လူတစ်ဦးကို လက်ထိတ်ခတ်ပြီး ဖမ်းခေါ်သွားသူများကို ရဲတပ်ဖွဲ့ ဖမ်းဆီး

 ပဲခူးတိုင်းတွင် လူတစ်ဦး ကို လက်ထိတ်ခတ်ပြီး ကားပေါ်တင် ဖမ်းသွားသူ အမျိုးသားသုံးဦး ကို ရဲတပ်ဖွဲ့က စစ်တောင်းတံတားအနီး၌ ပြန်လည်ဖမ်းဆီးခဲ့သည်။

ဥက္ကံကျေးရွာရှိ စက်သုံးဆီ ဆိုင်အနီးတွင် ဖြစ်ပွားခဲ့သောဖြစ် စဉ်ကို ကင်းလှည့်နေသည့် ရဲတပ် ဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားသဖြင့် လိုက်လံဖမ်းဆီးရာ စက်တင်ဘာ ၁၁ ရက် နံနက် ၂ နာရီကျော်တွင် ဖမ်းဆီးရမိကြောင်း ဘုရားကြီးရဲစခန်းမှစခန်းမှူး ရဲအုပ်ကျော်စွာလင်းက ပြောသည်။

‘‘ကားပေါ်မှာအမျိုးသားသုံး ဦးပါတယ်။ ဆိုင်ကယ်နဲ့အတူ ကောင်လေးတစ်ယောက်ကို လက်ထိတ်ခတ်ပြီး ခေါ်သွားတာ ပါ။ သူတို့အချင်းချင်းဘာတွေဖြစ် ထားလဲဆိုတာတော့ စစ်ဆေးနေ တုန်းရှိပါသေးတယ်’’ဟု ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ဖမ်းဆီးခေါ်ဆောင် သည့် အမျိုးသားသုံးဦးသည် ငြိမ်းချမ်းရေးနံပါတ် တံဆိပ်နံပါတ်ပြား တပ်ဆင်ထားသည့်ယာဉ်အမှတ် ၉ K/...ELGRAND အမျိုးအစား အဖြူရောင်ယာဉ်ကို မောင်းနှင်ခြင်းဖြစ်သည်။

‘‘ငြိမ်းချမ်းရေးအဖွဲ့ KNU/ KNLA (PC) တွေကို ဖုန်းဆက်ပြီး အကြောင်းကြားထားပါတယ်။ သူတို့ကလည်း ဒီလူတွေက သူတို့ အဖွဲ့က မဟုတ်ဘူးလို့ ပြောပါ တယ်။ အမှုကိုတော့ ဆက်ပြီး စစ် ဆေးနေတုန်းရှိပါသေးတယ်’’ ဟု ဘုရားကြီးရဲစခန်းမှ ရဲအရာရှိတစ် ဦးက ပြောသည်။

ဆိုင်ကယ်နှင့်အတူ လက် ထိတ်ခတ် အဖမ်းခံရသည့် အသက် (၂၂)နှစ်အရွယ် ဇော်ဇော်ထွေးသည် ပဲခူးတိုင်းဘုရား ကလေးကျေးရွာတွင် နေထိုင်ပြီး လာရောက်ဖမ်းဆီးခေါ်ဆောင်သူ အမျိုးသားသုံးဦးသည် မြ၀တီမြို့၌ နေထိုင်သူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးရမိသူ ရာဇာ၊ စောလေမှူးနှင့် သန့်ဇင်ဦးတို့ကို ဘုရားကြီးရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၈၂ (ခိုးမှု ကျူးလွန်စေရန်အလို့ငှာ သေစေရန် နာကျင်စေရန် ပြုလုပ်မှု၊ ပုဒ်မ ၃၄၂ (မတရားချုပ်နှောင်ထားမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)များဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

Top News