ကျောက်ဆည် ဆင်ပြိုင်ပွဲ အမှတ်ပေးဒိုင်တွင် အနုပညာရှင်များထည့်သွင်းပေးရန် ဆင်အဖွဲ့များ တောင်းဆို

ကျောက်ဆည်ဆင်ကကွက်တစ်ကွက်ကို တွေ့ရစဉ် (ဓာတ်ပုံ − စည်သူလင်း)

 ကျောက်ဆည်ဆင်ပြိုင် ပွဲ အမှတ်ပေးဒိုင်အဖွဲ့ဝင် ကိုးဦး တွင် အနုပညာရှင်များထည့်သွင်း ပေးရန် ပြိုင်ပွဲဝင်မည့် ဆင်အဖွဲ့ များက တောင်းဆိုထားကြောင်း ရွှေဇင်မောင်   ဆင်အဖွဲ့ခေါင်းဆောင်ဦးစိုးရွှေက ပြောသည်။

ဆင်ပြိုင်ပွဲကို သုံးဦးစီပါဝင် သော ဒိုင်အဖွဲ့သုံးဖွဲ့ရှေ့တွင် ကပြသီဆိုယှဉ်ပြိုင်ရပြီး ယခင်နှစ်များက ပြိုင်ပွဲဝင်ဆင်များ၏ အက၊ အဆို၊ သရုပ်ဖော်မှုနှင့် ဆိုင်သော ယှဉ်ပြိုင်မှုများကို သဘင်၊ ဂီတအစည်းအရုံးများမှ အနုပညာရှင်များက အမှတ်ပေးပြီး စည်းကမ်းလိုက်နာမှုနှင့်ပတ်သက်၍ ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်ပေးသည်။ ယခုနှစ်အမှတ်ပေးဒိုင်တွင် မြို့နယ်အုပ်ချုပ်ရေးမှ ထည့်သွင်းထားသော ဌာနဆိုင်ရာဝန်ထမ်းများသာ ပါဝင်နေ၍ အနုပညာရှင်များထည့် သွင်းပေးရန် တောင်းဆိုခြင်းကြောင်း ဦးစိုးရွှေက ပြောသည်။

‘‘ပြိုင်ပွဲဝင်မယ့် ဆင်တွေကို အဓိက ဆင်အက၊ အတီး၊ အဆို၊ အဖွဲ့လိုက်စုပေါင်းသရုပ်ဖော်မှု၊ အဲဒါတွေကို အဓိကကြည့်ပြီးဆုံး ဖြတ်တာ။ ဒါတွေက အနုပညာနဲ့ ဆိုင်တဲ့လုပ်ငန်းတွေ။ အဲဒါကို အုပ်ချုပ်ရေးပိုင်းက ခန့်ထားတဲ့ ဌာနဆိုင်ရာအရာရှိတွေက အမှတ်ပေးမယ်ဆိုတော့ သူတို့မကျွမ်း ကျင်တဲ့အလုပ်ကို တာဝန်ထမ်း ရတဲ့အခါမှာ ထွက်လာတဲ့အဖြေ ကလည်း မှန်ကန်မှုဆိုတာ လျော့ နည်းသွားမယ်။ ဒီအမှတ်ပေးဒိုင် တွေကို အနုပညာတဲ့ပတ်သက် ဆက်နွှယ်တဲ့ လူတွေနဲ့အစားထိုး သင့်တယ်’’ဟု ၎င်းကပြောသည်။

ယခုနှစ် ကျောက်ဆည်ဆင် ပြိုင်ပွဲအား သီတင်းကျွတ်လဆန်း ၁၄ ရက် (အောက်တိုဘာ ၄ ရက်) တွင် ကျင်းပမည်ဖြစ်သည်။ ဆင် ပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက ဦးစီးကျင်းပပြီး ဒိုင်အဖွဲ့နှင့် ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်များကို မြို့နယ် ထွေအုပ်ဦးဆောင်သည့် ပြိုင်ပွဲ ကျင်းပရေးကော်မတီက သတ် မှတ်ထုတ်ပြန်သည်။

ဂီတအနုပညာရှင်မဟုတ် သော်လည်း ကျောက်ဆည်ဆင် ပြိုင်ပွဲ အမှတ်ပေးဒိုင်အဖြစ် ဆယ် နှစ်ကျော်ကြာ တာဝန်ယူလုပ်ကိုင် ခဲ့သည့် ဦးကျော်သန်းက ရှေးအ စဉ်အဆက်အတိုင်း အမှတ်ပေး ဒိုင်တွင် ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များ ပါဝင်သင့်ပြီး ထည့်သွင်းပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ အကြံပြုထားကြောင်း ပြောသည်။

ကျောက်ဆည်ဆင်ပြိုင်ပွဲ ကို ကျောက်ဆည်မြို့ ရွှေသာ လျောင်းတောင်ခြေတွင် ကျင်းပ ပြီး ရှေးယခင်က ရွှေသာလျောင်း ဘုရားအား ကောက်ညှင်းမှုန့်၊ ဆန်မှုန့်တို့ဖြင့် ပြုလုပ်ထားသော ဆင်အရုပ်များ လှူဒါန်းပူဇော်ရာမှ ၁၉၂၅ နောက်ပိုင်းတွင် လူဝင်က နိုင်သော ဆင်တီထွင်ကပြကာ နောက်ပိုင်း၌ ဆင်ပြိုင်ပွဲဖြစ်ပေါ်လာခြင်း ဖြစ်သည်။ 

More in News Section

Top News