ဘဝစာမျက်နှာတွေက စာမေးပွဲမေးခွန်းမှာ ပါမှာလား

(တစ်)

ယခုနောက်ပိုင်း တက္ကသိုလ် ကောလိပ်ကျောင်းများက စာပေဟောပြောပွဲများကို ခပ်စိပ်စိပ်ကျင်းပ၍လာခဲ့ရာ တော်တော့ကို အားရကျေနပ်စရာကောင်းလှပါသည်။

ကျွန်တော်တို့ ကျောင်းသားဘဝက တက္ကသိုလ်နယ်မြေဆိုသည်မှာ စာပေအနုပညာနှင့် တွဲစပ်နေသည့် ရပ်ဝန်းဒေသပင်ဖြစ်ပါသည်။ စာပေဟောပြောပွဲတို့က တစ်နှစ်ပတ်လုံး ပြတ်တောက်သွားသည်ဟူ၍ မရှိလှ။ အပတ်စဉ် စာ ပေဟောပြောပွဲမရှိသည့် ရက်သတ္တပတ်ဟူ၍ မရှိလှ။

ဌာနအသီးသီးက စာပေ ဟောပြောပွဲများကို ကျင်းပပါသည်။ မြန်မာစာမိသားစု၊ အင်္ဂလိပ်စာမိသားစု၊ ပထဝီဝင်မိသားစု၊ သမိုင်းမိသားစု၊ စိတ်ပညာမိသား စု၊ ဒဿနိကဗေဒ မိသားစု၊ အရှေ့တိုင်းပညာမိသားစု၊ ဥပဒေမိသား စု စသည်ဖြင့်။ တစ်ဖန် ရူပဗေဒ မိသားစု၊ ဓာတုဗေဒမိသားစု၊ သင်္ချာမိသားစု၊ သတ္တဗေဒမိသား စု၊​​ ရုက္ခဗေဒမိသားစု၊ ကုန်ထုတ်ဓာတုဗေဒမိသားစု စသည်ဖြင့်။ သို့ဖြစ်ရာ အဓိကဘာသာကြီးများ က တစ်ပတ်စီ ကျင်းပသွားသည် ကပင်လျှင် အချိန်က သုံးလကျော် လေးလနီးပါးကြာညောင်းသွားခဲ့ ပြီဖြစ်ပါသည်။

ထို့နောက် အဆောင်များက ကျင်းပကြပြန်ပါသည်။ မာလာ၊ အင်းလျား၊ ရတနာ၊ သီရိ စသည့် အမျိုးသမီးအဆောင်များ၊ ရွှေဘို၊ ဒဂုံ၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ ပဲခူး၊ သထုံ စသည့်အမျိုးသားအ ဆောင်များ စသည်တို့ကလည်း စာဖတ်အသင်းများက ဦးဆောင်၍ ကျင်းပရာ သုံးလဝန်းကျင်အချိန် ကုန်သွားပြန်ပါသည်။

ယင်းက ရန်ကုန်တက္ကသိုလ်နယ်မြေကို အခြေခံကာ ကျင်းပခဲ့ ကြသည့် စာပေဟောပြောပွဲများပင် ဖြစ်ပါသည်။ ထို့နောက် ရန်ကုန်စက်မှုတက္ကသိုလ် ကဗျာရွတ်ပွဲ၊ စာပေဟောပြောပွဲ၊ စီးပွားရေး တက္ကသိုလ် စာပေဟောပြောပွဲ၊ ဆေးတက္ကသိုလ် (၁)၊ (၂)တို့၏ စာ ပေဟောပြောပွဲ၊ တိရစ္ဆာန်မွေးမြူ ရေးနှင့် ကုသရေးတက္ကသိုလ် စာ ပေဟောပြောပွဲ စသည်ဖြင့်လည်း စာပေရနံ့သင်းပျံ့ကြိုင်လှိုင်ရာ တက္ကသိုလ်များရှိရာသို့ ကျောင်း သားတို့ ခြေဦးလှည့်ကြမြဲပင်ဖြစ် ပါသည်။

ထို့ကြောင့် ရန်ကုန်မြို့ပေါ် တွင် စာပေဟောပြောပွဲ ပြတ်သွား သည့် လ,ဟူ၍ မရှိလှဘဲ စာနံ့ပေ နံ့ကြား၌ တက္ကသိုလ်များက ကြိုင်လှိုင်၍ နေပါလေတော့သည်။

(နှစ်)

ကမ္ဘာ့ထိပ်တန်း နည်းပညာ တက္ကသိုလ်ကြီးဖြစ်သည့် MIT (Massachusetts Institute of Technology) ၌ ကဗျာသင်သည်ဟု ဆိုသောအခါ ကျွန်တော်အံ့ဩသွားပါသည်။ ကမ္ဘာ့ထိပ်သီးစီးပွား ရေးပညာသင် တက္ကသိုလ်ဖြစ် သည့် London School of Econo-mics ကလည်း ဝတ္ထုတိုများကို သင်ရိုး၌ ထည့်သွင်းသင်ကြား ကြောင်း ကြားရသည့်အခါ ကျွန် တော်အံ့အာသရဲဖြစ်သည်ပင်ဖြစ်ပါသည်။

ဘာဆိုင်လို့လဲဟု စဉ်းစားသူ တို့ကလည်း စဉ်းစားမည်ပင်ဖြစ်ပါသည်။ အင်ဂျင်နီယာနှင့် ကဗျာ။ ဘောဂဗေဒနှင့် ဝတ္ထုတို။

အပေါ်ယံရှပ်ကာ စဉ်းစားလိုက်တော့လည်း ဘာမှမဆိုင်သလိုပဲဟု စဉ်းစားချင်စရာဖြစ်ပါသည်။ သို့သော် သူတို့က ဘွဲ့ဒီဂရီ များနှင့်အတူ အလှကို မြတ်နိုးသည့်စိတ်နှင့် လောကကို နားလည်ကာ ကိုယ်ချင်းစာသည့် နှလုံးသား ကို ပေးအပ်လိုက်ဖို့ စီမံခန့်ခွဲထားသည့် လူ့အဖွဲ့အစည်းပေကိုး။ ထို့ ကြောင့်လည်း MIT က သူ့တက္ကသိုလ်၏ ဆောင်ပုဒ် (Motto) ကို Mind and Hand ဟု ပေးထားခဲ့သည်ပဲ။ နှလုံးနှင့် လက်ရုံးဟု ပြန် ဆိုလိုက်ပါရစေတော့။ ပညာရေး မှာ နှလုံးသားကိုပါအောင် ခပ်ပါး ပါးညှပ်ထည့်ထားခြင်းပင်ဖြစ်ပါသည်။

(သုံး)

မည်သည့်ပညာရပ်နှင့်ပင် အသက်မွေးမွေး နှလုံးသားလှသူတို့ ဖြစ်ရန် လိုအပ်ပါသည်။ ရက်စက် သည့် သမားတော်၊ မောက်မာ သည့် ဆရာသမား၊ လောဘကြီး သည့် အင်ဂျင်နီယာ၊ ယုတ်မာ သည့် အမှုဆောင်အရာရှိ၊ အဂတိ လိုက်စားသည့် ဥပဒေသမားများ သည် နှလုံးသားမပါဘဲ ပညာ တတ်နေခြင်းသာဖြစ်ပါသည်။ ထို ကိစ္စများအတွက် ကုစားနိုင်သည့် အရာမှာ စာပေနှင့် အနုပညာပဲ ဖြစ်ပါသည်။

ကျွန်တော်တို့ဆီ၌ နှစ်ပေါင်း သုံးလေးဆယ်လောက် ဟောပြော ပွဲတို့ ဆိတ်သုဉ်းသွားပါသည်။ တက္ကသိုလ်များထဲ၌ မည်သည့်စာ ပေပွဲလမ်းသဘင်ကိုမှ ကျင်းပခွင့် မရဘဲ နေလာခဲ့ကြရာက လွန်ခဲ့ သော နှစ်များတွင်မှ စတင်ကာ ကျင်းပကြရာ တပ်မတော်ဆေး တက္ကသိုလ်၊ ရေကြောင်းပညာ တက္ကသိုလ်၊ ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာတက္ကသိုလ်၊ စက်မှုတက္ကသိုလ်များ၊ စီးပွားရေး တက္ကသိုလ်များ၊ ကွန်ပျူတာတက္က သိုလ်များ၊ ပုသိမ်၊ ဟင်္သာတ၊တောင်ငူ၊ မအူပင်၊ မကွေး၊ မြင်း ခြံ၊ ဒဂုံ၊ အရှေ့ပိုင်း၊ အနောက် ပိုင်း၊ ပဲခူး စသည်စသည်ဖြင့် အ များအပြားဖြစ်ပါသည်။

ပါမောက္ခချုပ်များကိုယ်တိုင် က အမြင်ကျယ်ကျယ်၊ သဘော ထားကြီးကြီး၊ နှလုံးသားလှလှဖြင့် ဦးစီးဦးဆောင်လုပ်ကာ ကျင်းပ လာကြခြင်းပင် ဖြစ်ပါသည်။ ဆို ကြပါစို့၊ ရန်ကုန်သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်။ ဟောပြောပွဲကို ဘာမှန်းမသိကောက်လုပ်လိုက် ခြင်းမဟုတ်။ PPD Program အဖြစ် လုပ်ခြင်းဖြစ်ပါသည်။ Personal and Professional Development Program အဖြစ် လုပ်ခြင်းဖြစ်ပါသည်။ ကိုယ်ရည် ကိုယ်သွေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်အဖြစ် နှစ် စဉ်ကျင်းပနေခြင်းဖြစ်ပါသည်။

(လေး)

တက္ကသိုလ်ရှိလျှင် ဟော ပြောပွဲရှိသည်။ ဟောပြောပွဲနှင့်အ တူ နှစ်လည်မဂ္ဂဇင်းရှိသည်။ ရန် ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း သည် ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး အားလုံး ကျောင်းတွင်းလက်ရာ။ ပန်းချီ၊ ကာတွန်း၊ မျက်နှာဖုံး သရုပ်ဖော်အားလုံး ကျောင်းတွင်၊ လက် ရာ။ ပြင်ပလူတစ်ဦးမှ မပါစေရ။ ဆို လိုသည်မှာ ကျောင်းသူ၊ ကျောင်းသားများ၏ အင်အားဖြင့် သီးသီး သန့်သန့်ထွက်လာနိုင်ခြင်းဖြစ်ရာ ထိုခေတ်က ကျောင်းသားထု၏ စာပေအနုပညာအထုအထည်ကို ခန့်မှန်းကြည့်ရှုနိုင်ပါသည်။

ဟောပြောပွဲတို့ ဆိတ်သုဉ်း သွားပြီးနောက် ယခုနှစ်ပိုင်းများအ တွင်း တက္ကသိုလ်၊ ကောလိပ် မဂ္ဂ ဇင်းတို့ ထွက်လာခဲ့ရာ ကျောင်း တွင်းလက်ရာက ပါသည်ဆိုရုံ ကလေး။ ကာတွန်းလည်း အပြင် က ပုဂ္ဂိုလ်။ ကဗျာလည်း အပြင်က ပုဂ္ဂိုလ်။ ဝတ္ထုလည်း အပြင်က ပုဂ္ဂိုလ်။ ဆောင်းပါးလည်း အပြင် က ပုဂ္ဂိုလ်။ ပန်းချီလည်း အပြင်က ပုဂ္ဂိုလ်။

ကျွန်တော်တို့ ကျဆင်းသွား သည်မှာ ဖန်တီးမှုပါ ကျဆင်းသွား ခြင်းဖြစ်ပါသည်။

ယခု စာပေအနုပညာပွဲတို့က တက္ကသိုလ်များကို နှလုံးသားပြန် လည်တပ်ဆင်ပေးနိုင်အံ့ဟု မျှော် လင့်ရပါသည်။ E.Q (Emotional Quotient)ခေါ် ခံစားမှုအညွှန်းကိန်း မြင့်သော တက္ကသိုလ်များအဖြစ်သို့ သယ်ဆောင်နိုင်ကြပါစေ။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)