နိုင်ရင် ဘယ်လို လုပ်ကြမတုံး

(တစ်)

ရွေးကောက်ပွဲအပြီးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)က မဲအပြတ်အသတ်နဲ့အနိုင်ရပြီးတဲ့ နောက် အနိုင်ရပါတီဆိုတဲ့ စကား လုံးနဲ့ အခါအခွင့်သင့်တိုင်း ရည် ညွှန်းလာတဲ့အခါ ဒေါ်အောင်ဆန်း စုကြည်က အနိုင်ရတယ်လို့ မသုံး ဘဲ အရွေးကောက်ခံ၊ အရွေးချယ် ခံဆိုတဲ့ စကားလုံးနဲ့သာ သုံးပေးဖို့ မေတ္တာရပ်ခံခဲ့တာကို ကျွန်တော် အမှတ်ရမိပါတယ်။ သဘောကျမိ ပါရဲ့။ နိုင်တာတို့၊ ရှုံးတာတို့ဆိုတာတွေဟာ နိုင်သူမှာ ကျေနပ်စရာ တွေချည်းသာ ဖြစ်တတ်ပေမယ့် ရှုံးသူမှာ စိတ်ထိခိုက်စရာဒဏ်ရာ အနာတရတွေနဲ့ပါ။ ဒါ့ကြောင့် ဘယ်သူမှ ရှုံးတာ၊ နိုင်တာ မဟုတ်။အခု တစ်ကြိမ် အစိုးရအဖွဲ့ကို ဦးဆောင်ပေးပါလို့ဆိုကာ လူထု က ရွေးကောက်တင်မြှောက်ပေး လိုက်တာဖြစ်တဲ့အတွက် ရွေး ကောက်ခံအစိုးရ၊ ရွေးချယ်ခံအစိုး ရလို့ ခေါ်ကြပါလို့ မေတ္တာရပ်ခံ လိုက်တာဟာ ကျွန်တော်ဖြင့် သိပ် သဘောကျတာပါပဲ။

ဆရာမဂျူးကလည်း ဟိုးခပ် စောစောက ဆောင်းပါးတစ်ပုဒ် ရေးဖူးပါတယ်။ ‘ရှုံးသူမရှိလျှင် နိုင်ချင်ပါသည်’ တဲ့။ ဆိုလိုတာက ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ တိုက်ရိုက်ထိုးနှက်တိုက်ခိုက်အ နိုင်ယူတာမျိုးမဟုတ်ဘဲနဲ့ လောကကြီးကို အနိုင်ရတဲ့အလုပ်မျိုးတွေ ကိုသာ လုပ်ချင်တဲ့အကြောင်းပါ။

အခုခေတ်ကမ္ဘာကြီးမှာ တွင် ကျယ်လာတဲ့ Win-Win ဆိုတဲ့ အယူအဆသဘောထားကို ဆိုလို ပုံရပါရဲ့။ နှစ်ဦးစလုံး၊ နှစ်ဖက်စ လုံး ဘယ်သူကမှ၊ ဘယ်ဘက်က မှ မရှုံးနိမ့်၊ မထိခိုက်ဘဲ သူရော ကိုယ်ပါ အောင်ပွဲဆင်တဲ့ ဂိမ်း (Game)မျိုးကို ဆိုလိုတာပဲ။

ကြုံကြိုက်လာတာကြောင့် အနိုင်၊ အရှုံးကိစ္စကလေးပြောချင် ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ကြီးအပြီးမှာ စစ်ရှုံးဂျပန်က စစ်နိုင် အမေရိကန်ရှေ့မှာ လက်မှတ်ထိုးဖို့ အကြောင်းဖန်လာတော့ အမေ ရိကန်ဗိုလ်ချုပ်ကြီး မက်အာသာ (Mac Arthur)က အမေရိကန်ရေ တပ်သင်္ဘောပေါ်မှာ လက်နက်ချ ကြောင်း ဂျပန်က လက်မှတ်ထိုးတဲ့အခါ အမေရိကန်ဘက်က တာဝန်ရှိသူတွေအနေနဲ့ လက်နက်အ ပြည့်အစုံ ကိုင်ဆောင်မလာကြဖို့၊ စစ်ဝတ်စစ်စားအကောင်းစား၊ အ ပျံစားတွေနဲ့ တောက်တောက်ပပ ဝံ့ဝံ့ကြွားကြွားမလုပ်ကြဖို့ လမ်း ညွှန်တာကို အမှတ်ရမိတယ်။ နိုင် သူပဲဆိုတဲ့ အနေအထားနဲ့ ခပ်သာသာ၊ ခပ်စီးစီးမနေဖို့ လမ်းညွှန်တာဟာ သိပ်ကို အဆင့်မြင့်တဲ့ စိတ်ဓာတ်မျိုးပါ။

(နှစ်)

အားကစားလောကနဲ့ပတ် သက်လို့ ပြောလေ့ဆိုလေ့ရှိတဲ့ စကားတစ်ခုရှိပါတယ်။ အရှုံးအ နိုင်က ပဓာနမဟုတ်။ ယှဉ်ပြိုင် ခြင်းသာ အဓိကဆိုတဲ့ စကားပါ။ တကယ်သာ အဲသည့် စိတ်မျိုး ထားနိုင်ခဲ့ရင်ဖြင့် သိပ်ကို မြင့်မြတ် တဲ့စိတ်ပဲပေါ့။

တက္ကသိုလ်၊ ကောလိပ်အား ကစားပွဲတွေနဲ့ ပတ်သက်လို့ ကျောင်းအုပ်ကြီးတစ်ယောက်ရဲ့ လမ်းညွှန်အမှာစကားပြောကြားပုံ ကလေးတစ်ခုကို ပြန်ပြီး ဖောက် သည်ချစမ်းပါရစေ။

တက္ကသိုလ်ကောလိပ်လော ကမှာ ဇုန်(Zone)အလိုက် ဘော လုံးပြိုင်ပွဲတွေ ကျင်းပလေ့ရှိတာ ကို အမှတ်ရကြမှာပါ။ ဥပမာဆို ကြပါစို့။ ပုသိမ်ဇုန်မှာ ကန်ကြမယ်ဆိုတဲ့အခါ ဟင်္သာတတက္ကသိုလ် တို့၊ မအူပင်တက္ကသိုလ်တို့လို ကျောင်းတွေက ပုသိမ်တက္ကသိုလ် မှာ သွားကန်ကြရတဲ့ပြိုင်ပွဲမျိုးပါ။ သည်လိုပါပဲ။ စစ်တွေတက္ကသိုလ် မှာ ဘောလုံးပြိုင်ပွဲကျင်းပတဲ့အခါ တောင်ကုတ်ဒီဂရီကောလိပ်တို့၊ ရခိုင်မှာရှိတဲ့ နည်းပညာတက္က သိုလ်တို့၊ ကွန်ပျူတာတက္ကသိုလ် တို့က သွားရောက်ဆော့ကစား ကြရတဲ့ပြိုင်ပွဲမျိုးပါ။

အဲသည့်မှာကျောင်းအုပ်ကြီး တစ်ယောက်က ဇုန်(Zone) ပြိုင် ပွဲတစ်ခုမှာ သွားရောက်ကစားကြ မယ့် အားကစားသမားတွေနဲ့ ကြီးကြပ်လိုက်ပါမယ့် ဆရာနှစ် ယောက်၊ သုံးယောက်ကို ခေါ်ကာ လမ်းညွှန် အမှာစကားပြော ပါ တယ်။

ကျွန်တော် အလွန်အံ့သြ သွားပါတယ်။ သူ့အမှာစကားက နိုင်အောင် ကြိုးစားဖို့ အားပေးတဲ့ စကားမဟုတ်ဘဲ ရှုံးအောင်လုပ်ဖို့ ပြောတဲ့စကားဖြစ်ပြီး ရှုံးတာမှ ရိုးရိုးမဟုတ်ဘဲ အမြန်ဆုံးရှုံးအောင် လုပ်ခဲ့ဖို့ ပြောတဲ့အမှာစကားဖြစ် နေတာကိုး။

ဆရာကြီးက ကျောင်းမှာငွေ ကြေးမပြည့်စုံပါဘူးတဲ့။ သားတို့ ကြိုးစားကန်ကြလို့ နိုင်လိုက်၊ ရှုံး လိုက် ဖြစ်နေခဲ့ရင် အချိန်ကြာမယ် တဲ့။ ဒါဆိုရင် ကျောင်းအနေနဲ့ စရိတ်သိပ်ထောင်းသွားမယ်တဲ့။ ဒါကြောင့် အမြန်ဆုံးရှုံးပြီး အစော ဆုံးပြိုင်ပွဲက ထွက်ခွာလာခဲ့ရမယ် ဆိုရင်ဖြင့် ကျောင်းအနေနဲ့ သိပ်ကိုဝန်ထုပ်ဝန်ပိုးကြီးတွေဆီကနေ လွတ်ပြီး ပေါ့ပါးသွားမှာပါတဲ့။ သားတို့က ကျောင်းကို ငဲ့ညှာပါ ဆိုလား။ ပြိုင်ပွဲဝင်ကျောင်းသား တွေ ဘယ်လိုစိတ်နဲ့အဲသည့်တက္က သိုလ် ကောလိပ်ပေါင်းစုံ ဇုန် (Zone) ပြိုင်ပွဲထဲမှာ ဘောလုံးကန် ခဲ့ကြပါလိမ့်ဆိုတာ ကျွန်တော် သိချင်လိုက်တာ။

တက္ကသိုလ်ကောလိပ်တစ်ခု ကကျတော့ ဇုန်(Zone)ပွဲတွေ နီး လာတဲ့အခါ ကျောင်းအသီးသီး က စခန်းသွင်း(Camp)ကြ၊ လို အပ်သလို ကျွေးမွေး၊ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ကြတဲ့ ကာလနဲ့ အညီ စခန်းဝင်နေကြပေမယ့် အဲသည့်ကျောင်းက တုတ်တုတ် မလှုပ်ပါဘူး။ စရိတ်ထောင်းလို့ တဲ့။ ပြိုင်ပွဲစတော့မှ သွားကန်ကြရ လေရဲ့။

ရှုံးတာ၊ နိုင်တာဟာ ပဓာန မကျဘူးလို့ ဆိုပေမယ့်လည်း ပြိုင် ပွဲမှာ မပါရင် မဖြစ်ဘူးလို့ဆိုတာ ကြောင့် ပါနေရတယ်။ မပြိုင်ရင် မကောင်းတတ်လို့ ပြိုင်နေရတယ် ဆိုတဲ့ စိတ်တွေကတော့ အားက စားစိတ်ဓာတ်မဟုတ်ရုံသာမက အားကစားလောကရဲ့လိပ်ပြာကို ပါ ညစ်နွမ်းစေပါတယ်။

အားကစားသမားဟောင်း တက္ကသိုလ်ပါမောက္ခတစ်ယောက်ကတော့ ၁၉၇၇ ခုနှစ်ကို ရည်ညွှန်းပြီး အဲဒါ ထိုင်းကို ကျုပ်တို့နိုင်ခဲ့တာ နောက်ဆုံးပဲဗျာတဲ့။ ကျုပ်တို့ သူတို့ကို မနိုင်တာ နှစ်ပေါင်းလေးဆယ်ပြည့်သွားပြီတဲ့။ ဆွေးဆွေးမြည့်မြည့် ပြောပါတယ်။ ကျုပ်တို့က ဘောလုံးကွင်းမရှိဘဲနဲ့ နိုင်ချင်နေတာကိုးတဲ့။ ဘယ်ရမလဲတဲ့။ အားကစားဆိုတာဟာလည်း အမျိုးသားရဲ့ ဂုဏ်သိက္ခာဆိုတာကို နားမလည်တဲ့လူတွေက အဖြစ်ကလေးလုပ် ပြပြီးပစ်ထားခဲ့တဲ့ အတွက် အခုလိုကျဆင်းသွားရတာတဲ့။

ဟုတ်ပါတယ်။ ရပ်ကွက်ထဲ က ကလေးတွေ ဘယ်ဘောလုံး ကွင်းမှာ သွားကန်ရမယ်ဆိုတာ မသိပါဘူး။ စာသင်ကျောင်းအ များစုမှာ ဘောလုံးကွင်းမရှိပါဘူး။ တက္ကသိုလ်တိုင်းမှာ ဘောလုံး ကွင်းကောင်းကောင်းမရှိပါဘူး။ ကျွန်တော်တို့မှာ နိုင်နိုင်တဲ့ အခြေ ခံကောင်းတွေ ဖန်တီးပေးမထား ပါဘူး။ နိုင်ချင်တယ်ဆိုရင်ဖြင့် နိုင်အောင် ဖန်တီးပေးထားရပါ တယ်။

(သုံး)

ရှုံးတာတို့၊ နိုင်တာတို့က ပဓာနမကျပါဘူးဆိုပေမယ့် ဘယ် တော့မှ၊ ဘယ်နေရာမှာမှ မနိုင် တော့တဲ့သူတွေပါကွာဆိုတာက အမျိုးသားလိပ်ပြာကို သိမ်ငယ်စေ ပါတယ်။

သူများတွေ ပြိုင်လို့ လိုက်ပြိုင်ရတာပါ။ ရှုံးတော့ စရိတ်မထောင်းဘူးပေါ့ဆိုတဲ့လူတွေကို ဦးဆောင် တဲ့နေရာမှာထားတာဟာ ကျရှုံး နိုင်ငံတော်ကို တည်ဆောက်နေမိ သလိုပါပဲ။       ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)