စာအုပ်အငှားဆိုင် လွမ်းချင်း

ဓာတ်ပုံ−ညီညီဇော်

စာအုပ်အငှားဆိုင်လေးထဲသို့ ၀င်လိုက်သည့်အခါ တိတ်ဆိတ်ခြင်းက စတင်ဆီးကြိုနှုတ်ဆက်သည်။

ညီညီညာညာ   စီထားပုံရသော်လည်း ကိုင်တွယ်သူမရှိ သည့် စာအုပ်စင်တန်းမှာ ဖုန်အလိမ်းလိမ်းတက်လျက်။ စာအုပ်စင်တန်းပေါ်က ၀တ္ထုစာအုပ်တစ်အုပ်ကို ဆွဲယူလိုက်ပြီး နောက်ကျောဖုံးကနေတစ်ဆင့် အတွင်းဘက်အဖုံးထဲကို လှန်ကြည့်လိုက်တော့ ဘောပင်ဖြင့် ရေးသားထားသော ဂဏန်းတွဲများက အတန်းလိုက်။ ၁၀၅/၇/၁၂၊ ၈၇/၈/၁၂၊ ၉၄/၉/၁၂ စသည်….။

ထိုဂဏန်းတွေက စာအုပ်အငှားဆိုင်ကနေ စာအုပ်ငှားမည်ဆိုလျှင် ဆိုင်ကစာရင်းစာအုပ် တွင် စာရင်းသွင်းပြီးနောက် ငှားရမ်းမည့်စာအုပ်တွင်ပါ မှတ်သားပေး ခြင်း ဆိုသည်ကို စာအုပ်ငှားရမ်း ဖတ်ရှုသူများ သိကြပါလိမ့်မည်။ ဂဏန်းတွဲသုံးခု ရေးသားထားသည့် အနက် ရှေ့ဆုံးဂဏန်းမှာ စီနီယာနံပါတ်ကို ရည်ညွှန်းပါသည်။ အလယ်ကတော့ နေ့စွဲကိုရည်ညွှန်း ပြီး နောက်ဆုံးဂဏန်းမှာတော့ အင်္ဂလိပ်လကို မှတ်သားခြင်းဖြစ်သည်။ ရှေ့ဆုံးက စီနီယာနံပါတ် ကို ကြည့်လိုက်ရုံဖြင့် တစ်နေ့တစ် နေ့ စာအုပ်ငှားရမ်းမှုအရေအ တွက်ကို ခန့်မှန်းနိုင်ပါသည်။ နောက်ပြီး စာအုပ်နောက်ကျောဖုံးအ တွင်းဘက်မှာ တစ်တန်းပြီး တစ်တန်းရေးသားထားသော ရှည်လျားလှသည့် ထိုဂဏန်းတွဲ မှတ်သားမှုများမှတစ်ဆင့် စာအုပ် တစ်အုပ်၏ ငှားရမ်းဖတ်ရှုမှုနှုန်း ကို တွေ့မြင်ရမည် ဖြစ်သည်။ ဒါတောင်ရက်လွန်ယူကာ ငှားရမ်းမှုမပါသေး။ ထိုရှည်လျားပေများလှ သော စာအုပ်ငှားရမ်းမှု မှတ်တမ်းကြီးတွေက ယခုခေတ်ကာလ မဟုတ်ပါ။ လွန်ခဲ့သော ဆယ်စုနှစ်များဆီကသာ ဖြစ်လေသည်။

ငယ်စဉ်က မိဘများ၏ လမ်းပြခေါ်ယူမှုကြောင့် စာအုပ်အငှားဆိုင်ကလေးတွေနှင့် စတင်သိကျွမ်းရသည်။ တစ်နေ့တစ်နေ့ စုံလင်စွာထွက်လာသော ကာတွန်းရုပ်ပြပေါင်းစုံကြောင့် တစ်နေ့တလေမှ စာအုပ်အငှားဆိုင်မသွားရလျှင် မနေတတ်မထိုင် တတ် ဖြစ်တော့သည်။ ကိုပူစီ၊ ဒီလုံး၊ ကိုစူပါ၊ သမိန်ပေါသွပ်၊ ဇီးကွက်လစဉ်၊ ဦးကပ်စေး၊ ရှံစားဒိန်းဒေါင်၊ ပြာဂလောင် ပြာလချောင်၊ အရိုင်း၊ ဦးစိတ်တိုနှင့် မျောက်ညို၊ စံရွှေမြင့်၊ ဘိုဘို၊နန်းဦး၊ အပါလွင်၊ တင်မောင်ဝင်း၊ ကိုရွှေထူး၊ ပိုးဇာ၊ တွတ်ပီ၊ ဒီရဲဂျာ စသည့်စသည့် ကာတွန်းရုပ်ပြတွေက ကလေးတစ်ယောက်၏ အာရုံကို အတော်လေးဖမ်းစားနိုင် ခဲ့သည်။

မနက်လင်းပြီဆိုသည်နှင့် မုန့်ပင် မစားနိုင်သေးဘဲ စာအုပ်အငှားဆိုင်ရှေ့ သွားထိုင်စောင့်ခဲ့သည့် နေ့ရက်တွေက များမှများ။ မိမိကြိုက်သည့် စာအုပ်အသစ်ကလေးများ ပါလာခဲ့ပြီဆို လျှင် ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ အသစ်စက်စက် ကော့ပျံနေသည့် စာအုပ်ကလေးကိုဖွင့်ကာ နမ်းရှုပ်ကြည့်မိသည်အထိ စာအုပ်အသစ်အနံ့လေးတွေကို စွဲနေမိသည်။ မိမိယူနေကျ၊ ငှားနေကျ စာအုပ်အမျိုး အစားမျိုးကို တခြားသူက ယူသွားပြီဆိုလျှင်တော့ ပွဲကြမ်းတော့သည်။ ငှားသွားသူထံ ခဲနှင့်သွားထုသည်။ ရန်ဖြစ်သည်။ စာအုပ်ကိုမရမက ပြန်လည်တောင်းယူ သည်။ ထို့ကြောင့် စာအုပ်ဆိုင်က နာမည်ပေးထားသည်။ စာကြမ်း ပိုးဟူ၏။

ကြမ်းပိုးတစ်ကောင်သည် သူသွေးစုပ်ယူလို့ရမည့် နေရာမှာပျော်သလို စာကြမ်းပိုးတစ်ယောက် သည်လည်း သူ့အတွက် ရသ ပေါင်းစုံ စုပ်ယူခံစား၍ရမည့် စာအုပ်အငှားဆိုင်များတွင်သာ ပျော်လေသည်။ ကလေးအရွယ်မို့ ဆော့ချိန်တန်ဆော့၊ ကစားချိန်တန်ကစား၊ ကျောင်းစာလုပ်ချိန် လုပ်ခဲ့သော်လည်း တခြားအချိန်များတွင် တော့ စာအုပ်တစ်အုပ်ဖြင့် မွေ့လျော်နေရခြင်းသည်သာ ပျော်စရာအကောင်းဆုံး အချိန်များပင်။

မိုးရွာလျှင် ထီးတစ်ချောင်း ဖြင့် စာအုပ်အငှားဆိုင်ကလေးဆီ ပြေးသည်။ ငှား၍ရလာသည့် စာအုပ်တွေကို ပလတ်စတစ်အိတ်ဖြင့် လုံခြုံစွာထည့်သိမ်းရင်း အိမ်ကိုပြန်သည်။ အိမ်ရောက်လျှင် ခြေဆေးလက်ဆေးပြီး ခြင်ထောင်ထဲ ၀င်ကာ စာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ဖတ်သည်။ အပြင်မှာ မိုးက သဲသဲမဲမဲ ရွာလို့ကောင်းလေ စာအုပ် တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ် ကာ အရသာခံ၍ကောင်းလေပင်။

ဆောင်းတွင်း ချမ်းချမ်းစီးစီး ချိန် ရောက်လာပြန်လျှင်လည်း စာအုပ်နှင့် တစ်စက်ကလေးမျှဝေးချိန်မပေးခဲ့ပါ။ မနက်ခင်း နေရောင်ခြည်မှာ အချမ်းပြေလှုံရင်းစာအုပ်ဖတ်ပြန်သည်။ ညဘက်ရောက်တော့  ဘက်ထရီမီး၊ဖယောင်းတိုင်မီးလေးတွေဖြင့် စောင်ခြုံကာ ဖတ်ပြန်သည်။ မနက်နိုးလျှင် ချက်ချင်းမထသေးဘဲ စောင်ခြုံလျက် စာအုပ်တွေ ကောက်ဖတ်နေပြီဆိုလျှင်တော့ မိခင်ဖြစ်သူ က အော်တော့သည်။

နွေရာက်လာ ပြန်တော့လည်း စာအုပ်တွေနှင့် ပိုလို့တောင် နီးနီး ကပ်ကပ်နေဖြစ်လာခဲ့သည်။ ကျောင်းပိတ်ပြီဖြစ်၍ မနက်လင်းသည်နှင့် စာအုပ်အငှားဆိုင်တန်း ပြေးကာ စာအုပ်ငှားဖို့ တာစူတော့ သည်။ လောဘတကြီးဖြင့် ငှားလာသည့် စာအုပ်တွေဖြင့် ပူစစနွေနေ့တွေကို ဖြတ်သန်းသည်။  ညဘက်ရောက်လျှင်လည်း လမ်းဘေးဓာတ်တိုင်အောက် စာအုပ်ဖတ်ရင်း နွေညတွေကို ဖြတ်ကျော် သည်။

နွေပေါက်လျှင်တော့ စာအုပ်အငှားဆိုင်လေးမှာ ပို၍ပို၍ လူရှုပ်လာတတ်လေပြီ။ ပုံမှန်ငှားနေကျစာဖတ်သူအပြင် နွေကျောင်းပိတ် ၍ ရောက်လာတတ်သည့် ကလေးတွေကြောင့် စာအုပ်အငှားဆိုင်က ပိုပြီး လူစည်လာခဲ့လေပြီ။ စာအုပ်အသစ်ရဖို့အရေး ဆိုင်ရှင်နှင့် ရင်းနှီးအောင်ပေါင်းရသည်။ စာအုပ်သွားဝယ်သည့် ဆိုင်ရှင်ကို ကားဂိတ်ကနေ သွားကြိုသည်။ ပါလာသည့် စာအုပ်တွေချုပ်ဖို့ ဂျပ်စက္ကူတွေ၊ ပလတ်စတစ်လိပ်တွေကို သွားသယ်ကူကြသည်။

စာအုပ်ချုပ်နေသည့် ဆိုင်ရှင်ဘေးမှာ ကလေးတွေက ပတ်လည်ဝိုင်းနေသည်။ ဘယ်စာအုပ်ကတော့ သားယူမည်၊ ဘယ်ကာတွန်းကတော့ သမီးအရင်ငှားမည်အသံတွေက ဆူညံနေသည်။ ဆိုင်ရှင်က စာအုပ်ချုပ်ရင်း ဘယ်သူ့ကို ဘယ်စာအုပ်ပေးရမည်ဆိုတာကို စိတ်ထဲကနေ ခွဲတမ်းချနေရသည်။ မဖြစ်မနေ ချန်ထားပေးရမည့် အမြဲတမ်းငှားရမ်းနေကျ လူတွေအဖို့လည်း စာအုပ်တွေ ချန်တန်ချန်ရသည်။ ကောင်တာအံဆွဲထဲ ၀ှက်တန်ဝှက်ရသည်။

ကလေးဘ၀ကနေ တစ်ဆင့်ဆယ်ကျော်သက် အရွယ်ရောက်လာပြန် တော့လည်း စာအုပ်ပိုးက မသေသေး။ သိုင်းစာအုပ်အတွဲ လိုက်ဆိုလျှင် လူငယ်တွေ ကြိုက်မှကြိုက်။ လေးအုပ်တွဲ၊ ရှစ်အုပ် တွဲတွေကို ဟောတစ်အုပ်၊ ဟော တစ်အုပ် ဖတ်ကြပြန်သည်။ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ တက္ကသိုလ်တင်မြင့်၊ မောင်စိန်ဝင်း (ပုတီး ကုန်း)၊ ဂျူး၊ မင်းလူ၊ နီကိုရဲ၊ လွန်းထားထား(ဆေးတက္ကသိုလ်)၊ လမင်းမိုမို၊ ပုညခင်၊ ရှင်မိုးစတဲ့ စာအုပ်တွေထွက်ပြီဆိုလျှင် အလုအယက်။ ဒါတောင်စာရေးဆရာတချို့တွေကျန်နေသးသည်။ တချို့စာအုပ်မျိုးဆို တစ်အုပ်တည်းနှင့် မလောက်၍ နှစ်အုပ်၊ သုံးအုပ်တောင် ထားပေးရသည်။

လူကြီးတွေကလည်း ကလေးတွေ လူငယ်တွေနှင့်အပြိုင် ငှားရမ်းကြပါသည်။ စာဖတ်သက်နုသေးသူ၊ ၀တ္ထုဖတ်ရတာ အားမရသေးသူတွေကတော့ လူငယ်တွေဖတ်သည့် စာအုပ်မျိုးတွေ ရော သူတို့ခေတ်အရ ကြိုက်နှစ်သက်နေဆဲဖြစ်သည့် ကလျာ(၀ိဇ္ဇာသိပ္ပံ)တို့၊ ရှားတို့၊ မီကိုဇူးဇင်တို့ တစ်တွေကို မက်မက်မောမော ဖတ်နေကြဆဲဖြစ်သည်။ ၀တ္ထုဖတ်ရာကနေတစ်ဆင့် သတင်းအကြောင်းအရာကို စိတ်ဝင်စားသူ တွေ၊ ရသ၀တ္ထုတိုတွေ၊ ဆောင်းပါးတွေ၊ အက်ဆေးတွေ ဖတ်ချင်သူတွေကတော့ လစဉ်ထုတ်မဂ္ဂဇင်းတွေဘက် လှည့်ကြသည်။

ရွှေအမြုတေ၊ မဟေသီ၊ ကလျာ၊ စံပယ်ဖြူ၊ ဓန၊ မြန်မာ့ဓန၊ မြားနတ်မောင်၊ ရုပ်ရှင်တေးကဗျာစသည့် မဂ္ဂဇင်းတွေ ထွက်ပြီဆိုလျှင်လည်း သူ့ထက်ငါဦးအောင် ငှားကြသည်။ ဂမ္ဘီရလိုင်းဘက်က မဂ္ဂဇင်းများကလည်း လစဉ်စောစောထွက်နေကျဖြစ်၍ မဂ္ဂဇင်း    ပရိသတ်အတွက်က လည်း ဖတ်ဖို့ရန် အလုံအလောက် ပင်။

သို့သော် ထိုကဲ့သို့သော စာအုပ်အငှားဆိုင် ရွှေခေတ်တွေက ဖြင့် လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလတွေမှာ ကျန်ခဲ့လို့သွားခဲ့ပါပြီ။ ယခုတော့ မိမိတို့ကြိုက်နှစ် သက်စွာ စွဲလမ်းခဲ့ရသော ကာတွန်း ဇာတ်ကောင်ပေါင်း များစွာသည် လည်း ယခင်ခေတ်ထဲမှာ ကျန်ခဲ့ပါလေပြီ။ လုံးချင်းဝတ္ထုများသည် လည်း တစ်အုပ်စနှစ်အုပ်စက လွဲ၍ မှန်မှန်မထွက်နိုင်တော့။ မဂ္ဂဇင်း   တော်တော်များများက တော့ အပြီးတိုင်ဖြုတ်သိမ်းကာ ဘ၀ဆုံးသွားခဲ့လေပြီ။

ယခင်က နေ့စဉ်စာအုပ်အ သစ်ရောက်ခဲ့သော စာအုပ်ဆိုင်ကလေးတွေမှာ ယခုတော့ တစ်ပတ်နေလို့မှ စာအုပ်အသစ်က ၁၀ အုပ် မရောက်တော့။ စာအုပ်ဖတ်သူ နည်းပါး၍ စာအုပ်အသစ်ကမထွက်၊ စာအုပ်အသစ် မထွက်တော့ ငှားသူကမရှိ၊ ထိုသို့လုံးလည် ချာလည်လိုက်ရင်း စာအုပ်အငှားဆိုင်ကလေးတွေ တဖြုတ်ဖြုတ် ကြွေလွင့်သွားခဲ့ရသည်။ ဖြူစင်ရိုးရှင်းလွန်းလှသည့်မိသားစုပေါင်းများစွာကို ထမင်းအိုးတည်ပေးနိုင်ခဲ့သည့် စာအုပ် အငှားဆိုင် ကလေးတွေ ပျောက်ကွယ်သွား ရသည်။

လူတွေ စာမဖတ်ကြတော့ ဘူး ဆိုသည်မှာ မှန်သင့်သလောက် မှန်သော်လည်း လုံးဝမဖတ်တော့ ခြင်းတော့ မဟုတ်ပါ။ မကြာခဏ ပြုလုပ်နေသော ရန်ကုန်၊ မန္တလေးမြို့ကြီးများမှ စာအုပ်အရောင်းပွဲတော်များ လူစည်ကားနေခြင်းအားဖြင့် စာဖတ်နေကြဆဲပဲ ဆိုတာကို ခန့်မှန်းနိုင်ပါလိမ့်မည်။ အွန်လိုင်းပေါ်မှတစ်ဆင့် ရောင်းဝယ်နေကြသော စာအုပ်များကို ကြည့်ခြင်းအားဖြင့် စာပေ၀ါသနာအိုးများ ရှိနေကြဆဲကို သတိပြုနိုင်ပါသည်။ သို့သော် ၀ယ်ဖတ်တာနှင့် ငှားဖတ်တာ ခြားနားချက်တစ်ခုတော့ ရှိပါသည်။

ကိုယ်ပိုင်ဝယ်ဖတ်သဖြင့်  ကိုယ်ဖတ်ချင်သည့် အချိန် ဖတ်၍ရသောကြောင့် မဖတ်ရသေးသော စာအုပ်များ ပုံနေသည်ကို စာချစ် သူများ ကြုံဖူးကြပါသည်။ စာ အုပ်အငှားဆိုင် ဆိုလျှင်တော့ အချိန်တန် ပြန်အပ်ရမည်ဖြစ်၍ ပြီးအောင် ဖတ်ကြရသည်။ ၀ယ်ဖတ်ရတာထက် စာအုပ်များများ ပိုဖတ်ဖြစ်သည်။ ဒီနေရာမှာ စာကြည့်တိုက်က ငှားဖတ်လျှင်လည်း  ရပါသည်။ သို့သော် စာကြည့် တိုက်ဆိုတာမျိုးက စာပေ၀ါသနာ အိုးများမှလွဲ၍ စာဖတ်သက်နုသေးသူများအဖို့သွားလေ့သွားထ နည်းပါးလေ့ရှိသည်။ ထို့ ကြောင့် စာဖတ်သက်နုသေးသူ များအတွက် အပျော်ဖတ်အဆင့် မှတစ်ဆင့် ဆွဲဆောင်နိုင်ဖို့ ရပ် ကွက်များထဲတွင် စာအုပ်အငှား ဆိုင်ကလေးများ လိုအပ်နေပါ သေးသည်။

ယခုတော့ စာအုပ်အငှားဆိုင် ကလေးတွေက ရွှေထက်ရှားလေပြီ။ ကျန်သည့်စာအုပ် အငှားဆိုင်လေးများမှာလည်း ခပ်ယဲ့ယဲ့ဖြင့် အသက်ဆက်နေရသည်။ ငှားရသည့် စာအုပ်မှတ်တမ်းက လည်း တစ်ရက်တစ်ရက် စာအုပ်လေးငါးဆယ်ပင် မပြည့်တော့။ ဖုန်အလိမ်းလိမ်းတက်နေသော စာအုပ်စင်တန်းကြီးတွေက ကိုင်သူမဲ့နေသဖြင့် ငိုမဲ့မဲ့ ဖြစ်နေသ ယောင်ယောင်။    ။

Top News