ဧရာဝတီတိုင်းတွင် တောဆင်အုပ်နှင့် ကွဲလာသည့် ရှစ်လအရွယ် ဆင်မလေးကို သစ်တောဦးစီးမှ ရှာဖွေထိန်းသိမ်း

ဓာတ်ပုံ−Forest Department

 ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် မြစ်တစ်ရာကြိုး ၀ိုင်းအတွင်း တောဆင်အုပ်နှင့် ကွဲ လာသည့် ဆင်မလေးတစ်ကောင် ကို ဖမ်းဆီးမိခဲ့ကြောင်း မြန်မာ့ သစ်လုပ်ငန်း ပုသိမ်တောင်သစ် ထုတ်လုပ်ရေးဒေသမှ ဒေါက်တာ လင်းလင်းထွန်း(ဆင်ဆေးကု) က ပြောသည်။

မစိန်တောင် ၀က်ကလော ရွာအနီးတွင် အမိမဲ့ဆင်ကလေး တစ်ကောင် သွားလာနေကြောင်း ငရုတ်ကောင်းတောင်ဒေသခံ တစ်ဦး၏ သတင်းပေးမှုအရ ပုသိမ်ခရိုင် ငပုတောမြို့နယ်သစ်တောဦးစီးဌာန မြန်မာ့သစ်လုပ်ငန်း တင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆင်မလေးကို ဆင်မုဆိုးများ၏ အန္တရာယ်မှ ကာကွယ်နိုင်ရေးရှာဖွေရာ သြဂုတ်၃၁ ရက် နေ့လယ် ၁ နာရီ၌ ယင်းကြိုးဝိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းကပြောသည်။


‘‘တောဆင်အုပ်နဲ့ ကွဲလာ တာပေါ့။ မိခင်လည်း မရှိလောက် တော့ဘူး ယူဆတာနဲ့ ဖမ်းဆီးပြီး စောင့်ရှောက်ထားမှသာလျှင် ကောင်းမယ်ဆိုပြီး သတင်းပေး လို့ သွားရောက်ဖမ်းဆီးခဲ့တာ’’ဟု ဒေါက်တာလင်းလင်းထွန်းက ပြောသည်။

 အဆိုပါ ဆင်ကလေးသည် အမဖြစ်ပြီး အသက်ရှစ်လသားအရွယ်ရှိပြီဖြစ်ကာ ငှက်ပျောသီး၊ ကြံကဲ့သို့ အစာနုများကို ကျွေးမွေးထားပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းကဆိုသည်။

‘‘ပုံမှန်အားဖြင့် ဆင်ပေါက် ကလေးတွေက (၂)နှစ်သားအ ရွယ်ထိ နို့တိုက်ကျွေးသင့်တယ်။ ရှစ်လအရွယ်ဆိုတော့ အစာနု လည်း စားတယ်ဆိုပေမယ့် တစ် ဖက်ကလည်း နို့စို့တာပေါ့။ နို့ချည်းပဲရယ်လို့တော့ မဟုတ်ဘူးပေါ့။ တွဲပြီးလုပ်သင့်တယ်။ ဒါပေမဲ့ ရှစ်လလိုဟာမျိုးကတော့ မိခင် ကလည်း နို့မရှိတော့ဘူးဆိုရင် တစ်ဖက်ကစားတဲ့ဟာနဲ့ ဖြစ်နိုင် တယ်။ နှစ်လ၊ သုံးလဆိုရင်တော့ တစ်မျိုးပေါ့’’ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က ပြောသည်။

လက်ရှိတွင် ၎င်းဆင်မက လေးကို ငရုတ်ကောင်းတောင်ရွာ တွင် ထိန်းသိမ်းစောင့်ရှောက် ထားပြီး မြန်မာ့သစ်လုပ်ငန်းသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။