မြို့မအသင်းတာဝန်များမှ ရပ်စဲခံရသည့် မြို့မငြိမ်း၏သား ဦးရွှန်းမြိုင်က ငွေကြေးအရှုပ်အရှင်းများ ပြုလုပ်ထားခြင်းမရှိဟုဆို

မြို့မငြိမ်း၏ သား ဦးရွှန်းမြိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ − စည်သူလင်း)

 မြို့မအသင်းနှင့်ပတ် သက်သည့် တာဝန်အားလုံးမှ ရပ် စဲခံခဲ့ရသည့် မြို့မငြိမ်း၏ သားဦးရွှန်းမြိုင်က ငွေကြေးအရှုပ်အ ရှင်းမရှိ၍ ရှင်းလင်းစရာမလို ကြောင်း ပြောသည်။

ဦးရွှန်းမြိုင်ကို ငွေကြေးသုံးစွဲမှု ကိစ္စရပ်များအပါအ၀င် အ ကြောင်းပြချက် ခြောက်ချက်ဖြင့် မြို့မအသင်း၏ ပညာရေးဥက္ကဋ္ဌ တာဝန်နှင့် ဂီတမှူးတာဝန်များမှ ရပ်စဲကြောင်း မြို့မအသင်း နာယကများနှင့် အလုပ်အမှု ဆောင်အဖွဲ့က သြဂုတ် ၂၅ ရက် တွင် ထုတ်ပြန်ကြေညာသည်။ ထိုသို့ မြို့မအသင်းတာဝန်များမှ ထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ဦးရွှန်းမြိုင်အပါအ၀င် မြို့မငြိမ်းမိသားစုဝင်များက စက်တင်ဘာ ၂ ရက်တွင် မန္တလေးမြို့ လူထုစင် တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘ကျွန်တော်က ငွေကိုင်တဲ့သူ မဟုတ်ဘူး။ ကျွန်တော်က ဂီတ သမားဆိုတော့ ကျွန်တော်တို့ ပစ္စည်းက ဂီတပညာပဲ။ မရှုပ်ထား တဲ့အတွက် ရှင်းစရာမလိုဘူး။ ဒါ တွေအားလုံးက သက်ဆိုင်တဲ့ ငွေကိုင်တဲ့သူကသာ အဓိကဖြစ် တယ်။ ငွေကိုင်တဲ့သူက ဆင်လုံး တွေ၊ ထွင်လုံးတွေနဲ့ အကွက်ဆင် ပြီး လုပ်လိုက်တဲ့အခါ ကျွန်တော် က ကိစ္စမရှိဘူး။ ကျွန်တော့်အဖေ က ဟိုတုန်းက အုတ်ကားတစ်စီး တိုက်ခံရာကနေ အခုအုတ်ကား ဘယ်နှစီးတိုက်ခံရပြီးလဲ မသိ တော့ပါဘူး’’ဟု ဦးရွှန်းမြိုင်က သတင်းစာရှင်းလင်းပွဲတွင် ပြော သည်။

ဦးရွှန်းမြိုင်သည် မြို့မတူရိယာအသင်းကြီးတွင် တာဝန်ယူစဉ်အတွင်း မြို့မတူရိယာအသင်းတွင် အစဉ်အလာမရှိဖူးသော လုပ်ရပ်များကို လုပ်ဆောင်ခဲ့၍ သြဂုတ် ၂၄ ရက်က အသင်းတိုက်၌ အသင်းအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးကျင်းပကာ ဦးရွှန်းမြိုင်ကို မြို့မနှင့်ပတ်သက်သော ပညာရေးဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ဂီတမှူးတာဝန်မှလည်းကောင်း၊ တာဝန်အားလုံးမှ ရပ်စဲသည့်အပြင် အသင်းတိုက်၌ သင်ကြားနေသော သင်တန်းအားလုံးကိုပါ ပိတ်သိမ်းလိုက်သည်ဟု သြဂုတ် ၂၅ ရက်စွဲဖြင့် ထုတ်ပြန် သည့် မြို့မအသင်းအလုပ်အမှု ဆောင်အဖွဲ့ ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဦးရွှန်းမြိုင်သည် မြို့မအသင်း၌ ဖွင့်လှစ်သော သင်တန်းများတွင် အမှုဆောင်အဖွဲ့၏ သဘောတူခွင့်ပြုချက်မရှိဘဲ တယောသင်တန်းသားများကို အခြားသင်တန်းသို့ ရွှေ့ပြောင်းသင်ယူစေခြင်း၊ပြင်ပသင်တန်းသားနည်းပါးသွား၍ အသင်း သား/သူများကို  ဆိုတီး သင်တန်းများတက်ရောက်စေပြီး အသင်းရန်ပုံငွေမှ ငွေကြေးတောင်းခံခြင်း၊ သင်တန်းအတွက် ငွေကြေးများ လိုအပ်သည်ထက် များပြားစွာ သုံးစွဲခြင်း၊ သင်တန်းများသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များအတွက် မြို့မအသင်းကြီး၏ အခကြေးငွေယူတီးသော ပွဲများတွင် နန်းတော်ရှေ့ဆရာတင်နှင့် ဆရာမြို့မငြိမ်း၏ တေးသီချင်းများ သီဆိုတီးမှုတ်ပါက တေးသီချင်း တစ်ပုဒ်လျှင်  ကျပ်ငါးထောင်ပေးရမည်ဟု တင်ပြတောင်းဆိုလာခြင်း၊ ရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်နေသည့် မြို့မနှင့် ဆူးငှက်ခေါင်းစဉ်ပါပွဲတွင် နန်းတော်ရှေ့ဆရာတင်နှင့် ဆရာ မြို့မငြိမ်းသီချင်း ၁၄ ပုဒ် တီးမှုတ် သီဆိုမည်ဖြစ်ရာ ဦးရွှန်းမြိုင်က တစ်ပုဒ်လျှင် ငါးသောင်းကျပ်ပေးရမည်ဟု ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ စာတင်တောင်းဆိုခြင်း စသည့်အချက်များပါဝင်သည်။

၂၀၁၆ အောက်တိုဘာမှ ၂၀၁၇ မေလအထိ ရှစ်လအတွင်း ဂီတမှူး ဦးရွှန်းမြိုင်နှင့် ဂီတမှူး ဦးရဲထွေးတို့၏ သင်တန်းများအ တွက် သုံးစွဲငွေ ကျပ် ၃၃ သိန်းကျော်ရှိကြောင်း မြို့မအသင်း ငွေစာရင်းရှင်းတမ်းများတွင် ဖော်ပြထားသည်။

သင်တန်းများ ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ဦးရွှန်းမြိုင်က ယခင် မြို့မအသင်းတိုက် မီးဘေး သင့်၍ နေရာမရှိသော အချိန်များ တွင်ပင်သင်တန်းများ မပြတ်ဖွင့် လှစ်ခဲ့ကြောင်း၊ သင်တန်းများဖွင့် လှစ်ခြင်းဖြင့် ဂီတမျိုးဆက်များ ထွက်ပေါ်လာရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဂီတအသင်းဖြစ်သောကြောင့် ဂီတမျိုးဆက်သစ်များမပြတ်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယခုဖြစ်စဉ်များသည် မြို့မငြိမ်းမိသားစုဝင်များအပေါ် အသရေဖျက်ရာရောက်သဖြင့် တရားစွဲဆိုရန် ရှိ၊ မရှိ မိသားစုဝင်များနှင့် ပြန်လည်တိုင်ပင်ရန်ရှိကြောင်း ဦးရွှန်းမြိုင်၏ သား ဦးဘာမထီရွှန်းက ပြောသည်။

မြို့မ အပျော်တမ်းတူရိယာ အသင်းကို ၁၉၂၅ တွင် စတင် တည်ထောင်ခဲ့သည်။ ဦးရွှန်းမြိုင် သည် မြို့မအသင်းကို စတင်တည် ထောင်သူတစ်ဦးဖြစ်သူမြို့မငြိမ်း၏သား ဖြစ်သည်။

More in News Section

Top News