ရုပ်ရှင်အကြိုခံစားခြင်း

နေခြည်မှာရွှေရည်လောင်း

ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ တော့ ကျေးလက်ပညာပေးဇာတ်ကားလေးအကြောင်း ညွှန်းပေးလိုက်ပါတယ်။


ငြိမ်းချမ်းက ကျောင်းဆရာမျိုးရိုးကဆင်းသက်လာတာပါ။ သူ့မိဘတွေက ဂျပန်ခေတ်မှာ ဓားပြတွေသတ်လို့ သေဆုံးခဲ့ပါတယ်။ အဲဒါကြောင့် သူ့အဘိုး ကျောင်းဆရာရဲ့လက်ပေါ်မှာပဲကြီးပြင်းလာခဲ့ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတဲ့အချိန် ရောင်စုံသူပုန်သောင်းကျန်းတဲ့အချိန်မှာ သူတို့ရွာကစာသင်ကျောင်းလေး မီးရှို့ဖျက်ဆီးခံရ သလို သူ့အဘိုးကိုလည်းစာမသင် ဖို့ တားမြစ်တာ ကြုံခဲ့ရပါတယ်။ သူ့အဘိုးကတော့ ငြိမ်းချမ်းကို ပညာတတ်အောင် သူ့ရဲ့ညီတော်တဲ့ ဘုန်းတော်ကြီးဆီမှာအပ်ပြီး စာသင်ကြားစေခဲ့ပါတယ်။

ငယ်ငယ်ကတည်းက ငြိမ်းချမ်းမှာအိပ်မက်တစ်ခုရှိတာက  ကျောင်းဆရာဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ သူတက္ကသိုလ်မတက်ခင်အချိန်မှာပဲ သူ့အဘိုးဆုံးသွားတာကြောင့် အလုပ်ထွက်လုပ်ဖို့ စဉ်းစားခဲ့ပေမယ့် သူ့အဘွားနဲ့ ဦးလေးက သဘော မတူတာကြောင့် တက္ကသိုလ်ကို ထောက်ပံ့ကြေးရပြီး ဆက်တက် ခွင့်ရခဲ့ပါတယ်။

ကျောင်းပြီးတဲ့အချိန်မှာ တော့ ငြိမ်းချမ်းက သူငယ်ငယ်ကတည်းကဝါသနာပါတဲ့ ကျောင်းဆရာအလုပ်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ သူကျောင်းဆရာ ဖြစ်လာခဲ့ပါတယ်။ သူပထမဆုံး စအလုပ်ဝင်ရမယ့်ရွာက လယ်ယားဆိုတဲ့ကျေးရွာလေးမှာ ပါ။ အဲဒီကျေးရွာက အလယ်တန်းကျောင်းအဆင့်ဖြစ်ပေမယ့် သူရောက်သွားတဲ့အချိန်မှာတော့ ကျောင်းအနေနဲ့မည်မည်ရရ အဆောက်အအုံမရှိသလို ကျောင်းသား၊ကျောင်းသူတွေကလည်း စာကိုစိတ်မဝင်စားတာကြောင့် ငြိမ်းချမ်းက သူတော်တော်ကြိုးစားရတော့မယ်ဆိုတာကို သိခဲ့ပါတယ်။

ကျောင်းတာဝန်လွှဲပြောင်းဖို့အတွက် ငြိမ်းချမ်းကစာရွက်စာတမ်းတွေတောင်းခဲ့ပေမယ့် ဘာမှကိုမရှိခဲ့ပါဘူး။ နောက်ပြီး ကျောင်းအတွက်အဆောက်အအုံလိုအပ် ပေမယ့်လည်း သူတို့ကျောင်းမှာ ရန်ပုံငွေတွေဘာတွေလည်းမရှိပါဘူး။ ဒါပေမဲ့ အဲဒီကျောင်းမှာ လုပ်နေတဲ့ ဆရာ၊ဆရာမ တချို့က ကျောင်းအတွက် စိတ်ဝင်စားမှု တွေရှိနေတာကြောင့် သူစိတ်သက်သာရာ နည်းနည်းတော့ရခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကျောင်းကအ သက်အကြီးဆုံး ဆရာမကြီးက  တော့ ကျောင်းနဲ့ပတ်သက်ပြီးစိတ်မဝင်စားပါဘူး။ တစ်ရက်မှာ လည်း ကျောင်းသားတွေကို နင်း ခိုင်းရင်း သူချွတ်ထားတဲ့အံကပ်ကို ဘယ်သူတက်နင်းမှန်းမသိဘဲ ကျိုးသွားတာ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းအတွက်  ကံကောင်းတာတစ်ခုက ရပ်ရွာလူကြီးတွေက သူ့ကိုယုံကြည်ပြီး ရန်ပုံငွေရှာဖို့ ကူညီပေးခဲ့တာပါ။ ဗြုတ်စဗျင်းတောင်းဖြစ်နေတဲ့ ကျောင်းကို ငြိမ်းချမ်းတစ်ယောက် တကယ်ပဲ ပြန်လည်တည့်မတ်နိုင်မလား၊ ဘယ်လိုအခက်အခဲတွေ ကြုံရဦးမှာလဲဆို တာကိုတော့ စက်တင်ဘာ ၁၅ ရက်ကနေစပြီး ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင် တစ်နိုင်ငံလုံးက ရုပ်ရှင်ရုံတွေမှာ မြန်မာဒီမိုကရေစီရက်သတ္တပတ်ရုပ်ရှင်ပွဲတော်မှာပြသမယ့် နေခြည်မှာရွှေရည်လောင်း ဇာတ်ကား လေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ငြိမ်းချမ်းအဖြစ် ကျော်ထက်အောင်ကပါဝင်သရုပ်ဆောင်ထားပြီး ဇင်ဝိုင်း၊ ဇော်ဦး၊ ကျော်ကျော်၊အေးမြတ်သူ၊ နန်းမြတ်ဖြိုးသင်း၊ ချမ်းမေမြတ်နိုးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

လယ်တွင်းသားစောချစ်ရဲ့ ပန်းမြိုင်လယ်က ဥယျာဉ်မှူးဝတ္ထုကို ဆုသြချယ်က ဇာတ်ညွှန်းရေးပေးထားပြီး ဒါရိုက်တာ ဇော်မြင့်ဦးက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News