ကောလာဟလများကို မယုံကြည်ရေးနှင့် ပြည်သူ့အသံ

People Voice

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာ ၆ ရက်ကစ၍ လူမှုကွန်ရက်စာမျက်နှာအပါအ၀င် ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြုကာ နှစ်ဖက်အဖွဲ့အစည်းကြား မတည်ငြိမ်မှုများ၊ စိုးရိမ်ထိတ်လန့်မှုနှင့် သံသယဖြစ်အောင် လှုံ့ဆော်သည့်စာများ ဖြန့်ချိလာကြသည်။ ထို့အပြင် စက်တင်ဘာ ၁၁ ရက်ကိုပစ်မှတ်ထား၍ ဖြန့်ဝေလာသောစာများ ထပ်မံထွက်ရှိလာပြီးနောက် အစိုးရကသွေးထိုးလှုံ့ဆော်သည့် ကောလာဟလဖြန့်ချိသူများကို စုံစမ်းအရေးယူမည်ဟုကြေညာခဲ့သည်။ ထို့ကြောင့် ကောလာဟလဖြန့်ချိမှုများကို မယုံကြည်ကြရန်နှင့် သွေးထိုးလှုံ့ဆော်မှုထောင်ချောက်အတွင်း မရောက်စေရေး ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါသည်။

ကိုနိုင်ကိုသူ (နိုင်ငံရေး၊ လူမှုရေး တက်ကြွလှုပ်ရှားသူ)

စက်တင်ဘာ ၁၁ ရက်မှာ အထူးသတိပြုဖို့ဆိုပြီး နှစ်ဖက်လူ့အသိုင်း အ၀ိုင်းကို သတိပေးစာဖြန့်ဝေနေတာတွေ၊ ဒါ့အပြင် စာသင်ကျောင်း တွေကို ပစ်မှတ်ထားပြီးသတင်းမှားတွေနဲ့ မိဘတွေစိုးရိမ်ပူပန်အောင် ဖန်တီးနေတာတွေ၊ အခြေအမြစ်မရှိ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ သတင်းတွေကို သာမန်ပြည်သူတွေကြားထဲရောက်အောင် စတင်ဖြန့်ဝေ တဲ့လူတွေရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဒီထက်ပိုပြီးဆူဆူပူပူဖြစ်အောင်၊မအေး မချမ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ မသမာသူတွေရဲ့ ထောင်ချောက်ထဲမ၀င်မိအောင် ဉာဏ်နဲ့ယှဉ်ပြီးသတိကြီးကြီးထားဖို့လိုပါ တယ်။ မတော်တဆအကြမ်းဖက်မှုများဖြစ်ပေါ်လာခဲ့လျှင် တည်တည်ငြိမ်ငြိမ်နဲ့ငြိမ်းချမ်းစွာရင်ဆိုင်ဖြေရှင်းကြပါလို့ သတိပေးလိုပါတယ်။ သတင်းအမှား လုပ်ကြံဖန်တီးသူတွေရဲ့ရည်ရွယ်ချက်တွေ မအောင်မြင်အောင် ပြည်သူတစ်ဦးတစ်ယောက်စီတိုင်းမှာ တာဝန်ရှိပါတယ်။ သတင်းတစ်ခုကို တွေ့ပြီဆိုရင် အမှားလား၊ အမှန်လား ဆိုတာကို သေချာဝေဖန်သုံးသပ်ပြီးမှ ပြန်လည်ဖြန့်ဝေကြပါလို့ အကြံပြုလိုပါတယ်။

ဦးရဲထွန်းဝင်း( ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပေါက်မြို့နယ်)

ကျွန်တော်တို့ပေါက်မြို့နယ်ကို အခြေခံပြီး ပြောရရင် ပြီးခဲ့တဲ့ တစ် ပတ်တည်းမှာပဲ ကျေးရွာတွေမှာ ကောလာဟလတွေပေါ့။ ဘယ်ရွာမှာ တော့ ကုလားသုံးယောက်၊ ဘယ်ရွာမှာတော့ ကုလားလေးယောက်ဆို ပြီးတော့ သာမန်ပြည်သူလူထုမှာ ကျီးလန့်စာစားဖြစ်နေတာပေါ့။ ပြီးခဲ့ တဲ့နှစ်ရက်လောက်ကတော့ သူစိမ်းနှစ်ယောက်မိတယ်။ ပေါက်ရဲစခန်း ကို လာပို့တယ်။ စစ်လိုက်တဲ့အခါကျတော့ တပ်ပြေးတွေဖြစ်နေတယ်။ ဒါတွေက တိုင်းပြည်တည်ငြိမ်မှုအားနည်းအောင်၊ လူထုကို အေးချမ်း တည်ငြိမ်မှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်တယ်လို့သုံးသပ်တယ်။ တစ်ခုရှိတာတော့ အားလုံးက သတိဝီရိယနဲ့ရှိနေရမှာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံရေးအရ၊ ဘာသာရေးအရထိုးနှက် ချက် တွေဆိုတာ အစဉ်အလာအရ အခုမှမဟုတ်ဘူး။ လွတ်လပ်ရေးရပြီးကတည်းက ဒီဟာတွေကရှိနေခဲ့တာ။ ဘာပဲဖြစ်ဖြစ် ဘာသာရေးအရ၊ နိုင်ငံရေးအရ ဒီလိုတိုင်းပြည်တည်ငြိမ်မှုကိုပျက်ပြားအောင် အခြေအမြစ် မရှိတဲ့သတင်းတွေနဲ့လှုံ့ဆော်လာတာကို ပြတ်ပြတ်သားသားအရေးယူသင့်တယ်။ ဒါမှလည်း လူထုရဲ့ အေးချမ်းစွာနေလိုစိတ်ကို အကာအကွယ်ပေးရာရောက်မှာ။ ဒီကိစ္စတွေက အခုမှ ဖြစ်တာတော့မဟုတ်ဘူး။ အစိုး ရခေတ်အဆက်ဆက်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲနဲ့ ပြောရမယ်ဆို ရင် မီးမွှေးထားခဲ့တဲ့ပြဿနာတွေ ဖြစ်တဲ့အတွက် ဒါတွေကို ဒီအစိုးရလက်ထက်မှာတော့ ဖြေရှင်းနိုင်လိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်။ ပြည်သူလူထုက အစိုးရနဲ့ပူးပေါင်းပါဝင်ပြီး လက်တွဲပြီးတော့လုပ်မယ်ဆိုလို့ရှိရင် ရှေ့လာမယ့်ကာလတစ်ခု အတွင်းမှာ ချုပ်ငြိမ်းသွားမယ်။

ကိုမြင့်ကျော် (မြန်မာဂျာနယ်လစ်ကွန်ရက်)

အခြေအနေကို အစွန်းရောက်အောင် တွန်းပို့ချင်တဲ့သူတွေရယ်နဲ့ အဲဒီရှုပ်ထွေးနေတဲ့ အခြေအနေပေါ်မှာ နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့ သူတွေက ဒီလိုကောလာဟလတွေဖြန့်ချိနေတယ်လို့မြင်တယ်။ ဘယ်သူ တွေရယ်လို့တော့ ရှာဖွေဖော်ထုတ်ဖို့ခက်တယ်။ ဒါပေမဲ့အစိုးရကတော့ တချို့ Defamation ရေးရင်တောင် ဖော်ထုတ်အရေးယူနိုင်တဲ့အခြေအနေ ရှိခဲ့တော့ အားလုံးမမိတောင်မှ တချို့တလေတော့ ရအောင်ရှာဖွေဖော် ထုတ်အရေးယူသင့်တယ်လို့မြင်ပါတယ်။ အဲဒီလိုမလုပ်နိုင်ဘဲနဲ့ သတိ ပေးရုံနဲ့ကတော့ အရာမရောက်ဘူး။ တစ်ဦးလောက်ကို မိပြီးချပြလိုက်ရင် ဒီလိုဆူပူလှုံ့ဆော်နေတာတွေ တန့်သွားမယ်။ နည်းနည်းစဉ်းစားတတ် တဲ့ ပြည်သူကတော့ ဒါတွေကိုမယုံပါဘူး။  သာမန်ပြည်သူတွေကတော့ စိုးရိမ်စိတ်ပူကြမှာပါ။ အစိုးရအနေနဲ့လည်း မီဒီယာကမေးရင်ဖြေပေးဖို့ သတင်းတွေကိုမြန်မြန်ဆန်ဆန် ထုတ်ပေးဖို့လိုတယ်။ နောက်ကောလာဟလတွေကို ပြည်သူတွေမယုံဖို့ အစိုးရမှာရော မီဒီယာတွေပါအရေး ကြီးတယ်။ တာဝန်ရှိတယ်။ မီဒီယာတွေကရေးပြရင် ပြည်သူတွေကသိမှာပဲ။ ပြည်သူတွေမှာမေးခွန်း တွေရှိတယ်။ မီဒီယာတွေမှာလည်း မေး ချင်တာတွေရှိတယ်။ အဲဒီတော့ အစိုးရအနေနဲ့ သတင်းထုတ်ပြန်တာကို ကိုယ်ပေးချင်တဲ့အချက်အလက်ပဲပေးတာမျိုး တစ်လမ်းသွားမဟုတ်ဘဲ ဒီထက်အချိန်ပေးပြီး မီဒီယာတွေကို ဖြေကြားပေးစေချင်တယ်။

ကိုမြတ်ကျော် (အဓမ္မ၀ါဒဆန့်ကျင်ရေးကော်မတီ၊ ဗဟိုကော်မတီဝင်)

တွေ့ရသလောက်တော့ ဒီလိုဟာတွေကိုဖြန့်ချိတဲ့အကောင့်တွေက အကောင့်အတုတွေဖြစ်နေတာတွေ့ရတယ်။ လေ့လာကြည့်ရသလောက်  တစ်စုတစ်ဖွဲ့က လုပ်နေသလားလို့ထင်ရတဲ့အနေအထားမျိုးတွေအထိကိုတွေ့ရတယ်။ ဒီကောလာဟလတွေကြောင့် တချို့ပြည်သူတွေစိုးရိမ်မှု မြင့်တက်လာပြီး ဈေးတွေဘာတွေမှာ ပစ္စည်းတွေသွားဝယ်ထားဖို့အထိ တွေ့ရတယ်။ ရင့်ကျက်တဲ့ပြည်သူလူထုကတော့ သိပ်တုန်လှုပ်မှုမရှိဘူး။ ပြည်သူလူထုကဘ၀ကပေးတဲ့ခံစားမှုအသိတရားတော့ ရှိတယ်။ ဘယ် ဘာသာဝင်၊ ဘယ်လူမျိုးမဆို သာမန်ပြည်သူတွေအနေနဲ့ ဒါမျိုးလုံးဝလုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လှုံ့ဆော်တဲ့အဖွဲ့အစည်းတွေရှိလာခဲ့ရင် အဲဒီထဲမှာ ရောမပါသွားဖို့ပြည်သူတွေက တတ်နိုင်တဲ့ဘက်က၀ိုင်းဝန်း ကာကွယ်ဖို့လိုတယ်။ လက်ရှိအချိန်ထိတော့ အစိုးရကသတင်းအမှားတွေကို တားဆီးနိုင်ဖို့ကြိုးစားနေတာ တွေ့ရတယ်။ ဒါပေမဲ့ နည်းပညာပိုင်းဆိုင်ရာအားနည်းမှုကြောင့် ဆိုရှယ်မီဒီယာကို မထိန်းချုပ်နိုင်တာ တွေ့ရတယ်။ အဓိကကတော့ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကြပ်ကြပ်မတ်မတ်လုပ်သင့်တယ်။ အရေးယူသင့်တာကိုလည်း ထိထိရောက်ရောက်ဥပဒေအရ အရေးယူသင့်တယ်။ ဒီအချိန်ဟာ တိုင်းပြည် အတွက် အန္တရာယ်ရှိတဲ့ကာလ၊ ဒါကြောင့် လူထုအနေနဲ့လည်း သတိကြီးကြီးနဲ့ ကျော်လွှားရမယ်။

ဦးကျော်ဟိုး (တရားလွှတ်တော်ရှေ့နေ)

ကောလာဟလကြောင့် စိုးရိမ်စိတ်တွေပိုဖြစ်စေတာပေါ့။ အစိုးရ သတင်းဌာနကို စောင့်နားထောင်သင့်တယ်။ ကျန်တာကိုတော့ မယုံကြ ဖို့၊ ချင့်ချိန်ကြဖို့ပေါ့။ ဘာလို့လဲဆိုရင် စိတ်လှုပ်ရှားပြီး၊ စိုးရိမ်ကြောင့်ကြ ပြီး မဖြစ်သင့်တာတွေဖြစ်မှာစိုးလို့ပါ။ ဒါတွေက ပြဿနာမရှုပ်ရှုပ်အောင်၊ မကြီးကြီးအောင်လုပ်တဲ့သဘောပဲ။ ဒါကတော့ သိသာမြင်သာပါတယ်။ ဒီလိုထောင်ချောက်မျိုးထဲကို မ၀င်မိဖို့ပဲ အရေးကြီးတာ။ လူထုအနေနဲ့ နီးစပ်ရာအစိုးရ၀န်ထမ်းတွေရှိတယ်။ နောက်လွှတ်တော်ကိုယ်စားလှယ် တွေရှိတယ်။ နောက်သက်ဆိုင်ရာတာဝန်ရှိတဲ့လုံခြုံရေးနဲ့ပတ်သက်တဲ့ လူတွေ ဥပမာ ရဲတို့၊ ဘာတို့ပေါ့။ သတင်းကို သူတို့ဆီမှာ အတည်ပြုပြီး မှ ယုံသင့်တယ်။ ကောလာဟလဖြန့်တဲ့လူတွေကို ဖော်ထုတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေမဖြစ်အောင် အမုန်းစကားတွေ မပြောဖို့၊ နောက် ကောလာဟလတွေ သတင်းမှန်လား၊ မမှန်လားမသိ မဖြန့်ဖို့၊ နောက်စိုးရိမ်စရာသတင်းဖြစ်လာပြီဆို ရင် သတင်းမှန်တယ်၊ မမှန်ဘူးဆိုတာ အတည်ပြုဖို့၊ အတည်ပြုတယ်ဆိုတဲ့နေရာမှာလည်း ယုံကြည်စိတ်ချရတဲ့ပုဂ္ဂိုလ်တွေဆီမှာ အတည်ပြုဖို့ လိုတာပေါ့။

ဦးဖေသန်း (မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ဂျီဟတ်လုပ်ဖို့ ဘာဖို့ဆိုတာကတော့ ကောလာဟလပြောနေကြ တာပါ။ အကြမ်းဖက်မှုက နေရာမရွေး၊ အချိန်မရွေးဖြစ်လာနိုင်ပါတယ်။ ဒီလိုကောလာဟလသတင်းဖြန့်တာက စိုးရိမ်ကြောင့်ကြမှုနဲ့ဖြစ်လာတာ လည်း ပါမယ်။ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ တစ်ချိန်ချိန်မှာ ဒီလုပ်ရပ်လုပ်လာမှာကတော့ သေချာသ လောက်ပါ။ နောက်ကွယ်က ရည်ရွယ်ချက်ရှိရှိ လုပ်တယ်ဆိုတာကိုတော့ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းဖြစ်စေ ရည်ရွယ်ချက်ရှိရှိဖြစ်စေချင်လို့ စနစ်တကျစီမံကိန်းချပြီး လုပ်နေတယ်လို့တော့ မမြင်ဘူး။ ဒီလိုသတင်းအမှားတွေကို မယုံဖို့လိုတယ်။ ဖေ့စ်ဘွတ်ခ်သတင်းဆိုတာလည်း မယုံရဘူး။ အရင်းအမြစ်ကို စဉ်းစားသင့်တယ်။ သာမန်လူတစ်ယောက်က တင်တိုင်းမယုံရဘူး။ ဒီလိုသတင်းမှားတွေ၊ ကောလာဟလတွေဖြန့်နေတဲ့သူတွေအရေးယူမယ်ဆိုတာက နည်းပညာပိုင်းတွေလိုတယ်။ သတင်းမှားတွေမယုံရအောင် ပညာပေးတွေလုပ်ဖို့လိုပါတယ်။

ဦးအေးလွင် (ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အဖွဲ့ဝင်)

အင်တာနက်တွေမှာလည်း ပြန့်နေတာ ၁၁ ရက်နေ့မှာ ကုလားတွေ ဂျီဟတ်လုပ်မယ်ဆိုပြီးတော့။ ဘယ်ကုလားက ပြောလဲ၊ ဘယ်အဖွဲ့အ စည်းက ပြောလဲ၊ ဘယ်ပုဂ္ဂိုလ်က ပြောလဲ။ မီဒီယာတွေကလည်း ဖော် ထုတ်ပြနိုင်ရင် ပြောပြပါ။ အဲဒီလူတွေနဲ့တွေ့ပြီးတော့ မေးချင်လို့။ ဂျီ ဟတ်ဘာလို့လုပ်မှာလဲဆိုတာ မေးချင်လို့။ ဘာသာရေးပဋိပက္ခဖြစ်အောင် အွန်လိုင်းမှာဖြန့်နေတဲ့အဲဒီကောလာဟလတွေကိုလည်း နိုင်ငံတော်ကနေ ထိထိရောက်ရောက်အရေးယူပေးပါ။ မနေ့က သံတွဲက ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ဗလီကဆင်းတော့။ သူတို့ကို မ၀တက ခေါ်တွေ့တယ်တဲ့။ ခင်ဗျားတို့တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ဆန္ဒပြမယ်ဆိုတာ သတင်းရလို့တဲ့။ ခင်ဗျားပြောမှပဲ သိတယ်လို့ပြန်ပြောလိုက်တယ်တဲ့။ ပုဂ္ဂိုလ်အားဖြင့်၊ အဖွဲ့အစည်းအားဖြင့် ဘယ်မွတ်စလင်ကများ ၁၁ ရက်နေ့ကို ဂျီဟတ်လုပ်မယ်၊ ဆန္ဒပြမယ် ဆိုတဲ့သတင်းလေးများရှိရင် ကျွန်တော့်ကို ပြောပေးပါ။ ကျွန်တော်အဲဒီလူတွေနဲ့သွားတွေ့ပြီးတော့ ဆွေး နွေးချင်လို့ပါ။ အဲဒီလိုကောလာဟလလုပ်နေတာတွေကို အစိုးရအနေနဲ့ အရေးယူပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဦးခင်မောင်မြင့်(ဥပဒေအကြံပေး)

မေယုမြစ်အနောက်ဘက်ခြမ်းကို ကိုယ်ပိုင်သီးခြားနယ်မြေဖြစ်ရေး ရည်ရွယ်လှုပ်ရှားသူများနဲ့ ရခိုင်အရေးအမျိုးသားအဆင့်အကျပ်အ တည်းဖြစ်မှုကို အခွင့်အရေးအဖြစ် ဖန်တီးပြီးတည်ဆဲအစိုးရရဲ့အုပ်ချုပ် ရေးယန္တရားကို မတည်မငြိမ်ဖရိုဖရဲဖြစ်အောင် ပုံဖော်ဆောင်ရွက်လိုတဲ့ အင်အားစုပေါ့။ လက်ရှိဆူပူလှုံ့ဆော်မှုတွေကို အဲဒီအင်အားစုနှစ်ခုက သီးခြားရည်ရွယ်ချက်ကိုယ်စီနဲ့စနစ်တကျဖန်တီးနေကြတယ်လို့မြင်ပါ တယ်။ အဓိကဦးတည်ချက်က ပြည်တွင်းနေတိုင်းရင်းသားနိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို ရခိုင်အရေးနဲ့ချိတ်ဆက်ဖို့နဲ့ ပြည်တွင်းရေး မငြိမ်သက်အောင် ဖန်တီးရေး၊ အစိုးရရဲ့နိုင်ငံရေးဩဇာကျဆင်းရေးကြိုး ပမ်းမှုပါပဲ။ အရမ်းအန္တရာယ်များပါတယ်။ အထူးသဖြင့် လူမှုကွန်ရက် စနစ်အားကောင်းတဲ့အခုလိုကာလမှာ နိုင်ငံနဲ့ပြည်သူလူထုကို ထိခိုက်မှု ကြီးမားစေမယ့် မသမာသောလုပ်ရပ် တွေဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ ရခိုင်အရေးကိစ္စက ဥပဒေနဲ့အညီဖြေရှင်းရမယ့် လူဝင်မှုပြဿနာ ဖြစ်ပြီး ဘာသာရေးပြဿနာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိ ထားလက်ခံထားကြဖို့လိုပါတယ်။ ဒါ့အပြင် ပြည်တွင်းအစ္စလာမ်ဘာသာဝင်များနဲ့မသက်ဆိုင်ဘူးဆိုတာလည်း အမြင်ရှင်းရှင်းသိထားလက်ခံ ထားကြဖို့လိုပါတယ်။ ပြည်တွင်းအစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း ရခိုင်မှာလက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ဆန့်ကျင်ရမယ့်ကိစ္စ၊ နိုင်ငံနဲ့အမျိုးသားအကျိုးစီးပွားအတွက် အတူတကွပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စအဖြစ်ပြတ်ပြတ်သားသား နားလည်လက်ခံကြရပါမယ်။ အစိုးရအနေနဲ့ ဒီလိုအသိ ပညာဖြန့်ဝေမှုကို အမြန်ဆုံး၊ အထိရောက်ဆုံးကျယ်ကျယ်ပြန့်ပြန့်လုပ်ပေးရပါမယ်။ မသမာသူတွေရဲ့ လှုံ့ဆော်ဝါဒဖြန့်မှု၊ ကောလာဟလဖန်တီးမှုတွေ ထဲထဲဝင်ဝင်အမြစ်မတွယ်ခင် အရေးယူမှုတွေကို ထိထိ ရောက်ရောက်လုပ်ဖို့လိုအပ်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းများကလည်း ကိုယ့်လူမှုအသိုင်းအ၀ိုင်းအတွင်းမှာ နိုင်ငံသားစိတ် (Citizen Mindset)ဖွံ့ဖြိုးအောင် အာရုံစိုက်လုပ်ဆောင်ပေးကြဖို့လိုပါတယ်။

ဦးဃောသိတ (ငွေကြာရံ ကျောင်းတိုက်ဆရာတော်)

အခုကောလာဟလတွေ ထွက်နေတာမဖြစ်နိုင်ပါဘူး။ လျှောက် ဖြန့်နေတာ။ သူများတွေပြောနေသလိုဆိုတာ မဖြစ်နိုင်ပါဘူး။ အခုလို ရွှေဝါရောင်အရေးအခင်းကာလ စက်တင်ဘာမှာ  ကောလာဟလများ ထွက်ပေါ်ခြင်းဖြစ်နေတာဆိုပေမယ့်လည်း ရွှေဝါရောင်ဆိုတဲ့ဟာကို တော့ မပျောက်ပါဘူး။ ပျောက်အောင်လည်း လုပ်လို့မရပါဘူး။ သူတို့ လုပ်ခဲ့တဲ့ဟာကြီးက ရှိနေမှာပဲလေ။ အရေးအခင်းကာလတုန်းက သူ တို့လုပ်ခဲ့တဲ့၊ ခံထားရတဲ့သူတွေက ရှိနေတာပဲလေ။ အခု ၁၁ ရက်နေ့မှာ  ဆန္ဒပြမယ်ဘာညာလုပ်နေကြတာလည်း မဖြစ်နိုင်ပါဘူး။ ဘယ်သူတွေက ပြမှာလဲ။ ပြမယ့်သူလည်း မရှိပါ ဘူး။ ဒါက သက်သက်လျှောက်ဖြန့်နေတာပေါ့။ အခုဒီလိုမျိုးလုပ်နေတာကလည်း ရွှေဝါရောင်ကာလကို ပျက်အောင်လုပ်နေတာလည်း ဖြစ်နိုင်တာပေါ့။

ဦးဆလိုင်းအိုက်ဇက်ခင် (စည်ပင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ ချင်းပြည် နယ်)

တိုင်းပြည်မှာ ကြုံတွေ့ရတဲ့အနေအထားက သာမန်အနေအထား တော့မဟုတ်ဘူးပေါ့။ သတိဆိုတာပိုတာတော့မရှိဘူး။ အစိုးရိမ်တော့ မကြီးနဲ့ပေါ့။ အမျိုးသားလုံခြုံရေးသတိကတော့ ရှိဖို့လိုတာပေါ့။ ဖြစ်လာ ခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကအစသိထားဖို့လိုတယ်။ အနီး ဆုံးတပ်မတော်၊ ရဲတပ်ဖွဲ့၊ အစိုးရရုံးတွေနဲ့အချိန်နဲ့တစ်ပြေးညီ သတင်း ပို့နိုင်ဖို့လိုတယ်။ ကောလာဟလဖြန့်တာတွေနဲ့ပတ်သက်လို့ အစိုးရဘက် ကတော့ စိစစ်ပြီးတော့ ခိုင်လုံတဲ့အထောက်အထားရရင် အရေးယူဆောင်ရွက်တဲ့ကိစ္စရှိမှာပေါ့။ ချင်းပြည်နယ်မှာတော့ မြို့နယ်တိုင်းမှာ အကုန်လုံးကိုညွှန်ကြားထားပြီးသားဖြစ်ပါတယ်။ လုံခြုံရေးကအတွင်းစည်း၊ အပြင်စည်းလုံခြုံရေးအပြင် အရပ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်ရွာလူငယ် တွေပူးပေါင်းပါဝင်တဲ့ မိမိတို့အစီအစဉ်နဲ့သတိရှိတဲ့အနေအထားမျိုးလုပ်တာရှိတယ်။ တချို့မြို့မှာဆိုရင် အရပ်ဘက်အဖွဲ့အစည်းတွေက ကမကထဆောင်ရွက်ပြီးတော့ ၀ိုင်းဝန်းကာကွယ်ဆောင်ရွက်မယ့်အစီအမံတွေ လုပ်ထားတာရှိတယ်။

ကိုစိုးဝေထွန်း (ရန်ကုန်မြို့)

ကျွန်တော်တို့လည်း တွေ့တယ်။ မက်ဆေ့ခ်ျတွေ ရောက်လာတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စကို မီးလောင်ရာလေပင့်၊ မီးလောင်တဲ့နေရာ ကို ဓာတ်ဆီထည့်ပြန်လောင်းသလိုဖြစ်နေတာပေါ့။ ကောလာဟလတွေ အရမ်းများနေတော့ တစ်ယောက်နဲ့တစ်ယောက်မမုန်းကြဖို့ပေါ့။ တစ် ယောက်နဲ့တစ်ယောက် မကြောက်ကြနဲ့။ ဟိုအရင်တုန်းကအတိုင်း အေး ဆေးနေရင် ဒီထောင်ချောက်က လွတ်မြောက်နိုင်မယ်။ ပြဿနာတွေကို လည်း သေချာကြည့်ပြီး နားမယောင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ယုံ ကြည်မှုရှိရင်၊ မေတ္တာရှိရင် အဲဒါတွေက ခဏနေပြန်ပျောက်သွားမှာ။ အစိုးရကတော့ လုပ်နေတာတွေက ကျွန်တော်တို့ခေါင်းလောက်နဲ့တော့ လိုက်မမီဘူး။ ဖြစ်နိုင်ရင်တော့ သတင်းမှားတွေကို သေချာအရေးယူသင့် တယ်။ သတင်းအမှားတွေလုပ်တဲ့သူကို ထိရောက်စွာအရေးယူသင့်တယ်။

ရဲမှူးချုပ်သူရစန်းလွင် (အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး)

တည်ငြိမ်မှုပျက်ပြားအောင် ကောလာဟလတွေလည်းဖြစ်နိုင်သလို တကယ်လုပ်မယ်ဆိုရင်လည်း ကိုယ်တို့ဘက်က နိုင်ငံတော်အတွက် တာဝန်ယူထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ဒီအချိန်မှာ ပြတ်ပြတ်သားသား ချေမှုန်းမယ်ဆိုတာကို ပြောလိုပါတယ်။ ကိုယ်တို့က ဥပဒေနဲ့အညီ ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တည်ငြိမ်မှုပျက်ပြားအောင်လုပ်တဲ့လူ တွေ၊ ဥပဒေချိုးဖောက်တဲ့လူတွေအားလုံးကို အရေးယူဆောင်ရွက်မှာပဲ။ ၁၁ ရက်၊ ၁၂ ရက်မှာ လုပ်မယ်ဆိုရင်လည်း ပြတ်ပြတ်သားသားချေမှုန်း သွားမှာပဲ။ ကိုယ်တို့ဆီက လုပ်သင့်လုပ်ထိုက်တာဆောင်ရွက်ထားတာ ဖြစ်တဲ့အတွက် အချိန်မရွေးလုပ်လာ မယ်ဆိုလည်း အချိန်မရွေးချေမှုန်းဆောင်ရွက်သွားဖို့အသင့်ပါပဲ။

ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေးလေ့လာသူ)

အခုလို ကောလာဟလဖြန့်ချိသူတွေဟာ တိုင်းပြည်အရေးကို မျက် ကွယ်ပြုပြီး NLD အစိုးရကို တိုက်ခိုက်ချင်သူတွေလို့ပဲ ပြောရမယ်ထင် တယ်။ တစ်ဆင့်ပြီးတစ်ဆင့် ကောလာဟလတွေကိုအရှိန်မြှင့်ဖြန့်ချိလာ တာဟာ ဆူအောင်လုပ်ချင်တာ။ တိုင်းပြည်ဖျက်ချင်တဲ့သူတွေက ၂၀၁၂ လိုလုပ်ချင်တာ။ မြန်မြန်အရေးယူကိုင်တွယ်ဖို့လိုတယ်။ NLD အပေါ် လူထုအယုံအကြည်ကတော့ မပျောက်နိုင်သေးဘူး။ တိုင်းပြည်မတည် ငြိမ်ရင် NLD အလုပ်လုပ်ရခက်ပြီး လုံခြုံရေးတပ်ဖွဲ့အခန်းက မြင့်လာမှာ ပဲ။ အခုလိုကောလာဟလဖြန့်ဝေသူတွေကို Cyber Police က ထိထိရောက်ရောက်အရေးယူဖို့လိုတာပဲ။ လူထုကို ကောလာဟလမယုံဖို့ ထိထိရောက်ရောက်ပညာပေး၊ နောက်ကွယ်က နိုင်ငံရေးတောကြောင် တွေကို ဖော်ထုတ်အရေးယူဖို့လိုတယ်။ ပြည်ထဲရေးက သေသေချာချာ ကိုင်တွယ်နိုင်ရင် ဖော်ထုတ်နိုင်ပါတယ်။

Top News