‘‘ရသစာပေဆိုတာ တခြားဗဟုသုတစာပေလို ရှင်းပြလို့ကောင်းတဲ့အရာလည်း မဟုတ်ဘူး။ အဲဒါကိုရှင်းပြရင်လည်း ရယ်စရာကြီးဖြစ်နေမယ်။ စာအုပ်ထဲမှာပဲ မသိလိုက်မသိဘာသာ ရှင်းသွားတဲ့သဘောပဲ’’

ဘာသာပြန် စာရေးဆရာ ဆရာသင့်လူနှင့်တွေ့ဆုံခြင်း

မျိုးဆက်သစ်ဘာသာပြန် စာရေးဆရာများအနက် ယခုနှစ်ပိုင်းအ တွင်း ပရိသတ်ကြားထင်ရှားလာသူတစ်ဦးမှာ စာရေးဆရာသင့်လူဖြစ် သည်။ ၎င်းရေးသားသော သရော်စာဘာသာပြန်မူရင်း စာအုပ်များမှာ စကားလုံးအသုံး အနှုန်းခက်ခဲသော်လည်း မြန်မာမှုပြုရာတွင် သရော်စာပီပြင်အောင် နှင့်မူရင်းအဓိပ္ပာယ်မပျောက်အောင်၊ သဘာဝကျကျ ဟာသရသမြောက်အောင် ပြန်ဆိုရေးဖွဲ့နိုင်သော ကလောင်တစ်ချောင်း အဖြစ် မြန်မာ့စာပေနယ်တွင်သာမက ခေတ်ပြိုင်ကလောင်များအချင်းချင်းကပင် အပြန်အလှန်အသိအမှတ်ပြုမှုရရှိလာသူလည်းဖြစ်သည်။ ထို့ကြောင့် ၎င်း၏ဘာသာပြန်စာပေရေးသားမှုအတွေ့အကြုံနှင့် စာပေရေးရာဆိုင်ရာများကို တွေ့ဆုံမေးမြန်းခဲ့သည်များမှ ဖော်ပြလိုက်ပါ သည်။

‘သင့်လူ’ ဆိုတဲ့ကလောင်ပေးဖြစ် ပုံကို ပြောပြပေးပါဦး။

သင့်လူက ဘာရယ်မဟုတ် ဘူး။ ငယ်ငယ်ကတည်းက စာရေး ရင်တော့ဒီကလောင်နဲ့ရေးမယ် ဆိုပြီးတော့ ပေးထားတာပေါ့။ နောက်တော့ဒီဟာနဲ့ပဲ ရေးဖြစ် တော့ ဒါကအတည်ဖြစ်သွားတာ ပေါ့။

ဆရာဘာသာပြန်ချင်ဆုံးစာပေ အမျိုးအစားက ဘာဖြစ်မလဲ။

Political Satire (နိုင်ငံရေး သရော်စာ) ပါ။

ဆရာရဲ့ ဘာသာပြန်လက်ရာတွေ မှာ စကားပြေ၊ စကားလုံးအသုံးအ နှုန်းကြွယ်ဝတာကို သတိပြုမိပါ တယ်။ အဲဒီလို ကြွယ်ဝအောင် ဆရာဘယ်လိုလေ့လာမှုတွေ ပြု လုပ်ခဲ့ပါသလဲ။

မြန်မာစကားမှာ အပြောပြေ ပြစ်ရင် အရေးလည်းပြေပြစ်တာ ပဲ။ စကားပြေနဲ့စကားပြောနှစ်မျိုး ရှိတာကိုး။ ငါတို့စာပေကထုတ်တဲ့ စာအုပ်တွေဆို ကျွန်တော်စကား ပြောနဲ့ပဲရေးတာ၊ အထူးသဖြင့် Satire နွှယ်တဲ့ဟာတွေ၊ ကံ့ကော် ၀တ်ရည်က ထုတ်တဲ့ဟာတွေကို စကားပြေနဲ့ရေးတာများတယ်။ တိုက်ခွဲထားတာတော့ မဟုတ် ဘူး။ ပြန်တဲ့ဝတ္ထုအမျိုးအစားနဲ့ သူ့ရဲ့ Tone အပေါ်မူတည်ပြီး ပြန်ဖြစ်တယ်။ ဖတ်ခဲ့တာတော့ အများကြီးပေါ့။ ဗမာစာပေရော၊ အနောက်တိုင်းစာပေရော၊ မြန် မာစာပေအဘိဓာန်တို့ရှိတယ်။ ဦးဖိုးလတ်တို့  စာအုပ်တွေ။ အဲဒီ မှာ ခက်ခက်ခဲခဲ ရှားရှားပါးပါး ဗမာစကားလုံးတွေပါတာမို့ပါ။

ဆရာပင်ကိုရေးကော ရေးဖို့ရှိ လား။ ရေးထားတာကောရှိလား။

ပင်ကိုရေးက ပထမဆုံး ထုတ်တုန်းက ပင်ကိုရေးပဲ၊ ပြည် သူ့ကျန်းမာရေးအကြောင်းပေါ့။ ၂၀၁၀ ကပေါ့။ နောက်ပိုင်း Fiction (ရသ)နဲ့ပတ်သက်ပြီး တော့ မရှိသေးဘူး။ Travelling Essay တော့ရေးဖို့ရှိတယ်။ ဒါပေ မဲ့အချိန်မရသေးဘူး၊ လောလော ဆယ်တော့...

ဆရာက တစ်ဖက်မှာလည်းအစိုးရ ၀န်ထမ်းဖြစ်တယ်။ တစ်ဖက်မှာ လည်းခက်ခဲပြီး အချိန်ယူရတဲ့ ဘာသာပြန်သရော်စာကြီးတွေ ရေးနေပြန်သေးတယ်။ အဲဒီတော့ ဌာနဆိုင်ရာတာဝန်တွေကြားမှာ စာရေး၊ စာဖတ်တဲ့အချိန်ကို ဘယ်လိုယူလဲ။

အချိန်လုပြီးလုပ်ရတာပဲ။  ခု နောက်ပိုင်းအလုပ်ကပိုများလာ တဲ့အခါကျတော့ များသောအား ဖြင့် ညဘက်ပဲအိပ်ချိန်နည်းနည်း ဖဲ့ယူရတာပေါ့။

ဆရာဘာသာပြန်ဆိုမှုနဲ့ပတ် သက်ပြီး အင်္ဂလိပ်စာအပိုင်းကို ကော ဘယ်လိုလေ့လာဖြစ်လဲ။

ထွေထွေထူးထူးလေ့လာ တာတော့မရှိဘူး။ ငယ်ငယ်က တည်းက စာအုပ်တွေဖတ်တာ ၀ါ သနာပါတော့ ရှစ်တန်း၊ ကိုးတန်း လောက်ကတည်းက Letter Series တို့၊ Retold Story တို့ ဖတ်တယ်။ အဲဒါလေးတွေကို ကိုးတန်း၊ ၁၀ တန်းလောက်မှာ စပြီး ဘာသာပြန်တာရှိတယ်။ စာ အုပ်ထုတ်တဲ့အထိတော့ မရောက် ဘူးပေါ့။ ၀ါသနာအရပါပဲတကယ် တော့လေ။ အင်္ဂလိပ်စာကို သေ ချာဘာသာရပ် တစ်ခုအနေနဲ့ ကျွမ်းကျင်အောင်လေ့လာတာ တော့မဟုတ်ဘဲ လုပ်ရင်းနဲ့ပဲတ ဖြည်းဖြည်းအဆင်ပြေလာတာ ပေါ့။

ဆရာစာအုပ်တစ်အုပ်ကို ဘာသာ ပြန်ဖို့ ဘယ်လောက်အချိန်ယူရ လဲ။

စာက ရေးချင်တိုင်းရေးလို့ မရဘူး။ သူ့ရဲ့ရေးချင်စိတ်နဲ့ ဖန် တီးနိုင်စွမ်းနဲ့စိတ်ထဲမှာ စဉ်းစားပြီး တော့ ဖြန့်ကြက်တွေးတောနိုင် စွမ်းကို လွယ်လွယ်ကူကူ Mood လို့ခေါ်တာပေါ့။ ပင်ကိုရေးစာ ရေးဆရာတွေ Mood ၀င်ရေးတာ ကြားဖူးပေမယ့် ဘာသာပြန်စာ ရေးဆရာ Mood ၀င်ရေးတာကြား ရတော့ ဘာသာပြန်တာများ Mood ၀င်စရာလိုလားပေါ့။ လို တယ်။  Mood (ခံစားသက်ဝင်မှု) မ၀င်ဘဲနဲ့ ပြန်နေရင် စိတ်မကျေ နပ်ဘူး။ အင်အားမပါဘူး။ခြောက် ကပ်ကပ်ကြီးဖြစ်နေတယ်။ Mood ၀င်တဲ့အချိန်ရယ်၊ ဒီဟာကို ကိုယ် ရေးနိုင်တဲ့အခြေအနေရယ်ပေါ် အများကြီးမူတည်တယ်။ Mood အရတချို့လည်း တစ်နှစ်လောက် ကြာတဲ့ဟာလည်းရှိတယ်။Pascal  Khoo Thwe (ကယားတိုင်းရင်း သားစာရေးဆရာပါစကယ်ခူး သွယ်) ရဲ့ From The Land of Green Ghosts(အိုဘယ့် အစိမ်း တို့မြေ)ဆိုရင် နှစ်လလောက်ပဲ ကြာတယ်။ လေလွင့်ကြောင် (A Street Cat Named Bob)ဆို သုံးပတ်လောက်ပဲကြာတယ်။

ဆရာဘာသာပြန်ဖို့အတွက်အ နောက်တိုင်း   စာပေတွေထဲမှာ ဘယ်လိုစာအုပ်တွေကို အများ ဆုံးရွေးဖတ်ဖြစ်ပါသလဲ။

များသောအားဖြင့် နိုင်ငံရေး သရော်စာကိုရွေးပြီး ဖတ်ဖြစ် တယ်။ နောက်ပိုင်းမှာတော့ တိုက် က ဒါလေးပြန်ပေးရင်ကောင်း မယ်ထင်တယ်၊ ဒါလေးကတော့ ကောင်းတယ်ဆိုတာလေးတွေရှိ တယ်။ တချို့လည်း မူရင်းစာရေး ဆရာနဲ့ မိတ်ဆက်ပေးပြီးတော့ တစ်ခါတည်း Copy Right ပေး လိုက်တယ်။ ‘နားစွင့်ကြားဟန် ရင်ခုန်သံ’ စာအုပ်လိုမျိုးပေါ့။ ကိုယ်တိုင်ကြိုက်လို့ပြန်တာလည်း ရှိတယ်။ ပထမဆုံးစာအုပ်က တော့ ကိုယ်တိုင်ကြိုက်ပြီးကိုယ် တိုင်ထုတ်တာပေါ့။

ဆရာအခုလက်ရှိ ဘာသာပြန်နေ တဲ့ စာအုပ်အကြောင်းလေးအ မြည်းပြောပြလို့ရမလား။

ပြန်လက်စစာအုပ်ရှိတယ်။ ငါတို့စာပေအတွက်ရည်ရွယ်ပြီး ရေးထားတဲ့ ဂျာမန်သရော်စာ စာ အုပ်ပေါ့။ ၂၀၁၁ ခုနှစ်မှာ ဟစ်တ လာ ပြန်လည်နိုးထလာတဲ့အ ကြောင်းပေါ့။ သူ့ကို တန်းမြင့် သရော်စာလို့သတ်မှတ်တယ်။ ဘာလို့တန်းမြင့်လို့သတ်မှတ်လဲ ဆို ရေးပုံသားပုံက သိပ်ခက် တယ်။ ဂျာမန်ကနေ အင်္ဂလိပ်ပြန် ထားတာ။

သူသရော်ထားတဲ့အကြောင်း အရာတွေကို ဗမာစာဖတ်သူသ ဘောပေါက်အောင် တော်တော် ခက်တယ်။

ရသစာပေဆိုတာ တခြား ဗဟုသုတစာပေလို ရှင်းပြလို့ ကောင်းတဲ့အရာလည်း မဟုတ် ဘူး။ အဲဒါကိုရှင်းပြရင်လည်း ရယ်စရာကြီးဖြစ်နေမယ်။ စာအုပ် ထဲမှာပဲ မသိလိုက်မသိဘာသာ ရှင်းသွားတဲ့သဘောပဲ။

ဆရာရေးသားထုတ်ဝေပြီးတဲ့ စာ အုပ်ဘယ်နှအုပ်ရှိပြီလဲ။ စာအုပ် တိုက်တွေက ရေးပေးဖို့အပ်ထား တာကကော။

ထုတ်ဝေပြီးသားက အုပ် ၂၀ ရှိတယ်။ ငါတို့စာပေကို ပေးရ မှာ ခြောက်အုပ်ရှိတယ်။ ကံ့ကော် ၀တ်ရည်ကိုလည်း ပေးရမှာ လေး အုပ်ရှိတယ်။

စာရေးချင်တဲ့လူငယ်တွေ၊ ဘာ သာပြန်ချင်တဲ့  လူငယ်တွေကို ဆရာရဲ့အကြံပြုချက်လေးပြော ပါဦး။

စာရေးတာက တကယ် တော့ ပါရမီရော၊ အထုံရော၊ ဓလေ့ရော၊ စွဲစွဲမြဲမြဲလုပ်နိုင်မယ့် ၀ီရိယရောလိုတာပေါ့။ စာရေး ချင်ရင်တော့ ရေးသာရေးလိုက်၊ ပထမဆုံးတစ်အုပ်ကို အစကနေ အဆုံးပြီးတဲ့အထိ ရေးကြည့်၊ ဘာ သာပြန်မယ်ဆိုရင်လည်း ပြန်ပေါ့။ ပြီးရင် အဲဒီစာမူကို ကိုယ်စိတ် တိုင်းကျပြီဆိုရင် ထုတ်ဝေဖို့ကြိုး စား။ မထုတ်ဝေဘဲနဲ့ Online ပေါ် ဘယ်လိုတင်တင်၊ ဘယ်လိုရောင်း ရောင်း ကိုယ့်စာပေကို၊ ကိုယ့်အနု ပညာကို ပရိသတ်က အကဲမဖြတ် နိုင်ဘူး။ ရေးချင်ရေးသာရေးလိုက်၊ ပထမဆုံးတစ်အုပ်ကိုနှစ်ထောင်း အားရဖြစ်တယ်၊ ကျေနပ်တယ်ဆို ရင် ဒါကိုထုတ်၊ ထုတ်ဝေရင်းနဲ့ စာရေးဆရာဒီလိုပဲဖြစ်လာတာ ပေါ့။

စာပေကို တန်းမြင့်အောင်အဘက် ဘက်က ဘယ်လိုလုပ်ဆောင်သင့် တယ်လို့ အကြံပြုလိုသလဲ။

ခုခေတ်က Online Media က သိပ်ကိုကျယ်ပြန့်လာတဲ့အခါ ကျတော့ Print လုပ်တဲ့စာနယ်ဇင်း တွေ ရပ်တည်ဖို့ခက်လာတယ်။ Ebook တွေထွန်းကားလာရင် လည်း ကောင်းတယ်။ စာပေဦး မော့ဖို့တော့ အကုန်လုံးဝိုင်းပြီး လုပ်မှရမယ်။ ဖတ်တဲ့သူတွေက လည်း ဘယ်စာပေကအဆင့်အ တန်းမြင့်တယ်ဆိုတာ ရွေးဖတ် တတ်ဖို့လိုတယ်။ ရေးတဲ့လူတွေ ဘက်ကလည်း ဘယ်ဟာကတော့ ပရိသတ်နဲ့တွေ့သင့်တယ်၊ ဘယ် ဟာကိုယ့်အကြိုက်ဖြစ်စေတယ် ဆိုတာ ဒီလိုပဲနှစ်ဖက်လှလုပ်ရ တာပေါ့။

အခုဆိုရင် လူငယ်တွေစာမဖတ် ကြဘူးလို့ပြောကြတယ်။ ဒါပေမဲ့

Online တွေ၊ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေရောင်းနေရတာတွေ့ ရသေးတယ်။ အဲဒီအပေါ်မှာကော ဆရာ့အနေနဲ့ဘယ်လိုမြင်လဲ။

လူငယ်တွေ စာမဖတ်ဘူး ဆိုတာ မဟုတ်ဘူး။ လူငယ်တွေ စာဖတ်ပါတယ်။ စာဖတ်ဖို့အ လှမ်းဝေးတာ။ ကလောင်သစ် တွေလည်း သိပ်မထွက်ကြဘူး။  အရင်စာရေးဆရာကြီးတွေရဲ့ စာ အုပ်တွေပဲ ပြန်ရိုက်တာများတဲ့ အခါကျတော့ ဒါကိုပဲကြည့်ပြီး စာမဖတ်ဘူးလို့ ကောက်ချက်ချ ကြတာနဲ့တူပါတယ်။

ဆရာဘာများဖြည့်စွက်ပြောချင် သေးလဲ။

အလုပ်တစ်ဖက်နဲ့ဆိုတော့ လုပ်ပေးချင်သလောက် စာပေ ဘက်ကို မလုပ်ပေးနိုင်ဘူး။ စာ ပေဘက်ကို ဦးမလှည့်နိုင်ဘူး။ စာပေလောကထဲ ခြေစုံပစ်ဝင်လို့ မရဘူးဖြစ်နေတယ်။ တတ်နိုင်သ လောက်တော့ ရေးနေပါတယ်။

ကျေးဇူးတင်ပါတယ်။

စာရေးဆရာသင့်လူ၏ ကိုယ်ရေး အကျဉ်း

၁၉၇၃ တွင်မွေးဖွားခဲ့သည်။

ပဲခူးမြို့ဇာတိဖြစ်ပြီး အမည် ရင်းမှာ သန့်စင်ထူးဖြစ်သည်။

၁၉၈၉ တွင် ဆယ်တန်း အောင်မြင်ပြီး ၁၉၉၃ တွင် ဆေး တက္ကသိုလ်တက်ရောက်ခဲ့သည်။

၁၉၉၉-၂၀၀၀ တွင် ဆရာ ၀န်ဘွဲ့ရရှိခဲ့ပြီး ၂၀၀၅ တွင် ဘွဲ့ လွန်တက်ရောက်ခဲ့သည်။

ထို့နောက် ထိုင်းနိုင်ငံ ချူ လာလောင်ကွန်တက္ကသိုလ်မှ ကျန်းမာရေးဘောဂဗေဒမဟာ သိပ္ပံဘွဲ့ရရှိသည်။

၂၀၁၃ တွင် ဆေးတက္ကသိုလ် မှ ကျန်းမာရေးစီမံကိန်းဦးစီးဌာန သို့ ပြောင်းရွှေ့ပြီး လက်ရှိတွင် ဒုတိယညွှန်ကြားရေးမှူးရာထူး ဖြင့် တာဝန်ထမ်းဆောင်ဆဲဖြစ် သည်။

ဂါစီယာမာကေး၏ One Hundred Years Of Solitude (ဝေးလွင့်ကင်းကွာနှစ်တစ်ရာ) ကို ပထမဆုံးဘာသာပြန်၍ စာ ပေလောကသို့ဝင်ရောက်ခဲ့သည်။

ဆရာသင့်လူ ဘာသာပြန်ဆိုခဲ့ သော လက်ရာအချို့

- Pascal Khoo Thwe ၏ From The Land of Green Ghosts (အိုဘယ့် အစိမ်းတို့မြေ)

- Clive Cussler-Atlantis Found (အတ္တလန်တစ်ရှာပုံ တော်)

- Jonas Jonasson - The Girl who saved The King of Sweden (ကယ်တင်ရှင်)

- Jonas Jonasson - The Hundred Year old Man Who Climbed out of the window and disappeared (သက်တော် ရာကျော်ရှည်စေသော်)

- Jan-Phillip Sendker- The Art of Hearing Heartbeads (နားစွင့်ကြားဟန်ရင်ခုန်သံ)

- Han Kang -Vegetarian (သားသတ်လွတ်သမ)

- Aravind Adiga -The White Tiger (ကျားဖြူ)

- Gabriel Garcia Marquez- Love in the tume of Cholera (ကပ်တွင်းက ချစ်ခြင်း)

- Gabriel Garcia Marquez- No one Writes to the Colonel (ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါ)

- Robin Cook-OutBreak (မိစ္ဆာ)

-Ryu Murakami-Piercing (စူး)

- James Bowen- A Street Cat Named Bob (လေလွင့် ကြောင်)

Top News