သဘင်သက်တမ်း နှစ် (၄၀)ပြည့် တင်ဆက်မှုကြောင့် နှစ်ခြိုက်ခံရတဲ့ ရွှေမန်းချမ်းသာ ဖျော်ဖြေပွဲ

သဘင်သက်တမ်းနှစ် (၄၀)ပြည့်အဖြစ် ကျင်းပသည့် ရွှေမန်းချမ်းသာ၏ဖျော်ဖြေပွဲတွင် သဘင်လောကမှ နာမည်ကြီး သဘင်ပညာရှင်များအပါအဝင် သရုပ်ဆောင်ဘက်မှ အနုပညာရှင်များလည်း ပါဝင်ခဲ့သည်။ 

 သဘင်အစဉ်အလာအတိုင်း ပုံစံများဖြင့် ဖျော်ဖြေခဲ့ပြီး တေးသီချင်းသီဆိုမှုအစီအစဉ်များ၊ တေးသရုပ်ဖော်အစီအစဉ်များ၊ ပြဇာတ်နှင့် နှစ်ပါးသွားအစီအစဉ် များ ပါဝင်သည်။ 

ဖျော်ဖြေပွဲအစတွင် ချမ်းသာ က ၎င်း၏အစ်ကို၊ အစ်မများကို ဂါရဝပြုသည့် အစီအစဉ် ထည့် သွင်းကျင်းပရာ ပရိသတ်များနှစ်ခြိုက်သည့် အစီအစဉ်တစ်ခုဖြစ်ခဲ့သည်။ 

ထို့ပြင် လာရောက်ကူညီပံ့ပိုး ဖျော်ဖြေပေးသည့် အနုပညာရှင် အင်အားများပြားသော်လည်း ချမ်းသာက အစီအစဉ်တော်တော်များများတွင် ၎င်းကိုယ်တိုင်ပါဝင်ခဲ့သည်။ 

သဘင်သက်တမ်းနှစ်(၄၀) ပြည့်သည့် အနုပညာရှင်၏ဖျော် ဖြေပွဲဖြစ်သောကြောင့် သက်ကြီး ပိုင်းပရိသတ်များပြားပြီး ဇာတ်သဘင်၏ ထုံးစံအတိုင်း အနုပညာ ရှင်များကို ပန်းစည်းများ၊ ငွေများ လက်ဆောင်များဖြင့် ဂုဏ်ပြုချီး မြှင့်ခဲ့သည်။ 

ချမ်းသာက ၎င်းကိုယ်တိုင်စ တင်ရေးသားခဲ့သည့် အမေ့အိမ်ပြ ဇာတ်အပါအဝင် ပြဇာတ်ငါးခုကို စက်တင်ဘာ ၉ ရက်ညတွင် ကပြ သည်။ ပြဇာတ်များ ကပြရာတွင် ဆက်တင်ဒီဇိုင်းများကို သေချာပြင်ဆင်၍ ကပြခဲ့ပြီး ယခင်ကကားလိပ်ပေါ်၌ ပန်းချီဖြင့် ပြသလေ့ရှိသည့် ဇာတ်ဝင်ခန်းများကို ဆက်တင်များဆောက်၍ တင်ဆက်ပေးခဲ့သည်။ 

ပထမည ဖျော်ဖြေမှုအစီအ စဉ်တွင် နှင်းဆီအဖွဲ့သားများဖြစ် သော မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုနှင့် ထွန်းထွန်းတို့က ရွှေမန်းသဘင်၏ နာမည်ကြီးသီ ချင်းများကို Non Stop ပုံစံဖြင့် ဖျော်ဖြေပေးခဲ့သည်။ ထို့ပြင် ဇာတ်သဘင်ဘက်မှ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်၊ စွမ်းဇာနည်၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်း၊ မေတင်မောင်ဆန်းဝင်း စသည့် လက်ရှိခေတ်၏ နာမည်ကြီးအနုပညာရှင်များက ပါဝင်ခဲ့ပြီး ချမ်းသာသဘင် သက်တမ်းတစ်လျှောက် လက်တွဲခဲ့သည့်  အနုပညာရှင်များကလည်းပါဝင်ကူညီခဲ့သည်။ ထို့အပြင် ဇာတ်သဘင်စင်မြင့်နှင့် နှစ်(၂၀)ကျော် ကွာဝေးနေသည်ဆိုသည့် နန်းတော်ရှေ့ဆရာတင်၏ မြေးဖြစ်သူ နန်းခင်အေးက ချမ်းသာ၏ပွဲအတွက် သီချင်းတစ်ပုဒ်ကို ဂုဏ်ပြုသီဆိုခဲ့သည်။ 

ပြဇာတ်  အစီအစဉ်တွင် ဇာတ်ဝင်ခန်းအချို့ကိုသာ တင်ဆက်ပြီး နှစ်ပါးအစီအစဉ်၌  မျိုးဆက်သစ်အနုပညာရှင်များက  ပါဝင်အားဖြည့်ခဲ့သည်။ ညနေ ၆ နာရီခန့်တွင် စတင်ကာ နံနက် ၄ နာရီကျော်အထိ ဖျော်ဖြေပြီး  ပရိသတ်များက ပွဲပြီးချိန်အထိ အားပေးခဲ့သည်။