အဆိုတော်တာရာ အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်

ဓာတ်ပုံ − Tar Rar FB

‘အစဉ်အမြဲ’၊ ‘တမ်းတ ခွင့်ပြုပါ’၊ ‘အသည်းကွဲညနေခင်း များ’၊ ‘မျက်စိမှိတ်ထားတယ်’ စသည့်နာမည်ကြီး တေးသီချင်း များသီဆိုခဲ့သော အဆိုတော်တာရာသည် စက်တင်ဘာ ၂ ရက် နံနက်တွင် အသည်းကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားသည်။

‘‘သူ (တာရာ)က ဆေးရုံ ခဏခဏတက်ရတယ်။ သက်သာလိုက်၊ ဆင်းလာလိုက်။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ဗိုက်တော်တော်အောင့်လို့ ဘောက် ထော်က သူနဲ့ရင်းနှီးတဲ့ ဆရာဝန် အိမ်မှာ သွားနေတာ။ မနက် (စက်တင်ဘာ ၂ ရက်)ကတော့ ၄ နာရီလောက်မှာ မခံမရပ်နိုင်အောင် အောင့်လာတော့ Green Cross ဆေးရုံမှာ တင်လိုက်တယ်။ ၆ နာရီခွဲလောက်မှာ ဆုံးသွားတာ’’ဟုအဆိုတော်တာရာ ဂီတလောကသို့ စတင်ဝင်ရောက်ချိန်ကတည်း က လက်တွဲကူညီပြီး တာရာ၏ပထမဆုံးစီးရီး ‘အလင်းတန်းများ’ ကို ထုတ်လုပ်သည့် နှင်းဆီလှိုင်း ထုတ်လုပ်ရေးမှ ဦးဇော်သစ်က ပြောသည်။

အဆိုတော်တာရာသည် သေဆုံးချိန်တွင် အသက် (၄၉) နှစ်ရှိပြီး စက်တင်ဘာ ၄ ရက်၌ ရေဝေးသုသာန်တွင် ဂူသွင်းသင်္ဂြိုဟ် မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘သူ့အတွင်းကလီစာတွေက တော်တော်လေးမကောင်းတော့ ဘူး။ သူက စိတ်နုတော့ ဆရာဝန် က အသိမပေးတာ’’ဟု ဦးဇော် သစ်က အဆိုတော်တာရာအ ကြောင်းကို ပြောသည်။

အဆိုတော်တာရာသည် အ လင်းတန်းများ၊ ပုလဲသီတကွဲစီ၊ အချစ်နှင့်သိမ်းပိုက်ခြင်း ချစ်ခြင်းရဲ့မျက်နှာများ စသည့်တစ်ကိုယ်တော်အခွေများထွက်ရှိပြီး အတွဲခွေအချို့တွင်လည်း ပါဝင်သီဆိုခဲ့သည်။

ပထမတစ်ကိုယ်တော်အခွေ ကတည်းက အဆိုတော်တာရာနှင့် လက်တွဲခြင်းဖြစ်သလို အဆိုတော် တာရာ၏ အနုပညာ အတိမ် အနက်ကို သိရှိနေသောကြောင့် နှမြောစရာကောင်းသည်ဟု ဦးဇော်သစ်က ပြောသည်။

မကွယ်လွန်မီတွင် တစ်ကိုယ်တော်အခွေတစ်ခွေစာ သီချင်းများပြီးစီးခဲ့သာကြောင့် ၎င်း၏ နာရေးကိစ္စပြီးပါက မိသားစုနှင့် တိုင်ပင်၍ ယင်းအခွေထွက်ရှိနိုင်ရန် စီစဉ်မည်ဟု ၎င်းက ပြောသည်။

‘‘အဲဒီအခွေထဲမှာ J Me နဲ့ ဆိုထားတဲ့ သီချင်းတစ်ပုဒ်တောင် ပါတယ်’’ဟု တာရာမကွယ်လွန်မီ စီစဉ်ခဲ့သည့် တေးစီးရီးအကြောင်း ကို ပြောသည်။

တာရာကွယ်လွန်ခြင်းနှင့် ပတ်သက်၍ မဇ္ဈိမလှိုင်းတီးဝိုင်းမှ ဦးနေဝင်းက စိတ်မကောင်းဖြစ်မိ ကြောင်း ပြောသည်။

‘‘တာရာနဲ့ ခင်ခဲ့တာက ကျွန် တော်ခင်မောင်တိုးနဲ့ စက်စမ်းနေ တဲ့အချိန်တုန်းက သူရောက်လာ တယ်။ မနက်က သူဆုံးသွားပြီဆို တာ သိလိုက်ရတယ်။ များစွာစိတ် မကောင်းဖြစ်မိတယ်။ သူနဲ့က ခိုင် ထူးတို့နဲ့ ခင်သလောက်တော့ မခင်ဘူး။ အတူသွားအတူလာလည်း သိပ်မရှိဘူး။ သတင်းကြားတော့ စိတ်မကောင်းဖြစ်တာပေါ့’’ဟု ပြောသည်။ တာရာကဲ့သို့ သီချင်းဆို ကောင်းသူတစ်ဦး ကွယ်လွန်ခဲ့၍နှမြောရကြောင်း  တာရာငယ်စဉ် ကလေးဘ၀ကတည်းက ခင်မင်ရင်းနှီးခဲ့သည့် အဆိုတော်ဇော်ဝင်းရှိန်က ပြောသည်။

‘‘တာရာဆိုတာ ကလေးဘဝကတည်းက သိတာလေ။  သူကလေးဘဝကတည်းက အန်ကယ်ဦးခင်မောင်လှ (ရဲဘော်ခင်မောင်လှ)ရဲ့ သားတွေပေါ့။ မြူးဇစ်ဝါသနာပါမှန်းလည်းသိတယ်။ ကျွန်တော်တို့အသံတွေ ဘာတွေသွင်းရင် လာလာကြည့်တယ်။ နောက် တော့ တာရာဆိုပြီး သီချင်းဆို တယ်။ သီချင်းဆိုတာ တော်တော် ကောင်းတယ်။ သူ့အသံလေးက တော်တော်ကောင်းတယ်။ သူတို့ကို သူ့အဖေအတိုင်းပဲ အားပေး တယ်။ နောက်လူကောင်လည်း ကြီးတယ်။ ဒီလိုဖြစ်သွားမယ်လို့ မမျှော်လင့်ထားဘူး။ စိတ်တောင် တော်တော်မကောင်းဖြစ်မိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တွေ့လိုက်တယ်။ ဝနေတယ်။ ကျွန်တော်တောင် ကျန်းမာရေးကောင်းရဲ့လားသားလို့ မေးလိုက်သေး တယ်။ ကောင်းပါတယ်တဲ့။ ဟိုတစ်လောက ဖေ့စ်ဘွတ်ခ်မှာ ဆေးရုံတက်နေတဲ့ပုံလေး တွေ့လိုက်သေးတယ်။ ဒါပေမဲ့ ကောင်းသွားမယ်ပဲ ထင်နေတာ။ အခု ဒါက Surprise ပါပဲ။ နာရေးလည်းပို့ဖြစ်မှာပါ။ ဒီလိုသီချင်းဆိုကောင်းတဲ့ လူငယ်လေးတစ် ယောက် ဒီလောကကနေ ထွက် ခွာသွားရတာ နှမြောတာပေါ့’’ဟု ၎င်းက ပြောသည်။