ခရီးသွားနယ်မြေသစ်သုံးခု ဖော်ထုတ်မည်ဟု ဟိုတယ်ခရီး ညွှန်ချုပ်ပြောကြား

၂၀၁၇ တွင် ခရီးသွားလုပ်ငန်းနယ် မြေအသစ်သုံးခုကို ဖော်ထုတ်ပြီး မြန်မာနိုင်ငံသို့ ခရီးသွားဦးရေအ မြောက်အမြားလာရောက်နိုင်ရန် ဆွဲဆောင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောသည်။ 


‘‘၂၀၁၇ ထဲမှာဆိုရင် မြိတ် ကျွန်းစု၊ ပြီးတော့ အခု ကယားပြည်နယ်။ ဒီထက်ဒီထက် လူတွေပိုပြီး တော့ လာအောင်ဆွဲဆောင်ဖို့ဆို ပြီး နောက်ပြီးတော့ ချင်းပြည်နယ်၊ ဒီနေရာသုံးခုကိုတော့ ပိုပြီး ပစ်မှတ်ထားပြီး ဆွဲဆောင်သွားဖို့ရှိတယ်’’ ဟု ဦးတင့်သွင်က ဆိုသည်။ 

အဆိုပါနေရာသုံးခုသို့ ခရီး သွားအမြောက်အမြားလာရောက်နိုင်ရန် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာစေနိုင်ရေးနှင့် ဟိုတယ်နှင့် တည်းခိုစရာ နေရာ များ ပိုမိုများပြားလာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးတင့်သွင် က ပြောသည်။ 

‘‘မြိတ်ကျွန်းစုကတော့ ပြည်တွင်းခရီးသွားတွေအနေနဲ့ ဈေးကြီးလို့ မသွားနိုင်သလို နိုင်ငံခြားသား ဧည့်သည်တွေလည်း သူတို့သုံးမယ့်ဘတ်ဂျက်ကို ချိန်လိုက်ရင် သွားနိုင် တဲ့သူက နည်းတယ်။ ကယားနဲ့ချင်းပြည်နယ်ကိုတော့
နောက်ပိုင်း အတော်လေးသွားနေကြပါပြီ’’ဟု ခရီးသွားလုပ်ငန်းရှင် ဦးမြင့်ထွေး က သုံးသပ်သည်။ 

၂၀၁၇ ဇန်နဝါရီမှ မေလအထိမြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီး သည် ၁ ဒသမ ၅ သန်းကျော် ဝင် ရောက်ပြီး ယခင်နှစ် အလားတူ ကာလထက် ၂၅ ရာခိုင်နှုန်းတိုး တက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။ 

အာဆီယံခရီးသွားဖိုရမ်၏ ထုတ်ပြန်ချက်စာရင်းများအရ ၂၀၁၅ တွင် မြန်မာနိုင်ငံသို့ နိုင်ငံ ခြားသားခရီးသွားဧည့်သည် လေး သန်းခြောက်သိန်းကျော် ဝင်ရောက် သော်လည်း ၂၀၁၆ ၌ နှစ်သန်းကိုးသိန်းကျော်သာ ဝင်ရောက်ခဲ့၍ ၃၈ ရာခိုင်နှုန်းလျော့ကျပြီး ယခုနှစ်တွင် အနည်းငယ် မြင့်တက်လာ သည်။ 

လာမည့် ၂၀၁၇ ခရီးသွားရာ သီတွင် မြန်မာနိုင်ငံသို့ ခရီးသွား ဦးရေ ငါးသန်းအထိ ဝင်ရောက် လာနိုင်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက ခန့် မှန်းထားသည်။ 

ထို့အပြင် မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၆ အတွင်း အာဆီယံနိုင်ငံ များတွင် နိုင်ငံခြားသားခရီးသွား ဧည့်သည်ဝင်ရောက်မှုအနည်းဆုံး ဖြစ်ကြောင်း အာဆီယံဖိုရမ် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

More in Tourism Section

Top News