သမီးလေးနဲ့ ရုပ်ရှင်ကြည့်ခြင်း

(၁)

မိဘရယ်လို့ ဖြစ်လာရင် သားသမီးတွေရဲ့ရှေ့ရေးကို တွေး ပြီး ပူပန်ရ၊ ပြင်ဆင်ပေးရတာ ဓမ္မတာပါပဲ။ စာရေးသူမွေးထား တာက သမီးလေးဖြစ်တာမို့ ပိုလို့ တောင် ပူပန်ရ၊ စိုးရိမ်ရ၊ ပြင်ဆင် ပေးရပါတယ်။ သမီးလေးက မူကြိုစတက်တော့မယ့် အရွယ်မို့ သူ့ရှေ့မှာ ဘာမြင်ရမြင်ရ အတုခိုး လွယ်၊ သင်ယူလွယ်တဲ့အရွယ် လေးပါ။ ဒါကြောင့် သူ့ရှေ့မှာ စကားကြမ်းကြမ်း မပြောမိဖို့၊ လင်မယား ခွန်းကြီးခွန်းငယ် စကားမများမိဖို့ကအစ သတိထား ရသလို သူလေး လိုက်နာအတုယူ သင့်တာလေးတွေကိုလည်း တတ် နိုင်သမျှ ပြောဆို လုပ်ကိုင်ကြရပါ တယ်။ တစ်ဦးတည်းသော သမီး လေးလည်း ဖြစ်နေလေတော့ တချို့ကိစ္စတွေမှာ မာန်မဲဖို့က လည်း အသည်းကမမာနိုင်၊ သူ့ အသက်အရွယ်လေးနဲ့ နားလည် နိုင်အောင်လည်း မရှင်းပြတတ် ဖြစ်ရတဲ့အခါတိုင်း စိတ်ညစ်ရပါ တယ်။ ဒါကြောင့် တတ်နိုင်သမျှ သူ့ရဲ့ဦးနှောက်ထဲ ရောက်လာနိုင် တဲ့ အဆိပ်အတောက်တွေကို တတ်နိုင်သမျှ ဖယ်ရှားရှင်းလင်း တဲ့နည်းကိုပဲ သုံးရပါတယ်။

သတင်း အချက်အလက် ဆက်သွယ်ရေး နည်းပညာခေတ် (အိုင်တီခေတ်) ဆိုတဲ့အတိုင်း သတင်းအချက်အလက် နည်း ပညာက ကလေးတွေရဲ့ စဉ်းစား ချင့်ချိန်မှု၊ အတွေးအခေါ်၊ အလေ့ အကျင့်အပြုအမူ စတာတွေ အပေါ်မှာ လွှမ်းမိုးမှုရှိတာ အသေ အချာပါပဲ။ တစ်ချိန်က အဘိုး အဘွား၊ အဖေအမေတွေရဲ့ အိပ် ရာဝင်ပုံပြင်တွေက ကလေးငယ် တွေရဲ့ အသိ၊ အတွေး၊ ခံယူချက် တွေကို ပုံသွင်းယူနိုင်ခဲ့ကြပေမယ့် ဒီနေ့ခေတ်လို ရုပ်မြင်သံကြားစက် တွေ၊ တယ်လီဖုန်းတွေကတစ် ဆင့် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး ပစ္စည်းတွေကို အလွယ်တကူ ရရှိနိုင်တဲ့ခေတ်မှာ တော့ မိဘတော်တော်များများ အိပ်ရာယင်ပုံပြင်တွေ ပြောပြတာ နည်းလာသလားလို့ တွေးပူမိပါ တယ်။ တစ်ဆက်တည်းမှာပဲ ကလေးငယ်တွေကလည်း အဲဒီလို အပြောသက်သက်ကို နား ထောင်ရတာထက် အရုပ်ပါကြည့် ရတဲ့ ကာတွန်းကားတွေ၊ ယူ ကျုဘ် (Youtube) ဗီဒီယိုတွေ၊ ဂိမ်းတွေကို ပိုပြီးစိတ်ဝင်စားလာ တာကို သတိပြုမိပါတယ်။

စာရေးသူကိုယ်တိုင် သမီး ငယ်လေးကို ကာတွန်းကားတွေ ကြည့်ခွင့်ပေးထားပါတယ်။ ဒါပေ မဲ့ သတိပြုမိတာကတော့ ကာ တွန်းကားဆိုတိုင်း ကလေးငယ် တွေနဲ့ သင့်လျော်တာမဟုတ်ဘဲ မိဘတွေက သေသေချာချာ စိစစ် ရွေးချယ်ပြီးမှ သားသားမီးမီးတွေ ကို ပြသင့်တယ်ဆိုတဲ့ အချက်ပါ ပဲ။ ဥပမာဆိုကြပါစို့ ကလေးငယ် တွေကြိုက်ကြတဲ့ ကြောင်နဲ့ကြွက် (Tom and Jerry) ကာတွန်းကို ကလေးငယ်တိုင်း အလွန်နှစ် သက်ကြပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း သမီးလေးကို ပေးကြည့်မိပါတယ်။ ဒါပေမဲ့ သတိထားမိတာက အဲဒီကြောင်နဲ့ ကြွက် ဇာတ်လမ်းတွဲတွေ အကြည့် များလာတဲ့အခါ တခြားသူကို အနိုင်ကျင့်ချင်တဲ့ စိတ်ကလေး နည်းနည်းချင်း ဖြစ်လာတာကို သတိပြုမိပါတယ်။ ကာတွန်းကား ထဲက ကြောင်ကလေးက ကြွက် ကလေးကို အနိုင်ကျင့်တာ၊ ကြွက်ကလေးက ကြောင်ကလေး ကို လက်စားပြန်ချေတာတွေက ကလေးငယ်တွေရဲ့ စိတ်ကို လွှမ်း မိုးနိုင်လွန်းတယ်လို့ ယူဆမိပါ တယ်။ ဒါကြောင့်လည်း သမီး ငယ်လေးကို အဲဒီကြောင်နဲ့ကြွက် ကာတွန်း ပေးမကြည့်တော့ပါဘူး။ နောက်ပိုင်း သူကြည့်မယ့် ကာ တွန်းကားတွေကိုလည်း ကိုယ် တိုင်ကြည့်ပြီး သမီးလေးအတွက် စိတ်ချရတယ်ဆိုမှ ပေးကြည့်ဖြစ် ပါတယ်။

 တစ်ခါတလေ ကျတော့ လည်း ကာတွန်းဇာတ်လမ်းလေး တွေက သိပ်ကောင်းပြီး ကလေး ငယ်လေးတွေရဲ့ စိတ်သဘော ထားလေးတွေ နူးညံ့လာအောင်၊ ကြိုးစားချင်စိတ် ပေါက်လာ အောင်၊ ကိုယ်ချင်းစာတရားတွေ ပွားများလာအောင် ကူညီပေးနိုင် တဲ့ ကာတွန်းဇာတ်ကားလေးတွေ တွေ့ရတတ်ပါတယ်။ ဥပမာ Sing ဇာတ်ကားထဲမှာဆိုရင် ခိုအားလား ဝက်ဝံလေးနဲ့ တခြား တိရစ္ဆာန်လေးတွေရဲ့ အခက်အခဲ ကြားက အောင်မြင်မှုကို ရယူ တတ်တဲ့ မလျှော့သော ဇွဲလုံ့လ အကြောင်းကို သင်ယူနိုင်ပါတယ်။ Moana ဇာတ်ကားထဲမှာတော့ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းသူ လေး မိုအားနားရဲ့ မိမိရပ်ရွာ ကောင်းကျိုးအတွက် စွန့်လွှတ် စွန့်စားလိုတဲ့စိတ်၊ ဇွဲသတ္တိပြည့်စုံမှု တွေကို တွေ့ရနိုင်ပါတယ်။ Mory ဆိုတဲ့ ဇာတ်ကားထဲမှာတော့ အတိတ်မေ့တတ်တဲ့ ငါးမလေး မိုရီရဲ့ မိဘတွေအပေါ် ချစ်မြတ်နိုး တဲ့စိတ်၊ အခက်အခဲတွေကို ရင် ဆိုင်ဖြေရှင်းရဲတဲ့သတ္တိ၊ သူငယ် ချင်းကောင်းတွေရဲ့ ဖေးမကူညီ တတ်တဲ့စိတ် စတာတွေကို တွေ့ ရမှာပါ။ Zootopia ကာတွန်းမှာ တော့ ယုန်ရဲမေလေးရဲ့ မကောင်း သူပယ် ကောင်းသူကယ်လိုတဲ့ စိတ်ထား၊ မိတ်ဆွေကောင်းစိတ် ဓာတ်၊ သံသယရဲ့အကျိုး၊ ခွဲခြား ဆက်ဆံမှုရဲ့ အပြစ်တွေကို သင် ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားလေးတွေ နာမည်ကို ရွတ်ပြဖြစ်ရတဲ့ အကြောင်းက တော့ သတိမထားမိသေးတဲ့ ဘဝ တူ မိဘတွေ သတိထားမိနိုင်ကြ စေဖို့ ဥပမာအနေနဲ့ ထုတ်နုတ်ပြ ခြင်းပါ။ အဲဒီလို ဇာတ်ကားလေး တွေကို သားသားမီးမီးတွေကို ဖွင့် ပြတဲ့အခါ ဇာတ်ကားကို ဖွင့်ပြ ထားရုံမဟုတ်ဘဲ ဇာတ်ကားက ပေးတဲ့ သင်ခန်းစာလေးတွေကိုပါ ထုတ်နုတ်ပြနိုင်ဖို့ သတိပေးလိုရင်း ဖြစ်ပါတယ်။ ကလေးငယ်လေး တွေဖြစ်တာကြောင့် ဘာသာ စကား အခက်အခဲရှိသလို မတွေး တတ်သေးတာကြောင့် တွေးမိ သွားအောင် နုနယ်သေးပြီး ဘယ် လိုအတွေးအခေါ်ကိုမဆို လက်ခံ နိုင်သေးတဲ့ ကာလမှာ အတွေး အခေါ်ကောင်းတွေကို ခေါင်းထဲစွဲ သွားအောင် သင်ကြားပြသပေးဖို့ မိမိအတွေ့အကြုံအပေါ် အခြေခံ ရင်း မိဘချင်း ဝေမျှလိုခြင်းဖြစ်ပါ တယ်။

(၂)

နောက်ထပ် သတိပြုမိတာ ကတော့ မြန်မာဇာတ်ကားများရဲ့ ဂယက်ဖြစ်ပါတယ်။ မြန်မာဇာတ် ကားတွေမှာ တစ်ခါတစ်ခါ မထင် မှတ်ဘဲ အရသာရှိလှတဲ့ သရော် ချက်ကလေးတွေကို တွေ့ရတတ် လို့ပါ။ မြန်မာဇာတ်ကားဖြစ်တာမို့ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန် မာပြည်ရဲ့ လူတွေအကြောင်းကို ကောင်းကောင်းကြီး တင်ပြနိုင် တာက မြန်မာ့အနုပညာပဲရှိလိမ့် မယ်လို့ ယုံကြည်လို့ပါ။ ဘယ်နိုင် ငံက ရုပ်ရှင်ပညာ ဘယ်လောက် တော်တော်၊ ငွေကြေးဘယ် လောက် အကုန်ခံခံ၊ နည်းပညာ ဘယ်လောက်ကောင်းကောင်း မြန်မာ့အကြောင်းကို မြန်မာရုပ် ရှင်လောက် ဘယ်သူကမှ ထိထိ မိမိ မတင်ပြနိုင်လောက်ဘူးလို့မျှော်လင့်မိလို့ပါ။ ဒါကြောင့်လည်း တစ်ပတ်ကို တစ်ကြိမ်လောက်တော့ မြန်မာရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားလေးတွေ ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ အခက်တွေ့တာကတော့ သမီးလေးအတွက်ပဲဖြစ်ပါတယ်။

အခုနောက်ပိုင်း မြန်မာဗီဒီ ယိုဇာတ်ကားတွေမှာ စကားလုံး ခပ်ကြမ်းကြမ်းတွေ သုံးလာတာ ကို တွေ့ရပါတယ်။ အောက်ပိုင်း ကိစ္စကို အထာနဲ့ပြောတာမျိုး လည်း အများအပြား တွေ့ရတတ် ပါတယ်။ ဇာတ်လမ်းလိုအပ်ချက် အရ အဲဒီလို စကားလုံးကြမ်းကြမ်း သုံးတာ၊ အောက်ပိုင်းကိစ္စ ပြော တာတွေကို လက်ခံနိုင်ပေမယ့် မလိုအပ်ဘဲ သုံးတာတွေကိုတွေ့ ရတော့ အတော့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ နိုင်ငံတကာရုပ်ရှင် တွေမှာလည်း အဲဒီလို စကားလုံး ကြမ်းကြမ်းတွေ၊ လိင်ကိစ္စစကား တွေ ပါတတ်ပေမယ့် ဇာတ်ကား အဆင့်အတန်း သတ်မှတ်ချက် အရ အသက်အရွယ် ကန့်သတ်ပြီး ကြည့်ရှုစေတာမို့ သိပ်ပြဿနာမရှိ ဘူးလို့ထင်ပါတယ်။ စာရေးသူတို့ နိုင်ငံမှာတော့ အဲဒီလို ကန့်သတ် ချက်ကမရှိ၊ ရှိရင်တောင် လိုက် နာဖို့ ခက်ခဲလှတာကြောင့် သတိ ရှိကြဖို့ လိုအပ်ပါတယ်။ သားနဲ့ အမေ၊ အဖေနဲ့သမီး ဇာတ်ကား အတူကြည့်လို့မရလောက်အောင် ညစ်ညမ်းတဲ့ ဟာသမျိုးတွေကို တော့ သတိထားပြီး ရှောင်ရှားပေး ကြပါလို့ မိဘများနဲ့ ရုပ်ရှင်လော က သားများကိုပါ အကြံပြုတိုက် တွန်းလိုက်ရပါတယ်။

မြန်မာဇာတ်ကားတွေမှာ ထပ်ပြီး သတိထားမိတာကတော့ ဇာတ်ကားအတော်များများမှာ လိင်တူချစ်သူတွေကို ဇာတ် ကောင်တစ်ကောင်အဖြစ် ထည့် သွင်းထားတတ်တာပါပဲ။ စာရေး သူက ရုပ်ရှင်သမားမို့ သေသေချာ ချာမသိဘဲ ဝေဖန်တယ်လို့ အပြစ် တင်ရင်တော့ ခံရမှာပါပဲ။ ဒါပေမဲ့ မိဘတစ်ယောက်အနေနဲ့ ခံစားရ တာကိုပဲ ရေးပြချင်ပါတယ်။ တစ် ခါတစ်ရံ အဲဒီဇာတ်ကောင်ဟာ ဇာတ်လမ်းအရ လုံးဝ မလိုအပ်ပါ ဘူး။ သူက မင်းသားရဲ့သူငယ်ချင်း (သို့မဟုတ်) မင်းသမီးရဲ့သူငယ် ချင်းအဖြစ် ဇာတ်ပို့ပေးရတာဖြစ် ပါတယ်။ ဇာတ်လမ်းအရ အဲဒီနေ ရာမှာ လိင်တူချစ်သူတစ်ယောက် ဖြစ်မနေလည်း ဇာတ်လမ်းရဲ့ အနှစ်သာရ မပျက်စီးသလို ဇာတ် ရှိန်ကိုလည်း မလျော့စေပါဘူး။ ဒါပေမဲ့ အဲဒီဇာတ်ရုပ်ကို မထည့် မနေရလို့ သတ်မှတ်ထားတယ်လို့ ထင်ရလောက်အောင် ဇာတ်ကား အတော်များများမှာ တွေ့မြင်နေရ ပါတယ်။ လိင်တူချစ်တယ်ဆိုတာ လူ့အခွင့်အရေးတစ်ရပ်အဖြစ် တစ်ကမ္ဘာလုံး နီးပါး လက်ခံထား တာမို့ ဒီအပေါ်မှာ ဘာမှ ထင်မြင် ချက် မပေးလိုပါဘူး။ ဒါဟာ ဇီဝ ကမ္မသဘောတစ်ခုမို့ ဘာမှ ထူး ဆန်းတဲ့ကိစ္စ မဟုတ်ဘူးလို့ထင်ပါ တယ်။ သို့သော်လည်းပဲ လိင်တူ ချစ်တယ်ဆိုတာ ကဲ့ရဲ့ရှုတ်ချစရာ၊ အပြစ်တင်စရာမဟုတ်ဘူးဆိုတာ ကို လက်ခံထားတဲ့ တစ်ပြိုင်တည်း မှာ အတုယူစရာ၊ ဂုဏ်ပြုစရာ တစ်ခု မဟုတ်ဘူးဆိုတာကိုလည်း သတိပြုမိဖို့ လိုမှာဖြစ်ပါတယ်။ အဲဒီကိစ္စရပ်တွေကို ရုပ်ရှင်၊ ဗီဒီ ယိုတွေထဲမှာ ဖောဖောသီသီတွေ့ နေရတဲ့အခါ အထူးသဖြင့် စဉ်း စားတွေးခေါ်မှု အင်မတန်ကို နု နယ်သေးတဲ့ ကလေးတွေ မြင်ဖန် များလာတဲ့အခါ သူတို့ရဲ့စိတ် အပေါ်၊ အတွေးအပေါ် သက် ရောက်မှုတစ်ခုခုမှား ဖြစ်လာ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုဖြစ်မိပါ တယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ် သက်ပြီး ရုပ်ရှင်အနုပညာရှင်များ အနေနဲ့ ကျွမ်းကျင်တဲ့ပညာရှင် တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်ပေး နိုင်ကြဖို့ တိုက်တွန်းအကြံပြုလိုပါ တယ်။

(၃)

သမီးလေးမွေးထားတဲ့ ဖခင် တစ်ဦးရဲ့ခံစားချက်၊ အတွေ့ အကြုံနဲ့ စိုးရိမ်ပူပန်မှုကို တင်ပြမျှ ဝေခဲ့တဲ့အပေါ် စာရှုသူတွေအနေ နဲ့ အပြစ်မမြင်ဘဲ ခွင့်လွှတ်နား လည်နိုင်ကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုတဲ့စကား တစ်ခွန်းရှိပါတယ်။ ကျွန်တော်တို့ ကလေးငယ်လေးတွေကို ကိုယ် ခန္ဓာ ကျန်းမာကြံ့ခိုင်စေဖို့ အာ ဟာရ ပြည့်ပြည့် ကျွေးမွေးဖို့လိုပါ တယ်။ အဲဒီလိုပါပဲ၊ ဉာဏ်ရည်၊ စာရိတ္တနဲ့ အတွေးအခေါ် ကျန်းမာ ကြံ့ခိုင်စေဖို့ ဦးနှောက်အာဟာရ လည်း ဖြည့်ဆည်းပေးဖို့ လိုအပ်ပါ တယ်။ အဲဒီ ဦးနှောက်အာဟာရမှာ အဆိပ်အတောက် ကင်းစင်နေဖို့ လည်းလိုပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)

Top News