သီချင်းမုန်းသူ

သစ်ကုလားအုတ်မှာနားရွက်ရှိတယ်။

ကြောင်မှာ နားရွက်ရှိတယ်။

သားပိုက်ကောင်မှာ နား ရွက်ရှိတယ်။

လိပ်မှာတော့ နားရွက်မရှိ ဘူး။

ဟိုစဉ်အခါကတော့ လိပ် မှာနားရွက်ရှိခဲ့တာပေါ့။ တကယ် တော့လိပ်မှာ အခုနားရွက်မရှိတာ ကလည်း သူ့အပြစ်နဲ့သူပေါ့လေ။

ဟိုတစ်ခါကတဲ့...။ လိပ်ဟာ တဲ့...။

ငှက်တစ်ကောင်နဲ့ တစ်ခန်း တည်းအတူတူနေခဲ့ကြတယ်လေ။

ငှက်က ငှက်ဆိုတဲ့ငှက်ရဲ့ မျိုးရိုးဂုဏ်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်ရတယ် မဟုတ် လား။ ငှက်ဆိုတာ မွေးကတည်း က သီချင်းဆိုခဲ့တာ။ ငှက်ဟာ အသက်ရှင်သရွေ့လည်း သီချင်း ဆိုနေတာပဲ။

ကြောင်နဲ့အတူ နေတဲ့ငှက် ဟာလည်း ငှက်တွေလိုပဲ သီချင်း ဆိုတာပေါ့။

နွေဦးကို စတင်မြင်ရပြီဆိုရင် ဖြင့် ငှက်ဟာ ရင်ကော့ခေါင်းမော့ ပြီးကို သီချင်းဆိုတော့တာ။

ငှက်ကသီချင်းဆိုပုံများ အ စာကောက်ဖို့၊ အစာရှာဖွေဖို့ တောင်မေ့တယ်။ ထမင်းမေ့၊ဟင်းမေ့သီချင်းဆိုတယ်ပြောမလား။

မနက်ခင်း စောစောကနေ ညနေခင်းအထိ သီချင်းဆိုတယ်။ အိပ်မက်ထဲမှာတောင် သီချင်းဆို နေမလား မသိ။ ညမှာယောင်ပြီး သီချင်းထဆိုနေမလား မသိ။

လိပ်ကတော့ အအိပ်ကို ပိုးစိုးပက်စက်မက်တယ်။ နေ ထွက်လာတယ်။ လိပ်ရဲ့ကိုယ်ပေါ် မှာ နေပြောက်တွေ ထိုးကျလို့။ လိပ်ကတော့ သိုးနေအောင် အိပ် တုန်းပါပဲ။

လိပ်မှာ အချိန်တွေက ပိုနေ တယ်။ အချိန်အတွက် စိုးရိမ်ပူပန် စရာမလိုဘူး။

လိပ်ဟာ ဘာမှလည်း ရေး ကြီးသုတ်ပျာ လုပ်စရာမလိုဘူး။ အေးအေးလူလူ။ လိပ်အတွက် အချိန်ဆိုတာ နှစ်ပေါင်းတစ်ရာ မကရှိတယ်။

ဘ၀ဟာ စည်းစိမ်အပြည့် ယူဖို့ ဘယ်လောက်ကောင်းပါ သလဲ။

ဆိုးတာက ငှက်ရဲ့သီချင်းဆို သံပဲ။

ဒီကမ္ဘာမှာ သီချင်းကို ဘယ် အကောင်က စသီဆိုခဲ့ပါသလဲ။ သေနာကောင်တွေ။ ဒီငှက်တွေ ကို အဲဒီသွေးတွေ ဘယ်သူဆက် ပေးခဲ့တာလဲ။

ဒီကမ္ဘာမှာ သီချင်းမရှိရင် ဘယ်လောက် အေးဆေးငြိမ်သက် ပြီး ဘယ်လောက်ဇိမ်ကျလို့ ကောင်းလိုက်မလဲ။

ကမ္ဘာကြီးပေါ်မှာ သီချင်း တွေက မျိုးမတုံးနိုင်ဘူးလား။

သီချင်းတွေ မျိုးမတုံးနိုင်ရင် အနီးအနားက သီချင်းဆိုသူကို တော့ မျိုးတုံးအောင်လုပ်ကြံမှ ဖြစ်မယ်။

လိပ်ဟာ အမုန်းကိုအခြေခံ ပြီး တွေးတောပါတယ်။ အမုန်းဆို တာကလည်း ကိုယ်ထဲမှာသန္ဓေ တည်မိပြီဆိုရင် အတွေးတွေဖြည့် ကျွေးလေ အလုံးအဖန်အား ကောင်းလာလေပါပဲ။

ဆိုပါတော့။ အမုန်းဟာ အ လုံးအဖန် ကောင်းသထက် ကောင်းလာတယ်။

စိတ်ထဲမှာ အမုန်းအား ကောင်းလာရင် အခြားသူကိုသတ်ဖို့ဖြတ်ဖို့၊ သေအောင် ကြံစည်ဖို့ ဆိုတာတွေကလည်း တစ်ဆက်တည်းတွဲကပ်ပါလာတာပေါ့။

လိပ်ဟာ ကြောင်တစ် ကောင်ကို ညစာနဲ့တည်ခင်းဧည့် ခံပါရစေလို့ ဖိတ်ကြားလိုက်တာ ပေါ့။

ကြောင်ဟာ လိပ်ရဲ့ဖိတ် ကြားမှုကို လိုလိုလားလား လက်ခံ ပါတယ်။

ဆာလောင်နေတဲ့ကြောင် ဟာ ဆာလောင်စွာရောက်ရှိလာ တာပေါ့။

ကြောင်ဟာ ဟန်ဆောင် ကောင်းခဲ့ပါတယ်။ ပျာပျာသလဲ ထိန်းမနိုင်၊ သိမ်းမရပုံစံနဲ့ ရောက် လာခဲ့တာ မဟုတ်ပါဘူး။ ကြောင် ဟာတည်တည်ငြိမ်ငြိမ်ခြေလှမ်း များနဲ့ လိပ်ထံရောက်ရှိလာတာပါ။

‘‘အိုး... အလွန်ကောင်းတဲ့အ ခန်းလေးပါလား။ ဒီအခန်းထဲ ရောက်တာနဲ့ စိတ်ဟာ အလိုလို ပျော်ရွှင်သွားတော့တာပဲ။ ပြတင်း ပေါက်က လှမ်းကြည့်လိုက်ရင် လည်း အပြင်ဘက်က ရှုခင်းတွေ က သာယာလိုက်တာ’’

ကြောင်က ဧည့်သည်ဆို တော့ သံခင်းတမန်ခင်းစကားကို ယဉ်ကျေးဖွယ်ရာပြောတာပေါ့။

ငှက်ကတော့ ဘယ်သူလာ တယ်၊ ဘယ်ဝါလာတယ်ဆိုတာ မသိသလိုပါပဲ။ ဂရုလည်း စိုက် မနေပါဘူး။ သူ့သီချင်းကိုသူ ဆက်လက်သီဆိုလို့။

‘‘အခန်းလေးကတော့ နေ ချင့်စဖွယ်ကောင်းပါတယ်။ အ ခန်းရဲ့ကျက်သရေကို ဖျက်နေ တာကတော့ အနှီငှက်ပေါ့။ ကြည့် ပါလား တစ်ချိန်လုံးသီချင်းဆိုနေ တာ။ အတူနေရသူအဖို့ နားအ ကြမ်းဖက်တာ ခံနေရတာပေါ့။ ကျုပ်ကတော့ ဒီငှက်မရှိမှ ဖြစ် တော့မယ်။ ဒီငှက်ရှိနေသမျှ ကျုပ် ဘ၀ဟာ ရှင်လျက်သေဆုံးနေရ တယ်။ ဒီငှက်ကို ကိုက်သတ်ပြီး ဟင်းမွှေးမဆလာနဲ့ဆီသန့်သန့် လေးချက်ပြီး ဧည့်ခံမှာပေါ့။ ငှက် သားဟာ အချိုမှုန့်မပါဘဲ ချိုတယ် ဆိုတာ သိပြီးသားဖြစ်မှာပါ’’

လိပ်က ကြောင်ကိုပွင့်ပွင့် လင်းလင်းပြောတယ်။

ကြောင်ရဲ့ အမြီးဟာ ၉၀ ဒီဂရီထောင်မတ်သွားတယ်။

ကြောင်ရဲ့မျက်လုံးဟာ ပြူး ကျယ်သွားတယ်။

‘‘ကျုပ်ဘ၀မှာ ငှက်တွေ အများကြီးစားသုံးခဲ့ပြီးပြီ။ ဟို တယ်တွေမှာတောင် တက်တက် ပြီး ငှက်သားဟင်းတွေစားဖူးခဲ့ သေးတာ။ စားသောက်ပြီးရင် အဲ ဒီဟိုတယ်ကြီးမှာ ရေမီးအပြည့်အ စုံနဲ့နားနေအိပ်စက်ခွင့်ပါ ဆက် ပေးသေးတာ။

ခက်တာက ငှက်တွေပဲ။ ငှက်တွေဟာ ဘယ်လောက် တောင်သီချင်းအဆိုသန်သလဲဆို ရင် သေပြီးတာတောင်မှ ကျုပ်ရဲ့ အစာအိမ်ထဲမှာ သီချင်းတွေဆက် ဆိုနေကြတုန်းပဲ။ ကျုပ်ရဲ့အစာ အိမ်ထဲမှာ ငှက်တွေဟာ အခုထိ သီချင်းဆိုနေကြတုန်းပဲ။

နောက်ထပ် ငှက်တစ် ကောင်ဟာ ကျုပ်ရဲ့အစာအိမ်ထဲ မှာထပ်တိုးလာပြီး သီချင်းအသစ် တွေ ထပ်ဆိုဦးမယ်ဆိုရင်ဖြင့် ကျုပ်အစာအိမ်ဟာ မခံနိုင်တော့ ဘဲ ကွဲထွက်တော့မှာ။ ကျုပ်သေ ဖို့ပဲရှိတော့တယ်။ ခင်ဗျားရဲ့ ည စာတည်ခင်းမှုဟာ ငှက်တစ် ကောင်ရဲ့အသားနဲ့ ဆင်ယင်ထား တယ်ဆိုရင်ဖြင့် ဒီအစီအစဉ်ကို ကျုပ်ဘက်က ဖျက်ရမှာပဲ။ ဒီည စာကို ကျုပ်ငြင်းပယ်ပါတယ်’’

ကြောင်ဟာ လိပ်ကတည် ခင်းမယ့် ညစာကို ပြတ်သားစွာ ငြင်းဆိုပါတယ်။ နောက် ငှက်နဲ့ အသက်ထွက်ရချည်ရဲ့ပေါ့။

လိပ်က စိတ်ရှုပ်သွားတယ်။

စိတ်ရှုပ်တဲ့ဒဏ်ကို မခံနိုင်လို့ ငိုတောင်မှ ငိုပါတယ်။

လိပ်က ဘယ်လောက်စိတ် လှုပ်ရှားမှုများနေပါစေ။

ကြောင်ကတော့ ခပ်တည် တည်ပဲ။ ခပ်မြိန့်မြိန့်ပဲ။

ငှက်ကတော့ သူ့နေရာမှာပဲ သူ သီချင်းဆိုလို့။

 လိပ်က သူ့အသက်ကို သတ်ဖြတ်ရန် ကြံစည်နေတာကို လည်း ငှက်ကစဉ်းတောင် မစဉ်း စားမိပါဘူး။ သူ့သီချင်းကိုလည်း သူ ဆက်ဟစ်နေတယ်။

‘‘ကဲ...ဒါဆိုကျုပ်သွားမယ်’’

လိပ်ကတုန်ရီသွားတယ်။

‘‘ဟာ ... မပြန်ပါနဲ့ဦး။ ည စာနဲ့ တည်ခင်းဧည့်ခံဖို့ ကျုပ် ဘက်က ဖိတ်ကြားထားမိပြီ မဟုတ်လား။ အင်တာနေရှင် နယ်အပြုအမူဆိုတာက ကတိ က၀တ်ကို မဖျက်ရဘူးမဟုတ် လား။  ညစာအတွက် ဟင်းလျာ ကို ပြောင်းလဲပြင်ဆင်ပေးပါမယ်။ ညစာစားပွဲကိုတော့ ဖျက်သိမ်း မပစ်နိုင်ပါဘူး’’

လိပ်က နောက်ဖေးရေချိုး ခန်းထဲကို လှည့်ဝင်သွားတယ်။

လိပ်ဟာ ရေချိုးခန်းထဲ ရောက်တာနဲ့ သူ့နားရွက်တစ်စုံကို ဓားနဲ့ လှီးဖြတ်ချလိုက်တယ်။ ထွက်လာတဲ့သွေးတွေကိုလည်း ရေနဲ့ပြောင်စင်အောင်ဆေးကြော လိုက်ပါတယ်။ ရေဇလုံခပ်သန့် သန့်ဖွေးဖွေးထဲမှာ လိပ်ရဲ့နားရွက် တစ်စုံဟာ ငြိမ်ငြိမ်ဆိတ်ဆိတ် လဲ လျောင်းလို့။ ပြီးတော့ လိပ်ဟာ မီးဖိုဆောင်ထဲကို ၀င်သွားပါ တယ်။ သူ့နားရွက်ကို ဆီသန့်သန့် နဲ့၊ ဟင်းမွှေးမဆလာနဲ့သူကိုယ် တိုင်ချက်ပြုတ်စီမံတာပေါ့။

ကြောင်ကတော့ မြိန့်မြိန့် ကြီးထိုင်လျက်။

ငှက်ကတော့ ဘာမှမဖြစ် သလို သီချင်းတွေဆက်လက် သီဆိုလျက်။

မကြာခင်မှာပဲ ကြောင်ထိုင် နေတဲ့စားပွဲပေါ်မှာ လိပ်ဟာ ည စာစားပွဲကို ပြင်ဆင်တော့တာပဲ။ ဟင်းနံ့တွေက မွှေးကြိုင်လို့။

ကြောင်က မြိန်ရေရှက်ရေ စားသုံးပါတယ်။ ပြီးတော့ ပါးစပ် ကို တစ်ရှူးစက္ကူနဲ့သုတ်လို့။

‘‘ကဲ... ကျေးဇူးပါပဲ။ ကျုပ် တစ်သက်မှာ ဘယ်တော့မှ မေ့ သွားမှာမဟုတ်တဲ့ ညစာပါပဲ။ စားလို့လည်း ပြီးပြီဆိုတော့ ကျုပ် လည်း သွားဦးမှ။ အိပ်ချင်ပြီ။ ဘိုင် ဘိုင်....’’

ကြောင်က နှုတ်ဆက်စကား ပြောပါတယ်။ လိပ်က တုဏှိဘာ ၀ပဲ။

လိပ်မှာ နားရွက်တွေ မရှိ တော့ဘူးလေ။ ကြောင်က ဘာ ပြောနေတာလဲ။

လိပ်မှာ မကြားနိုင်တော့ပါဘူး။

 ကြောင်ဟာ လိပ်ကို မသက် မသာကြည့်လိုက်တယ်။ တစ် ချက်ကလေးပဲကြည့်တယ်။ လိပ် ရဲ့အေးစက်ထုံထိုင်းမှု၊ စုတ်စွေ့ စွေ့ဖြစ်နေမှုကို ကြောင်က မြင်ရ တယ်။ ကြောင်ဟာ စိတ်ညစ်သွား တယ်။ ကြောင်ဟာ စိတ်ညစ်တဲ့ နေရာမှာ စိတ်ညစ်ခံပြီး မနေ တတ်ဘူး။ ကျေးဇူးတရားတွေ၊ ဘာတွေလည်း ထည့်မတွက်ဘူး။  ဒီလိပ်နဲ့သာ ငါတစ်နာရီလောက် အတူနေရရင် ငါ့အသက်အကြိမ် တစ်ရာထွက်ရချည့်ရဲ့။ ဒီငှက်က တော့ ဒီလိပ်ကို မကြည့်ဘဲ ကောင်းကင်ကို မျှော်ငေးပြီး သီ ချင်းတွေဆက်ဆိုနေလိမ့်ဦးမယ်။ ငါတော့ လစ်ပြီ...။

ကြောင်ဟာ အခန်းရဲ့ပြ တင်းပေါက်ကနေ လွှားခနဲခုန်ကျ သွားပါတယ်။

ငှက်ကတော့ တေးသီနေ တုန်းပဲ။ ညအထိ သီချင်းဆိုနေ မယ့်သဘော။

Ref; Milos Macourek’s The Tortoise.

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News