ဗီဒီယို အကြိုခံစားခြင်း

ကျွန်တော့ရည်းစား နိုင်ငံခြားပြန်

ဒီနေ့ရဲ့ ဗီဒီယိုအညွန်းကဏ္ဍမှာ လူငယ်အချစ်ဟာသကားတစ် ကားအကြောင်း ညွှန်းလိုက်ပါတယ်။


မင်းမျိုးနွယ်တို့မိသားစုက  မြန်မာဆန်ဆန် နေထိုင်လေ့ရှိပါတယ်။ မင်းမျိုးနွယ်ဆိုရင်လည်း အမြဲတမ်းလိုလို ပုဆိုးပဲဝတ်လေ့ရှိပါတယ်။ နောက်ပြီးသူက သူ့အဖေရဲ့ကုမ္ပဏီမှာ ကူလုပ်ပေးနေတာပါ။ တစ်ရက်မှာတော့မင်းမျိုးနွယ် ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ကောင်မလေးနဲ့ဆုံတာဆိုပေမယ့်သူကပဲစောင့်ကြည့်နေခဲ့တာပါ။ တစ်ရက်မှာ သူက ဆိုင်တစ်ဆိုင်မှာထိုင်နေတုန်း စကတ်အတိုဝတ်ထားတဲ့ မိန်းကလေးကို သူ့ရှေ့ကခုံမှာထိုင်နေတဲ့ အမျိုးသားနှစ်ဦးက တောက်လျှောက်ထိုင်ကြည့်နေကြပါတယ်။ သူတို့ကြည့်တာက မိန်းကလေးရဲ့ အောက်ပိုင်းကိုပါ။ အဲဒါကြောင့် မိန်းကလေးက အဲဒီနှစ်ဦးကို ရွဲ့တဲ့အနေနဲ့ ပေါင်ကိုကားပြလိုက်တာပါ။

အဲဒါကိုမြင်ပြီး မင်းမျိုးနွယ်နည်းနည်းတော့ လန့်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ရက်မှာတော့ သူဈေးဝယ်စင်တာတစ်ခုမှာ ဈေးဝယ်နေတုန်း ပုဆိုးအချွတ်ခံ လိုက်ရပါတယ်။ ချွတ်လိုက်တာကတခြားသူမဟုတ်ပါဘူး။ သူ ဟိုရက်ကတွေ့ခဲ့တဲ့မိန်းကလေးပါ။ မိန်းကလေးက သူ့အသိတစ်ယောက်ကို နှုတ်ဆက်ဖို့ပြေးလာရင်း လမ်းမှာချော်လဲပြီး မင်းမျိုးနွယ်ပုဆိုးကို ဆွဲချွတ်သလိုဖြစ်ခဲ့တာပါ။

အဲဒီမိန်းကလေးနာမည်က ဆိုဖီယာပါ။ ဆိုဖီယာကငယ်ငယ်လေးကတည်းက နိုင်ငံခြားမှာသွားနေပါတယ်။ အဲဒါကြောင့် သူ့ရဲ့အပြုအမူအနေအထိုင်တွေက မြန်မာနိုင်ငံမှာနေတဲ့လူတွေနဲ့တော့ နည်းနည်းကွာဟနေပါတယ်။ နောက်တစ်ရက်မှာတော့ မင်းမျိုးနွယ်ကို ဆိုင်တစ်ဆိုင်မှာဆုံတဲ့အချိန် ဆိုဖီယာကတောင်းပန်ခဲ့ပါတယ်။ မင်းမျိုးနွယ်ကလည်းသဘောကောင်းတာကြောင့် သူတို့နှစ်ဦးစလုံး ခဏအတွင်း မှာပဲ သူငယ်ချင်းတွေဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ဆိုဖီယာက မင်းမျိုးနွယ်ကို ရေလာမြောင်းပေးတွေစလုပ်ပါတယ်။ အလုပ်မရှိအလုပ်ရှာပြီး ဈေးဝယ်လိုက်ပို့ခိုင်းတတ်သလို ခဏခဏတွေ့ဖြစ်နေကြပါတယ်။တစ်ရက်မှာတော့ မင်းမျိုးနွယ်က ဆိုဖီယာကို ကြိုက်နေတယ်ဆိုတဲ့အကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ဆိုဖီယာကလည်း တစ်ခါတည်းအဖြေပြန်ပေးခဲ့တာကြောင့် မင်းမျိုးနွယ်နဲ့ ဆိုဖီယာတို့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။

ဆိုဖီယာက ချစ်သူရသွားတယ်ဆိုပေမယ့် တခြား ယောက်ျားတွေနဲ့ အနေအထိုင်အပြုအမူတွေကတော့ ပွင့်ပွင့် လင်းလင်းပဲ ဆက်ဆံလေ့ရှိပါ တယ်။ အဲဒါကို မင်းမျိုးနွယ်က သဘောထားကြီးကြီးထားပေးပါတယ်။ တစ်ခါတလေ သူ့ သူ ငယ်ချင်းတွေကတောင် မင်းမျိုး နွယ်ကို သတိပေးရတဲ့အထိပါ။ တစ်ရက်မှာတော့ မင်းမျိုးနွယ်မိဘတွေက သူတို့သားရဲ့ချစ်သူကိုတွေ့ဖို့ ပြောခဲ့ပါတယ်။ အဲဒါကြောင့် မင်းမျိုးနွယ်လည်း ဆိုဖီယာကို သူ့မိဘတွေနဲ့ တွေ့ပေးခဲ့ပါတယ်။ အဲဒီမှာမြန်မာဆန်ဆန်ပဲနေတတ်တဲ့ မင်းမျိုးနွယ်ရဲ့ မိဘတွေက ဆိုဖီယာကို သိပ်သဘောမကျပါဘူး။ ဒါပေမဲ့ မင်းမျိုးနွယ်ကတော့ ဆိုဖီယာဘက်ကပဲ ရပ်တည်ပေးခဲ့ပါ တယ်။ ငယ်ငယ်ကတည်းက နိုင်ငံခြားမှာနေလာတဲ့ ဆိုဖီယာကို မင်းမျိုးနွယ် ပုံပြောင်းပေးနိုင်မလားဆိုတာကိုတော့ အောင်သီရိထုတ်လုပ်ရေးက ဖြန့်ချိထားတဲ့ ကျွန်တော့ရည်းစားနိုင်ငံခြားပြန်ဆိုတဲ့ဇာတ် ကားလေးမှာဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မင်းမျိုးနွယ်အဖြစ် သူရိယ၊ ဆိုဖီယာအဖြစ်သွန်းဆက်တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်လမ်းဇာတ်ညွန်း ဒါရိုက်တာ ရာဇဝင်ကိုက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News