တိုးတက်ပြောင်းလဲမှု၏ အခြေခံ

(၁)

စာရေးသူ တက္ကသိုလ် ကျောင်းသားဘ၀က မွေးမြူရေးပညာရပ်ကို သင်ကြားပို့ချပေးခဲ့ သော ပါမောက္ခဆရာကြီးဒေါက် တာအောင်သန်းဆုံးပါးခဲ့သည်မှာ ယ ခု ဩဂုတ်လတွင်လေးနှစ်တင်း တင်းပြည့်ခဲ့ပြီဖြစ်သည်။ ဆရာကြီး ဆုံးပါးချိန်တွင် စာရေးသူမှာ ရေ ဘေးကယ်ဆယ်ရေးတာဝန်ဖြင့် မွန်နှင့် ကရင်ပြည်နယ်များသို့ ခရီး ထွက်နေချိန်ဖြစ်ရာ ဆရာကြီး၏ နောက်ဆုံးခရီးသို့ လိုက်ပို့နိုင်မည်၊ မပို့နိုင်မည်မသေချာခဲ့။ ရန်ကုန် တွင် ကျန်ခဲ့သော သူငယ်ချင်းတစ် ယောက်က စာရေးသူတို့ပညာသင် နှစ်တပည့်များကိုယ်စား ဆရာကြီးအတွက် လွမ်းသူ့ပန်းခြင်းတစ်ခု စီစဉ်ခဲ့ပြီး ထိုပန်းခြင်းတွင် အတန်း ကိုယ်စား ဆရာကြီးအားနှုတ်ဆက် စကားရေးပေးရန် ဖုန်းဆက်လှမ်း ပြောခဲ့သည်။ စာရေးသူက ဆရာ ကြီးဒေါက်တာအောင်သန်းအား ကျောက်ကောင်းများထွက်သည့် တောင်တန်းအဖြစ် တင်စားကာ ကဗျာလေးတစ်ပိုဒ် ပေးပို့ဖြစ်ခဲ့ သည်။ မွေးမြူဆေးကုလောကအ တွက် တန်ဖိုးရှိသောတပည့်များ စွာကိုမွေးထုတ်ခဲ့သည် မဟုတ် လား။

 ဒီနှစ်ဩဂုတ်မှာတော့ လွမ်းသူ့ပန်းခြင်းပေါ်က ကျွန်တော်ရေး ဖြစ်ခဲ့သည့် ထိုကဗျာအပိုင်းအစ လေးကို ဓာတ်ပုံရိုက်ကာ ပြန်လည် မျှဝေထားသည့် အတန်းကြီးအစ် ကို၊ အစ်မများ၏ ဖေ့စ်ဘွတ်ခ်ပို့စ် လေးတွေကို ပြန်တွေ့ရသည်။ ထို ဓာတ်ပုံလေးအောက်မှာ ဆရာကြီး ၏တပည့်များက အမှတ်တရ စကားတွေ ဆိုကြသည်။ တစ်ဦး ချင်းစီက သူတို့အား ဆရာကြီးက ဆုံးမခဲ့သည့် စကားလုံးများကို အတိအကျ မှတ်မိနေသေးသည်။ ဆရာကြီး၏ စာသင်ဟန်နှင့်အတန်း ထဲတွင် ပြောလေ့ရှိသောစကား များကို ပြန်အမှတ်ရကြသည်။

စာရေးသူကတော့ နို့စားနွား မွေးမြူရေး ဘာသာရပ်အတွက် ဆရာကြီး မကြာခဏပြောလေ့ရှိ သည့်စကားတစ်ခွန်း ဖြစ်သည့် ‘‘တပည့်မင်း နို့စားနွားမွေးမြူရေး ခြံကြီးတစ်ခြံ တည်ထောင်တော့ မယ်ဆိုရင် နွားမကြီးတွေကို မျက် စိထဲမှာ ပြေးပြီးမမြင်ယောင်လိုက် နဲ့။ အရင်ဆုံး စိမ်းစိုနေတဲ့စား ကျက်မြက်ခင်းပြင်ကြီးတွေကို အ ရင်မျက်လုံးထဲမြင်ကြည့်လိုက်ပါ။ နို့စားနွားမွေးဖို့ မြက်ကောင်း ကောင်း ဘယ်လိုရနိုင်မလဲကစပြီး စဉ်းစားပါ’’ ဟူသော ဆရာကြီး၏ သင်ကြားပို့ချချက်ကို မျက်စိထဲ၊ နားထဲယခုထက်ထိမြင်ယောင်၊ ကြားယောင်ဆဲဖြစ်ပါသည်။ဆရာ ကြီး၏ ပို့ချချက်မှာ နည်းပညာပိုင်း သတင်းအချက်အလက်ဟု ဆိုရ မည်ဖြစ်သော်လည်း စာရေးသူ၏ အတွေးထဲတွင်မူ အတွေးအခေါ် တစ်ရပ်၊ ဘ၀၏ကိုယ်ပိုင်အဘိ ဓမ္မာတစ်ရပ်အဖြစ် ထိုစဉ်က တည်းက ရှင်သန်ခဲ့သည်။ အရာ ရာကိုအခြေခံမှ စတင်စဉ်းစားရ မည်ဟု ယုံကြည်စေခဲ့သည်။ အ ကျိုးရလဒ်ကောင်းတစ်ခုရဖို့ အ ကြောင်းကောင်းဖို့ လိုအပ်သည်ဟု သိမြင်နိုင်ခဲ့သည်။ မိမိဘ၀တိုး တက်မြင့်မားဖို့ ကြိုးစားရာတွင် လည်းကောင်း၊ တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရာ တွင်လည်းကောင်း လူအများမြင် သာသည့် တိုးတက်မှုအပေါ်ထပ် အဆောက်အအုံတွေ ခိုင်မာဖို့အ တွက် မည်သည့်အရာက အခြေခံ အုတ်မြစ်ဖြစ်သည်ကို သေသေချာ ချာသိရှိရမည်ဖြစ်သကဲ့သို့ ယင်း အခြေခံအုတ်မြစ် ခိုင်မာကောင်း မွန်ဖို့လည်း သေသေချာချာဆောင် ရွက်ရမည်ဖြစ်ကြောင်း ဆရာကြီး ၏ ပို့ချချက်မှတွေးထုတ်ဆင်ခြင် မိခဲ့ပါသည်။

(၂)

ဆရာကြီး၏ နို့စားနွားမွေးမြူ ရေး သင်ခန်းစာပို့ချချက်အ ကြောင်းပြောရင်း၊ ငယ်စဉ်က အဖေ့စာအုပ်စင်ကို မွှေနှောက် ရင်း ဖတ်ရှုမိခဲ့သည့်ဝတ္ထုတစ်ပုဒ် ကို သတိရမိသည်။ ဆရာမာန်မြင့် ၏ ‘ဗမာပြည်မှာလုပ်သည်’ ဟူ သော ၀တ္ထုတိုပေါင်းချုပ်စာအုပ် ကလေးထဲက ‘ကောင်းပါ့ဗျား’ ဟူ သောဝတ္ထုတိုကလေးဖြစ်သည်။

ဝတ္ထုဇာတ်လမ်းကလေးက သည်လိုပါ။ စာပေနယ်မှ ဆရာမာန်မြင့်ထံသို့ စာတစ်စောင်ရောက်လာသည်။ သုတေသနတစ်ခုနှင့် ပတ်သက်ပြီး ဆရာမာန်မြင့်နှင့် ဆွေးနွေးလိုသဖြင့် ဖိတ်ကြားသည့် စာဖြစ်သည်။ ဖိတ်ကြားသူက ဒေါက်တာပေါ်ထွန်းဖြစ်သည်။ သို့ နှင့် ဆရာမာန်မြင့်မှာ ဒေါက်တာ ပေါ်ထွန်း၏ သုတေသနဓာတ်ခွဲ ခန်းသို့ ရောက်ရှိသွားတော့သည်။ ဒေါက်တာပေါ်ထွန်းက သူ၏ သု တေသနလုပ်ငန်းများကို ဆရာ မာန်မြင့်အား ရှင်းပြခဲ့သည်။

ကမ္ဘာ ပေါ်တွင် လူဦးရေမှာ တစ်နေ့ထက် တစ်နေ့ပိုမိုပွားများလာနေကြောင်း၊ ထိုတိုးပွားလာသော လူဦးရေအတွက်လုံလောက်သော စားနပ်ရိက္ခာကို ထုတ်လုပ်ပေးဖို့လိုကြောင်း၊ ထိုသို့ မထုတ်လုပ်ပေးနိုင်လျှင်စားနပ်ရိက္ခာများရှားပါးကာ ငတ်မွတ်ခေါင်းပါးမှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရှင်းပြသည်။ ထို့အပြင် ထိုပြဿနာများကိုဖြေ ရှင်းရန်သူ့အနေဖြင့် တွေးတော ကြံဆကြည့်ရာ အဖြေတစ်ခုရပြီ ဖြစ်ကြောင်း ဒေါက်တာပေါ်ထွန်းက ဆက်၍ရှင်းပြသည်။

ထိုအခါ ဆရာမာန်မြင့် အတွက် အလွန်စိတ်ဝင်စားမိတော့သည်။ ဘယ်လိုတွေ့ရှိချက်မျိုးလဲဆိုတာကို သိလိုဇောဖြင့် ဆက်လက်နား ထောင် နေမိသည်။ ဒေါက်တာပေါ်ထွန်းက ‘‘အဲဒါကတော့ မြက်ကနေ နွားနို့ထုတ်တဲ့နည်းပဲ’’ ဟုပြောပြလိုက်ရာ ဆရာမာန်မြင့်မှာ အံ့ဩလွန်း၍ အလန့်တကြားပင် ဖြစ်မိသည်။

ထို့နောက် ဒေါက်တာပေါ် ထွန်းက ဆရာမာန်မြင့်အား သူ၏ ဓာတ်ခွဲခန်းထဲသို့ခေါ်ကာ လက် တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြခဲ့တယ်။ ဖန်ဘူးလေးတစ်ခုထဲသို့ မြက်အနည်းငယ်ထည့်ကာ အရည်တချို့ရောလိုက်၊ အပူပေး လိုက်၊ နောက်ထပ်အရည်တချို့ ရောလိုက်နှင့် ဒေါက်တာပေါ်ထွန်း အလုပ်ရှုပ်နေသည်။ ထိုသို့ အလုပ်ရှုပ်နေသည့်ကြားမှပင် ပါးစပ်မှ တတွတ်တွတ်နှင့်ရှင်းပြသည်။ အခန်းထဲရှိ သင်ပုန်းကြီးပေါ်တွင်လည်း ရေး၍ရှင်းပြသည်။ သူ ဘာပြောပြော ဆရာမာန်မြင့်က တော့ ဘာတစ်ခုမှနားမလည်။ ဖန်ဘူးထဲကို ဟိုအရည်ထည့်လိုက်၊ အရောင်ပြောင်းသွားလိုက်၊ သည်အရည်ထည့်လိုက် အရောင် ပြောင်းသွားလိုက်နှင့် မျက်လှည့်ပြ နေသလိုပင် ခံစားရသည်။အားလုံး ပြီးတော့  ဓာတ်ခွဲခန်းထဲက ထွက်လာကာ ‘‘ ကဲ ဘာများမရှင်းတာရှိ ပါသလဲဆရာ’’ ဟု ဒေါက်တာပေါ် ထွန်းကမေးသည်။ ဆရာမာန်မြင့် က ရိုးရိုးရှင်းရှင်းကလေးပြန်မေးသည်။ ‘‘မြက်ကနေ နွားနို့ဖြစ် အောင်ဘယ်လိုလုပ်မလဲ’’ ဟူသည့် မေးခွန်းဖြစ်သည်။ အဲဒီအတွက် စက်တစ်မျိုးလိုမည်ဖြစ် ကြောင်း၊ ကုန်ကျစရိတ်အနည်းဆုံးနှင့်လည်း ရအောင်၊ ပြည်တွင်း ဖြစ်ပစ္စည်းများနှင့်ပဲ ထုတ်လုပ်နိုင် အောင် ကြိုးစားနေကြောင်းစသည် ဖြင့် ရှင်းပြသည်။ ဆရာမာန်မြင့် ပြန်တော့ ဒေါက်တာပေါ်ထွန်းက ခြံတံခါးဝအထိ ပို့ဆောင်နှုတ်ဆက် ရင်းကတိပေးသည်။ ‘‘မြက်ကနေ နွားနို့လုပ်တဲ့စက် အောင်မြင်တဲ့ နေ့ မှာဆရာ့ကို အကြောင်းကြားပါ့ မယ်’’ ဟု ကတိပေးသည်။

တစ်နှစ်လောက်ကြာတော့ သုတေသနလုပ်ငန်းအခြေအနေ ကို ဘာမျှမကြားရတော့။ အခြေ အနေကို သိလိုသည့်ဆရာမာန် မြင့်က ဒေါက်တာပေါ်ထွန်းထံ အ လည်အပတ်သွားခဲ့သည်။ ဒေါက် တာပေါ်ထွန်းက သူ၏သုတေသန လုပ်ငန်းမှာ ရာနှုန်းပြည့်မပြီးသေး သော်လည်း အကောင်အထည်ပြ နိုင်သည့်အနေအထားသို့ ရောက် ပြီဖြစ်ကြောင်း ရှင်းပြသည်။ သူ့ အနေဖြင့် တိုင်းပြည်ရဲ့ သဘာဝက ပေးသော အခြေအနေနှင့်လည်း ကိုက်ညီ၊ ပြည်တွင်းဖြစ်ပစ္စည်း လည်း ဖြစ်ရမည်ဆိုသည့်မူနှင့်အ တတ်နိုင်ဆုံး အကောင်အထည် ဖော်ထားကြောင်းလည်း ရှင်းပြ သည်။ ဆရာမာန်မြင့်ကဒေါက်တာ ပေါ်ထွန်း၏ တီထွင်မှုအား ကြည့် ခွင့်တောင်းခံခဲ့သည်။ လျှို့ဝှက် ထားရမည်ဆိုပါကလည်း သေ သေချာချာ လျှို့ဝှက်ထားမည်ဖြစ် ကြောင်း ကတိပေးခဲ့သည်။ ထို့ နောက် ဒေါက်တာပေါ်ထွန်းက သူ တီထွင်ထားတာတွေကို လက်ညှိုး ထိုးပြသည်။ သွပ်မိုးတန်းလျားကြီး တစ်ခုဖြစ်သည်။ သေသေချာချာ မျက်လုံးပွတ်ကြည့်သည်။ သွပ်မိုးတန်းလျားအောက်မှာ နွားမကြီး တွေ မြက်စားနေကြသည်။‘‘ဒေါက် တာကလည်း နောက်နေပြန်ပြီ။အဲ ဒါကဖြင့် မြက်စားနေတဲ့နွားမတွေ ပဲဟာ’’ ဟု ဆရာမာန်မြင့်က ဆို တော့ ဒေါက်တာပေါ်ထွန်းက ‘‘ခင်ဗျားကလည်းဗျာ။ မြက်ကနေ နွားနို့ထုတ်ယူရာမှာ နွားမထက် ကောင်းတဲ့စက်များ တွေ့ဖူးသ လား။ ဒါဟာ မြန်မာပြည်ရဲ့ သ ဘာဝအခြေအနေနဲ့ အသင့်တော် ဆုံးပဲဗျ’’ ဟု အခိုင်အမာဆိုတော့ သည်။

သည်ဝတ္ထုလေးထဲမှာ ဆရာမာန်မြင့်က ခေတ်ကိုသရော်ခဲ့သည်။ အဲဒီခေတ်ရဲ့စနစ်ကို သ ရော်ခဲ့သည်။ အဲဒီစနစ်ထဲက လူအချို့ကို သရော်ခဲ့သည်။ သို့ သော် စာရေးသူကတော့ဖြင့် အဲဒီ သရော်ကွက်တွေထက် မိမိဘ၀ အတွက် သင်ခန်းစာထုတ်ယူဖို့ပဲ ပိုပြီး အလေးထားမိခဲ့သည်။ မိမိ ရေမြေ၊ မိမိအခြေအနေနှင့် ကိုက်ညီသော ကိစ္စရပ်တွေ၊ လုပ်ငန်း တွေကို ထိထိရောက်ရောက်လုပ်ကိုင်တတ်ဖို့လိုသည်။ အခြေခံအကျဆုံးတွေက စတွေးဖို့လိုသည်။ အခြေခံက စပြီးကြိုးစားဖို့လိုသည်။ အပြောင်းအလဲလိုချင်လျှင် အခြေခံကစတင်၍ ပြင်ဖို့လိုသည်။

(၃)

တိုင်းပြည်က ‘ပြောင်းလဲချိန်တန်ပြီ’ ဟုဆိုသည်။ ကဏ္ဍစုံမှာ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသည်။ ဘယ်ကဏ္ဍမှာမဆိုအခြေခံသဘောတရားတွေ၊ အခြေခံအုတ်မြစ်တွေကို မေ့ပြီးမစဉ်းစားကြဖို့လိုပါသည်။ အဲဒီအခြေခံတွေ ပေါ်မှ ကိုယ့်အခြေအနေ၊ ကိုယ့် ရေမြေနှင့် အကိုက်ညီဆုံးကို ရွေးချယ်နိုင်ကြဖို့လိုသည်။

အပြောင်းအလဲတွင် အရေးကြီးဆုံးမှာ နိုင်ငံရေးပြုပြင်ပြောင်း လဲမှုဖြစ်သည်။ တိတိကျကျဆိုရပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ်ချုပ် ငြိမ်းရေးတို့ပဲဖြစ်သည်။ ထိုအ ပြောင်းအလဲတွေအတွက် နည်း လမ်းတွေ အများကြီးရှိနိုင်သည်။ ကြိုးလည်း ကြိုးစားနေကြသည်။ သတိမမေ့ဖို့က နိုင်ငံ၏အခြေခံမှာ ပြည်သူတွေသာဖြစ်သည်။ အ ပြောင်းအလဲကို အမှန်တကယ် ဖော်ဆောင်နိုင်သည်မှာ ပြည်သူ့ အားပင်ဖြစ်သည်။ ထိုအခြေခံ အချက်ကို လုံးဝမေ့ပစ်လို့မဖြစ်။

နွားနို့ထုတ်လုပ်ဖို့ စားကျက် မြက်ခင်းစိမ်းစိမ်းများနှင့် နွားမကြီးများထက် ပိုကောင်းသောနည်းလမ်းမရှိပါ။ မြန်မာပြည်၏ အ ပြောင်းအလဲကို ဖော်ဆောင်ဖို့ပြည်သူ့အားထက် ပိုကောင်းသော အရာရှိပါမည်လား။။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

Top News