ရန်ကုန်တိုင်းတွင် ရှစ်လအတွင်း သွေးလွန်တုပ်ကွေးဖြင့် သေဆုံးသူ ၃၇ ဦးရှိ

သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွားမှုမရှိစေရေး ရပ်ကွက်အတွင်း ခြင်ဆေးဖျန်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ − နစ်ကီ)

ရန်ကုန်တိုင်းတွင် ရှစ်လအတွင်း သွေးလွန်တုပ်ကွေးရော ဂါကြောင့် သေဆုံးသူ ၃၇ ဦးရှိလာ၍ ပြီးခဲ့သည့်နှစ် တစ်နှစ်လုံးဖြစ်ပွားသေဆုံးမှုထက် ပိုမို မြင့်တက်လာကြောင်း ရန်ကုန် တိုင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန (ရပကန) လက်ထောက် ညွှန်ကြားရေးမှူးဒေါက်တာအေး မွန်မွန်ကျော်က ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၆ တစ်နှစ်လုံးတွင် သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၂,၁၈၅ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိသည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လကုန်ပိုင်းအထိ ရှစ်လအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၄,၈၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၇ ဦးရှိနေရာ နှစ်ဆခန့် မြင့်တက်လာသည်။ 

‘‘ပုံမှန်ဆို ဇွန်၊ ဇူလိုင်က ဖြစ် ပွားတာ အမြင့်ဆုံးပေါ့။ သြဂုတ်၊ စက်တင်ဘာလောက်ဆို သိသိ သာသာပြန်ကျတတ်တယ်။ အခု က ကျတာ မသိသာဘူး ဖြစ်နေ တယ်။ မကျသေးတဲ့သဘောမျိုး ဖြစ်နေတယ်။ သေတာဆိုလည်း အရင်နှစ်တွေကထက်ကို များနေ တယ်’’ဟု ဒေါက်တာအေးမွန်မွန် ကျော်က ပြောသည်။

ရာသီဥတုအပြောင်းအလဲ နှင့် သွေးလွန်တုပ်ကွေးကာကွယ် နှိမ်နင်းရေးလုပ်ငန်းများတွင် လူ ထုပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် ယခုကဲ့ သို့ ဖြစ်ပွားသေဆုံးနှုန်း မြင့်တက် နေခြင်းဖြစ်သည်။ 

ဖြစ်ပွားမှုနှုန်းများပြားသော လှိုင်သာယာ၊ တောင်ဒဂုံကဲ့သို့ မြို့ နယ်များအပြင် ရွှေပြည်သာကဲ့သို့ လူဦးရေထူထပ်သော မြို့နယ်များ တွင် ရောဂါဖြစ်ပွားမှုများပြားလာ ပြီး အသက် (၈၇)နှစ်သက်ကြီးပိုင်း အရွယ်များပါ ဖြစ်ပွားမှုရှိလာ သည်။ သေဆုံးမှုကို ကြည့်မည် ဆိုပါက ယခင်ဖြစ်ပွားသေဆုံးမှု အများဆုံးဖြစ်သော ကလေးအ ရွယ်များအပြင် (၁၅)နှစ်အထက် အရွယ်များပါ သေဆုံးလာသည်။

‘‘ဒီနှစ်မှာ သွေးလွန်တုပ်ကွေး ဖြစ်တာက အရင်နှစ်ကထက် လေးဆပိုများနေတယ်။ သွေးလွန် တုပ်ကွေးဖြစ်တဲ့ ခြင်က နေ့လယ် နေ့ခင်းကိုက်တယ်။ အဲဒီအချိန်မှာ ကလေးတွေက ကျောင်းတက်နေ တာများတယ်။ အဲဒီတော့ အင်္ကျီ ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ် ဆင်ပေးရမယ်’’ဟု ကလေးအထူး ကုဆရာဝန်ကြီးတစ်ဦးက အကြံ ပြုသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန် တိုင်းရှိ မြို့နယ်များ၌ ပြည်သူလူထုအခြေပြုပိုးလောက်လမ်းနှိမ် နင်းရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ယင်းရောဂါဖြစ်ပွားသေဆုံး သော အိမ်များနှင့် ပတ်ဝန်းကျင် ကိုက်သုံးရာအကွာတွင် ခြင်ဆေး မှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းတို့အပြင် ကျောင်းများ၌ နှစ်လလျှင် တစ်ကြိမ် အဘိတ်ဆေးခတ်ခြင်း၊ အသိပညာပေးဟောပြောခြင်းတို့  ဆောင်ရွက်နေကြောင်း ဒေါက်တာအေးမွန်မွန်ကျော်က ပြောသည်။ 

‘‘ဒီပိုးလောက်လမ်းတွေ ရှိ နေသရွေ့ကတော့ ဖြစ်မှာပါပဲ။ မဖြစ်အောင် ဒါတွေကို ကာကွယ် နှိမ်နင်းဖို့၊ ဒီပိုးလောက်လမ်းမရှိ အောင် လုပ်ဖို့ အရမ်းအရေးကြီး နေပြီဆိုတဲ့အကြောင်းကို ပြည်သူ တွေကို ပြောချင်ပါတယ်။ ပြည်သူ တွေရော၊ အုပ်ချုပ်ရေးပိုင်းတွေ ရော၊ လူမှုဝန်ထမ်းအဖွဲ့အစည်း တွေရော ဝိုင်းဝန်းကူညီပေးကြပါ။ အခုဖြစ်တာလည်း များတယ်။ သေတာလည်းရှိတယ်။ နောက် ထပ်လည်းဖြစ်နိုင်တယ်။ ဒါကို ပြည်သူတွေစိတ်ထဲမှာ ဒါအရေး ကြီးပါလားဆိုတာ ဝိုင်းဝန်းကူညီမှ သာ ဖြစ်ပွားနှုန်းကျမှာပါ’’ဟု ၎င်း က ပြောသည်။ 

မြန်မာနိုင်ငံတွင် သွေးလွန် တုပ်ကွေးရောဂါသည် နှစ်စဉ် ခန့် မှန်းခြေ လူတစ်သောင်းကျော်ဖြစ် ပွားကာ ယင်းရောဂါကြောင့် လူ နာ ၆၀ ခန့် သေဆုံးနေရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် ဇန်နဝါရီမှ ဇူလိုင် ၂၂ ရက် အထိ ဖြစ်ပွားသူ ၁၄,၀၀၀ ဦးနှင့် သေဆုံးသူ ၈၁ ဦးရှိကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။ 

သွေးလွန်တုပ်ကွေးမဖြစ် ပွားစေရန် အိမ်တိုင်းတွင် ခြင် ကျား၊ လောက်လမ်းတစ်ကောင် မျှမရှိစေရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) ဆောင်ရွက်ရန် လိုအပ်ပြီး ယင်း ရောဂါကြောင့် သေဆုံးမှုမရှိစေ ရန် ဖျားရာမှ ရုတ်တရက်အဖျား ကျကာ ခြေဖျား၊ လက်ဖျားအေး စက်ခြင်း၊ မှိန်းခြင်း(သို့)ဂနာမငြိမ် ဖြစ်ခြင်း၊ အစာမစား၊ ရေမ သောက်ခြင်းနှင့် နှာခေါင်းသွေးယို ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ ဗိုက်နာခြင်း(အသည်းကြီးခြင်း)၊ မကြာခဏ အန်ခြင်း၊ ဆက်တိုက် အန်ခြင်း၊ အန်သည့်အထဲတွင် ကော်ဖီစေ့ရောင်အညို၊ အမည်း အဖတ်များပါခြင်း စသောသွေး လန့်သည့် လက္ခဏာတစ်ခုခုဖြစ် ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံးပို့ ရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။ 

Top News