အားလပ်ရက်မှာ လည်ပတ်စရာ

တောင်ပေါ်မြို့လေးက တော်ဝင်နှင်းဆီပန်းခင်းဆီသို့
ဓာတ်ပုံ− ဖြိုးဖြိုးဇော်

မိသားစုအားလပ်ရက်၊ ရုံးပိတ်ရက်တွေမှာ ပြင်ဦးလွင် မြို့လေးကို လာရောက်လည်ပတ်ရင်းနဲ့ ပြင်ဦးလွင်ကနေ မိုင်အနည်းငယ် အကွာက အင်းထိပ်ဦးကျေးရွာမှာ ရှိတဲ့ ‘တော်ဝင်နှင်းဆီခြံ’ကိုလမ်း ညွှန်ချင်ပါတယ်။

ပြင်ဦးလွင်မြို့ရဲ့ ကန်တော် ကြီးအမျိုးသားဥယျာဉ်ကနေ သုံး မိုင်ကျော်လောက်သာ ကွာဝေးပြီး နှင်းဆီအမျိုးပေါင်း ၃၀၀ ကျော် စိုက်ပျိုးထားတဲ့ တော်ဝင်နှင်းဆီခြံ ဖြစ်ပါတယ်။ နှင်းဆီခြံကို သွားတဲ့ လမ်းဟာ မြေသားကျောက်ခင်း လမ်းဖြစ်လို့ လမ်းအနည်းငယ် ကြမ်းတမ်းပေမယ့် လမ်းတစ် လျှောက်မှာရှိတဲ့ သဘာဝရှုခင်း များ၊ ထင်းရှူးတောကြီးများက မြေပြန့်ဒေသက ရောက်လာသူတွေအဖို့တော့ စိတ်အပန်းဖြေနိုင်ပါတယ်။

တော်ဝင်နှင်းဆီခြံဟာ ဧက ၅၀ ကျော်ကျယ်ဝန်းကာ စီးပွားဖြစ် နှင်းဆီပျိုးပင်များ ရောင်းချပေမယ့် ခြံထဲရှိ နှင်းဆီပန်းတွေနဲ့အတူ အခမဲ့ဓာတ်ပုံ ရိုက်ကူးခြင်းများ၊ မိသားစုလိုက် အပန်းဖြေအနားယူခြင်းများလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။


ဒီခြံလေးမှာ နှင်းဆီပန်းပျိုး ပင်များကို စီးပွားဖြစ် ရောင်းချလာကာ လေးနှစ်သာရှိသေးပြီး ပထမစတင်စိုက်ပျိုးချိန်မှာ ပန်းအမျိုးပေါင်း ၂၀၀ က စတင်ခဲ့ပါတယ်။ လက်ရှိမှာ နှင်းဆီ အမျိုးပေါင်း ၃၀၀ ကျော်ရှိပြီး ပြည်တွင်းပန်းမျိုးများအပြင် တရုတ်နိုင်ငံ အစရှိသော ပန်းများကိုပါ စိုက်ပျိုးရောင်းချနေပါတယ်။

နှင်းဆီခြံထဲမှာ ရေမွှေးနှင်း ဆီများ၊ ကျောက်နှင်းဆီများ၊ မြေ ပြန့်ဒေသများမှာ အတွေ့ရနည်းတဲ့ အကိုင်းတစ်ခုမှာ နှင်းဆီလေးငါးပွင့် ပွင့်လေ့ရှိတဲ့ နှင်းဆီမျိုးများကိုပါ မြင်တွေ့ရမှာဖြစ်ပါတယ်။ ပန်းအမျိုးပေါင်း ၃၀၀ ကျော်ရှိတဲ့အတွက် နှင်းဆီအရောင်အသွေးစုံလင်ပြီး မြို့ကြီးတွေမှာ တွေ့ရဖို့ခက်ခဲတဲ့ လိမ္မော်၊ ခရမ်း စတဲ့ နှင်းဆီရောင်စုံပန်းခင်းကြီးကို တစုတဝေးတည်းမြင်တွေ့ရတာ ပန်းမွေ့ရာကြီးတစ်ခုလိုပါပဲ။

ဓာတ်ပုံရိုက်ကူးရတာ နှစ်သက်တဲ့ ပျိုမေတွေအတွက် နှင်း ဆီခင်းကြီးက ရိုက်မ၀ဖြစ်လောက်အောင် ရင်သပ်ရှုမောဖွယ်လှပလွန်းပါတယ်။

ခြံအတွင်းကို မည်သူမဆို ၀င်ရောက်ဓာတ်ပုံရိုက်အပန်းဖြေ နိုင်ပေမယ့် ‘ပန်းမခူးရ’လို့တော့ သတိပေးတားမြစ်ထားပါတယ်။ နောက်ထပ်တားမြစ်ချက်တစ်ခုကတော့ ပိုးသတ်ဆေးဖျန်းထား ချိန်မှာ ပန်းများကို နမ်းခွင့်၊ ကိုင်ခွင့်မပေးပါဘူး။ နှင်းဆီပန်းကြိုက်သူတွေအတွက်တော့ ပန်းကိုပဲ သီးသန့်ရောင်းချပေးနိုင်ခြင်းမရှိသော်လည်း မိမိနှစ်သက်တဲ့ နှင်းဆီအရောင်အလိုက် ပန်းအိုးများကိုတော့ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ နှင်းဆီပန်းတစ်အိုးမှာ အနည်းဆုံး ကျပ် သုံးထောင့်ငါးရာ၊ ငါးထောင်၊ ရှစ်ထောင်၊ ခုနစ်သောင်းနဲ့ တစ်သိန်းအထိ ဈေးနှုန်းအစားစားရှိပါတယ်။

ပန်းအများစုကိုလည်း ရန်ကုန်၊ တောင်ကြီး၊ ကလော စတဲ့ မြို့များက အများဆုံး မှာယူလေ့ရှိပြီး စနေ၊ တနင်္ဂနွေရက်များ မှာ လာရောက်လည်ပတ်သူတွေ နဲ့ များပြားစည်ကားနေပါတယ်။ ပြင်ဦးလွင်မြို့လေးကို လာရောက် လည်ပတ်ရင်း ခရီးသွားတချို့အ တွက် မရောက်ဖူးသေးတဲ့နေရာ တစ်ခုလည်းဖြစ်၊ ငွေကြေးအကုန် အကျမရှိဘဲ သွားရောက်အပန်း ဖြေဓာတ်ပုံရိုက်ကူးနိုင်တဲ့ တော် ၀င်နှင်းဆီခြံလေးကို လမ်းညွှန်လိုက်ပါတယ်။          ။

Top News