှာတော့ လေး သိန်းကျော်ကျော် ရလေသည်။ တန်းပြဆင်းဆရာလေးများအပြင် အမြဲနေဆရာ၊ ဆရာမများကို လည်း ငွေသားများ ခွဲဝေကာ ကန် တော့ခဲ့ကြလေသည်။ သူတို့တွေ အပေါ် စေတနာတွေ ထားခဲ့ကြ သည့် ကျေးရွာကလေးကနေ ခွဲရ တော့မည်ဆိုတော့ ဆရာလေးများ စိတ်ထဲ ဘယ်လိုမှ မကောင်းကြ။ ဆရာဘဝ ရောက်ပြီဖြစ်သော် လည်း လူငယ်တွေသာ ရှိသေး သည်မို့ မျက်ရည်က ဘယ်လိုမှ မထိန်းနိုင်ကြတော့။ လာကြိုပေးကြသည့် သူငယ်ချင်းတွေက ‘‘မင်း ကွာ မင်းတို့က ဒီလိုဖြစ်နေရင် ကလေးတွေ ပိုဆိုးတော့မှာပေါ့။ စိတ်ထိန်းစမ်းပါ’’ဟု သတိပေး သော်လည်း မရ။

ဆရာတွေငိုတော့ ကလေး တွေလည်း ငိုခဲ့ကြရလေသည်။

ယခုနှစ်တွင်လည်း ထိုနည်း လည်းကောင်းပင်။ ဇွန်လ ၁၉ ရက်  က တန်းပြဆင်းသည့် ဆရာလေး နှစ်ယောက် ရောက်လာခဲ့သည်။ ထိုဆရာလေးကိုလည်း ယခင် ဆရာလေးများကဲ့သို့ပင် ရွာက ဂရု စိုက်ကြသည်။ ယခင်အိမ်မှာပင် ထားက ယခင်ကလိုပင် ရွာရှိအိမ် တွေက စားဖို့အတွက် တာဝန်ယူ ကြသည်။ မနှစ်ကလို ထမင်းကျွေး အိမ်တွေ မတိုက်ရအောင် ဆယ် အိမ်ခေါင်းတွေက သူ့ရက်နှင့်သူ ကျွေးဖို့ စီမံပေးကြသည်။ ထိုဆရာ လေးနှစ်ဦးဆီကိုလည်း ကလေး တွေက မနှစ်ကလိုပင် ညတိုင်းည တိုင်း သွားရောက်ကာ စာကျက်ကြ သည်။  စာသင်ကြသည်။ စာသင် ပြီးတော့လည်း ဆရာလေးများနှင့် ကစားကြသည်။

ဆရာလေးများ တန်းပြဆင်း ကာလလွန်၍ သြဂုတ် ၂၂ ရက်က ပြန်တော့မည်ဆိုတော့လည်း မနှစ် က ဆရာများနည်းတူ ရွာက နှုတ် ဆက်ပွဲ လုပ်ပေးကြသည်။ ဆရာ နှစ်ဦးကလည်း သူတို့ပိုက်ဆံဖြင့် မုန့်ဟင်းခါး ပြန်တိုက်သည်။ ထို နေ့က ဥပုသ်နေ့ဖြစ်သဖြင့် က လေးတွေတင်မကဘဲ ဥပုသ်သည် တွေပါ မုန့်ဟင်းခါးစားကြွဖို့ ဖိတ် လိုက်သည်။ ဥပုသ်သည်အမေကြီး များက ဆရာလေးများကို အနား ကို ခေါ်ယူရင်း ချွေးခံအိတ်များထဲ မှ ငွေသားနွမ်းနွမ်းလေးများ ပေး ကြသည်။

‘‘ရော့ ငါမြေးတို့ဖို့ မုန့်ဖိုး။ ဒီကပြန်ရင် ကျောင်းပြန်တက်ရဦးမယ်မလား’’ ဟု အမေကြီးများက ပြောဆိုပေးတော့ ဆရာလေးများ စိတ်ထဲ ဝမ်းနည်းဝမ်းသာ ဖြစ်ကြ ရသည်။

ကလေးများကလည်း ထုံးစံ အတိုင်း မိဘတွေ ပေးလိုက်သည့် ပိုက်ဆံကလေးတွေ ပါလာကြ သည်။ ဒီနှစ်တော့ စာအိတ်ကလေး တွေနှင့် ထည့်လာကြသည်။ ထို စာအိတ်ကလေးတွေတင် မက သေးပါ။ ဆရာလေးများ ချုပ်ဝတ်ဖို့ အင်္ကျီစထုပ်ကလေးတွေ၊ ပုဆိုး တွေ၊ ဖိနပ်တွေ၊ ရွာကထွက်သည့် ထန်းလျက်ခဲတွေ၊ သနပ်ခါးတုံး တွေ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ သွား တိုက်တံစသဖြင့် မသိလျှင် ဘုန်း ကြီးသိမ်ဆင်းလောင်းဖို့ ယူလာသ လား အောက်မေ့ရလောက်အောင် ပစ္စည်းစုံလင်စွာ လက်ဆောင်ပေး ဖို့ ယူလာကြသည်။

ဆရာလေးတွေပြန်တော့ ငွေ သား တစ်ဦး တစ်သိန်းသုံးသောင်း ကျော်အပြင် လက်ဆောင်ထုပ် တွေက တစ်ယောက်ကို ပီနန်အိတ် တစ်လုံးစာလောက်စီ ထည့်ပေးနိုင်ကြသည်။ မနှစ်ကလိုပင် ဆရာ လေးတွေရော ကျောင်းသား၊ ကျောင်းသူကလေးတွေပါ မျက် ရည်ကျကြသည်။

ထို့အပြင် ဆရာနှင့် ကလေးများ၏ဖြစ်အင်ကိုကြည့်ကာ အမေကြီးများလည်း မျက်ရည်လည်ခဲ့ ကြလေသည်။

ယခုတော့ ထိုကျောင်းက လေးမှာ အမြဲနေဆရာ၊ ဆရာမ များ၊ လုပ်အားပေးဆရာလေးများ နှင့် ကလေးငယ်ပေါင်း ၉၀ ခန့် သည် နေ့စဉ်ပျော်ပျော်ရွှင်ရွှင် စာ သင်ယူနေကြပါသည်။ ကလေး တွေ ပျော်တာ မြင်နေရတော့လည်း ရွာသူရွာသားများ ပျော်ကြပါသည်။ သူတို့တွေ ပင်ပန်းခဲ့ကြ သည်။ သူတို့တွေ ဆင်းရဲခဲ့ကြ သည်။ ထို့အတွက် သူတို့သားတွေ၊ သမီးတွေကို ဆင်းရဲတောထဲ မရုန်းကန်စေချင်ကြတော့။

သူတို့ရင်သွေးငယ်များ ပညာ တတ်စေချင်ကြသည်။ ပညာရေး ဆုံးခန်းတိုင်စေချင်ကြသည်။ သူ တို့ကလေးတွေ ပညာတွေတတ်ဖို့ ဘယ်လိုပံ့ပိုးပေးရမည်နည်း။ ရွာ က ဆရာ၊ ဆရာမတွေအတွက် ဘာလိုအပ်သနည်း။ ခွေးမွှေးကျေးရွာ ရွာသူရွာသားများ ဖန်တီးပေးဖို့ အ ဆင်သင့်ပင်။ ယခုလည်း ကျောင်း မြေအတွက်၊ ကျောင်းအဆောက် အအုံအတွက်၊ စာသင်ခန်းပရိ ဘောဂအချို့အတွက် အကြွေးတွေ တင်နေသော်လည်း ရွာသူရွာသား များကိုယ်တိုင် အပတ်စဉ်၊ လစဉ် လှူနေကြ၍ ထိုအကြွေးတွေလည်း မကြာမီ ပြန်ဆပ်နိုင်တော့မည်ဟု ရွာသူရွာသားများက ယုံကြည်ကြ သည်။

ဟိုသင်ပုန်းက သူ့ကိုခေါ်

သည်သင်ပုန်းက သူ့ကိုခေါ်

ကလေးတိုင်းရဲ့ အဖော်

ခေါ်လေသမျှ ပျော်သဗျ

သဘောကောင်းတဲ့ ဝ

မသိလေက မှတ်ထားကြ

ဖေဖေ ဖိုးရွှေလ

မေမေ မိုးပြာလှ။

(တင်မိုး- ထီးကလေးနဲ့မနီ ကဗျာ စာအုပ်မှ)

ကလေးတွေက ကိုဝလုံး ကဗျာလေးကို အားရပါးရဆက် လက်သီဆိုနေကြသည်။ ထိုသီဆို နေချိန် အုံ့နေသော မိုးသားများဆီမှာ မိုးပေါက်ကလေးတွေ တ ပေါက်ပေါက်ကျလာခဲ့သည်။ ဟာ လာဟင်းလင်း ကျောင်းခန်းလေး ဆီ မိုးပေါက်ကလေးတွေ လွင့်စဉ် လာခဲ့သည်။ မကြာမီ မိုးသည်းထန်စွာ ရွာဦးတော့မည်ထင်သည်။

သို့သော် ထိုကလေးငယ်တွေ က သူတို့မျက်နှာလာစဉ်ကြသည့် မိုးစက်တွေကို တစ်စက်လေးမျှ မမှုဘဲ ကဗျာတွေ တစ်ပုဒ်ပြီးတစ် ပုဒ် ရွတ်ဆိုလို့ကောင်းနေတုန်းပင်။ ပင်မဆောင်ကြီးထဲတွင်လည်း အ တန်းပေါင်းစုံ၊ ကလေးသံပေါင်းစုံ နှင့်အတူ မိုးသံတွေစွက်လာတော့ မည်ဖြစ်သော်လည်း စာအသင်မ ပျက်၊ စာအံမပျက်။ ရွာကျောင်း ကလေးက စာသင်စာအံသံတွေ ခွေးမွှေးရွာကလေးထဲမှာ ပျံ့လွင့် လျက်။ ရွာခံဆရာလေးဦးလှိုင်မင်း ဦး၊ ကျောင်းကော်မတီ ဦးစိုးဝင်း တို့ကလည်း ကလေးတွေကို ကြည့်ကာ ပြုံးလျက် ။       ။

Top News