ဓနုအမျိုးသားညီလာခံ ပထမဆုံးအကြိမ် ကျင်းပမည်

ဓနုအမျိုးသားညီလာခံ ကို ပထမဆုံးအကြိမ်အဖြစ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ နိုဝင်ဘာ ၂၆ ရက်တွင် ကျင်းပမည်ဟု ညီလာခံ ကျင်းပရေး ဦးစီးကော်မတီ အ တွင်းရေးမှူး ဦးဝဏ္ဏသိန်းကပြောကြားသည်။

ညီလာခံကို ဓနုတိုင်းရင်း သားများ နေထိုင်သော ပင်းတယ၊ ရွာငံ၊ ကလော၊ ရပ်စောက်နှင့် နောင်ချိုမြို့နယ်တို့မှ ကိုယ်စားလှယ် ၅၀၀ ဦး၊ တောင်ကြီး၊ ရန်ကုန်နှင့် ကျောက်မဲမြို့နယ်များမှ ကိုယ်စားလှယ် ၁၀၀ ဦးနှင့် လွိုင်လင်၊ နမ့်စမ်၊ သာစည်နှင့် မိုးကုတ်မြို့နယ်တို့မှ ၅၀ ဦး စုစုပေါင်း ဓနုတိုင်းရင်းသား ကိုယ်စားလှယ် ၆၅၀ ဦးဖြင့် ကျင်းပမည်ဖြစ်ပြီး အကြောင်းအရာငါးခု ဆွေးနွေးဆုံးဖြတ်မည်ဟု ၎င်းက ဆိုသည်။


လက်ရှိတွင် ရပ်ကွက်၊ ကျေးရွာများမှ ဓနုတိုင်းရင်းသားလူကြီး လူငယ်များနှင့် တွေ့ဆုံ၍ ညီလာခံ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ ညီလာခံကိုယ်စားလှယ်များ ရွေးချယ်ခြင်းတို့ ဆောင်ရွက်နေကြောင်း ဦးဝဏ္ဏသိန်းက ဆက်လက်ပြောကြားသည်။

အဆိုပါညီလာခံတွင် တင် သွင်းဆွေးနွေးမည့် အကြောင်းအရာငါးခုသည် ဓနုတိုင်းရင်းသားတစ်ရပ်လုံးကို ခေါင်းဆောင်မည့် ဓနုအမျိုးသားဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်း၊ ဓနုလူမျိုးများ၏ အမျိုးသားနေ့သတ်မှတ်ခြင်း၊ အမျိုးသားအလံသတ်မှတ်ခြင်း၊ အမျိုးသားသီချင်းသတ်မှတ်ခြင်းနှင့် အမျိုးသားဝတ်စုံ သတ်မှတ်ခြင်းတို့ဖြစ်ပြီး ဓနုအမျိုးသားများ၏ အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုခိုင်မာစေရန် ရည်ရွယ်၍ ယင်းသို့ ညီလာခံကျင်းပရန် စီစဉ်ခြင်း ဖြစ်သည်ဟု​ ၎င်းက ရှင်း ပြသည်။

ထို့ပြင် တစ်နိုင်ငံလုံးတွင် ဓနုတိုင်းရင်းသားရှစ်သိန်းခန့်ရှိသော ကြောင့် ဓနုတိုင်းရင်းသားများ၏ သဘောဆန္ဒအရ တစ်မျိုးသားလုံး ကို ဦးဆောင်မည့် အမျိုးသားဦး ဆောင်အဖွဲ့ ဖွဲ့စည်း၍ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍများတွင် ခိုင်မာသော မူဝါဒများဖြင့် ရပ်တည်ဆောင်ရွက်မည်ဟု ဦးဝဏ္ဏသိန်းက ဆို သည်။

‘‘ဒီလိုမျိုး အမျိုးသားအဖွဲ့အစည်းသာမရှိရင် ကျွန်တော်တို့လူမျိုးတွေအတွက် ဘယ်သူက တောင်းဆိုမှာလဲ။ ကျွန်တော်တို့ သာ ဦးဆောင်ပြီး တောင်းဆိုတဲ့ အခြေအနေမျိုးမရှိရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကိုယ့်အတွက် ရပိုင် ခွင့် ရလာမှာမဟုတ်ဘူး။ ကျွန် တော်တို့လူမျိုး ဦးဆောင်တဲ့အဖွဲ့ ရှိမှပဲ တစ်မျိုးသားလုံးရဲ့နစ်နာနေ တဲ့ကိစ္စ ကာကွယ်တားဆီးပေးနိုင် မယ်။ နိုင်ငံတော်အဆင့်ထိ စကား ပြောဖို့လိုအပ်လာရင် ဒီလို အဖွဲ့ အစည်းရှိမှလည်း ပြောလို့ရမယ်’’ ဟု ဦးဝဏ္ဏသိန်းက ပြောကြား သည်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ် ရွာငံနှင့် ပင်းတယမြို့နယ်တို့ကို စုစည်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ထားသည်။

More in News Section