ကမ္ဘာ့လှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့်ငြိမ်းချမ်းရေးလှုပ်ရှားမှုသင်္ဘော ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့

သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့သော ငြိမ်းချမ်းရေးလှုပ်ရှားမှုသင်္ဘော(fb.com/Ministry of Hotels and Tourism)

ကမ္ဘာလှည့်ခရီးသွား ၁,၂၀၀ ခန့် ပါရှိသည့် ငြိမ်းချမ်း ရေးလှုပ်ရှားမှု အပျော်စီးသင်္ဘော  (Peace Boat) သည် ဩဂုတ် နောက်ဆုံးပတ်က ပထမဆုံးအ ကြိမ် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်ခဲ့သည်။

 အဆိုပါ ခရီးစဉ်ကို ဂျပန် နိုင်ငံမှ NGO အဖွဲ့အစည်းတစ်ခု နှင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကောင်စီတို့ကပူးပေါင်းစီစဉ်ပြီး ကမ္ဘာလှည့်ခရီး သည် ၁,၁၅၆ ဦးနှင့် သင်္ဘောဝန် ထမ်း ၃၃၇ ဦးတို့ လိုက်ပါလာ ကြောင်း ခရီးစဉ်အတွက် တာဝန် ယူစီစဉ်ပေးသည့် Myanmar Voyagas International Tou-rism ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။


‘‘ဒါက ပထမဆုံးလာတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ် သက်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြ ပါတယ်။ ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းက ကျောင်းသား၊ ကျောင်းသူ တွေလည်း သင်္ဘောကို လာလေ့ လာတယ်။ သင်္ဘောပေါ်က ငြိမ်းချမ်းရေးလှုံ့ဆော်တဲ့လူတွေ ကလည်း ပြည်တွင်းမှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေမှာ သွားပြီးလေ့လာကြပါတယ်’’ဟု ဦးသက် လွင်တိုးက ပြောသည်။

 ငြိမ်းချမ်းရေး သင်္ဘော (Peace Boat) အမည်ရှိ MV Ocean Dream အပျော်စီးသင်္ဘောသည် ဩဂုတ် ၂၇ ရက် နံနက်တွင် စင်ကာပူနိုင်ငံ ဆိပ်ကမ်းမှ မြန်မာနိုင်ငံ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး ဩဂုတ် ၂၈ ရက်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းသို့ ဆက်လက်ထွက်ခွာသွားသည်။

‘‘ငြိမ်းချမ်းရေးကို အဓိက ထားပြီး လုပ်ခဲ့ကြတာ ဖြစ်ပါ တယ်။ နိုင်ငံရေးတော့ မပါဘူး ပေါ့။ ၂၀၁၈ မတ်လကုန်မှာလည်း ပြန်လာဦးမယ်။ သုံးရက်ခရီးစဉ် အနေနဲ့ လာမယ်လို့ သိရတယ်’’ ဟုဦးသက်လွင်တိုးက ပြောသည်။

MV Ocean Dream သင်္ဘောသည် နိုင်ငံ ၁၈ နိုင်ငံမှ ငြိမ်းချမ်းရေး လူမှုအဖွဲ့အစည်းများ၊ ကမ္ဘာ လှည့်ခရီးသွားများ၊ ပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ ကို တင်ဆောင်ကာ ရက်ပေါင်း တစ်ရာအတွင်း နိုင်ငံ ၂၀ ကျော်နှင့်ဆိပ်ကမ်းမြို့ ၂၅ မြို့သို့ ဆိုက်ကပ်လည်ပတ်ခြင်းဖြင့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများ ဆောင်ရွက်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးလှုပ်ရှားမှု အ ပျော်စီးသင်္ဘော (Peace Boat)သည် ဩဂုတ် ၁၃ ရက်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားဆိပ်ကမ်းမှ စတင်ထွက်ခွာခဲ့သည်။

Top News