‘‘အယောက်သုံးဆယ်လောက်က ဒီတစ်နေရာမှာလုပ်တယ်။ နောက်တစ်နေရာမှာလည်း ဒီအယောက်သုံးဆယ်ပဲ။ နောက်က ကြိုးကိုင်တဲ့ အနေအထားမျိုးရှိမယ်လို့ ထင်ပါတယ်’’

တောင်တွင်းကြီးဆူပူမှုကို ဝိုင်းဝန်းထိန်းသိမ်းခဲ့သော တိုင်းဒေသကြီးအမတ် ဦးဝင်းမြင့်လှိုင်သို့ ဆက်သွယ်မေးမြန်းချက်
ဓာတ်ပုံ−ဦးလှိုင်လှိုင်

အောင်ဇော်ထွန်း

ရခိုင်အခြေအနေကို အကြောင်းပြု၍ ကောလာဟလများ ပျံ့နှံ့နေချိန်တွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ပေါ်ရှိ နေအိမ်ဆိုင်ခန်းများကို စက်တင်ဘာ ၁၀ ရက် ညက လူအုပ်စုတစ်စုက ဖျက် ဆီးခဲ့ပြီး ဆူပူမှုဖြစ်အောင် လှုံ့ဆော်ခဲ့သည်။ နှာခေါင်းစည်းတပ်ဆင် ထားသူများ ဦးဆောင်ပြီး တောင်တွင်းကြီးမြို့ပေါ်ရှိ နေရာရှစ်နေရာကို ဖျက်ဆီးခဲ့ရာ မိုဘိုင်းဖုန်းနှင့် အပိုပစ္စည်းအရောင်းဆိုင်၊ လက် ဖက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာခုံနှင့် နေအိမ်အချို့ ပျက်စီးခဲ့သည်။ အဆိုပါဖြစ်စဉ် တွင် ပါဝင်ပတ်သက်သော မူးနေသောလူငယ်တစ်ဦးကို ယင်းည၌ပင် ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၁ ရက်တွင် လေးဦးထပ်မံဖမ်း ဆီး၍ စိစစ်မေးမြန်းနေသည်။ ယင်းသို့ လူအုပ်စုတစ်စုက တောင်တွင်းကြီးမြို့ပေါ်တွင် ဆူပူအကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်ခဲ့သည်ကို ဝိုင်းဝန်းထိန်း သိမ်းရာတွင် ပါဝင်သော တောင် တွင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း မြင့်လှိုင်သို့  ဆက်သွယ်မေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါ သည်။

တောင်တွင်းကြီးမှာ ဖြစ်ခဲ့တဲ့ လူ အုပ်စုနဲ့ ဆူပူမှုဖြစ်တာကို ဘယ်လိုစသိခဲ့တာလဲ။ ဆူပူမှုလုပ်တဲ့လူ တွေက ဘာတွေလုပ်တယ်ဆိုတာ ကို တွေ့ရ၊ သိရပါသလဲ။

ပြီးခဲ့တဲ့ သောကြာနေ့က ဘာသာပေါင်းစုံ အစည်းအဝေး လုပ်ထားတယ်။ ဖေ့စ်ဘွတ်ခ်က ဖွနေတာတွေ ၁၀ ရက်၊ ၁၁ ရက် မှာ အကြမ်းဖက်မှုလေးတွေ၊ လှုံ့ ဆော်တာလေးတွေ လုပ်မယ်ဆို တာ ကြားသိထားတော့ ဘာသာ ပေါင်းစုံကို ခေါ်တယ်။ သူတို့အနေနဲ့လည်း ထူးခြားဖြစ်စဉ်လေးတွေ ရှိရင် သတင်းပို့ဖို့ ကျွန်တော်တို့က ပြောထားတာရှိတော့ အဲဒီမှာ စ ဖြစ်ဖြစ်ချင်း ကျွန်တော်တို့သိပါ တယ်။ သိတော့ ကျွန်တော်လည်း မြို့နယ်မှူးဆီ ဖုန်းဆက်ပါတယ်။ နောက် အုပ်ချုပ်ရေးမှူးဆီကို ဖုန်း ဆက်ပြီးတော့ ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာကို အရောက်သွားပါတယ်။ အဲဒီအချိန်မှာ သူတို့က ဗလီရှေ့ ကို ရောက်သွားပြီ။ ဗလီရှေ့မှာ တုတ်တွေ၊ ဓားတွေကိုင်ပြီးတော့ ဗလီထဲကို ခဲနဲ့ပစ်နေတာ တွေ့ လိုက်ရတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ ကို ဖမ်းဖမ်းလို့ ပြောလိုက်တဲ့အ ချိန်မှာ ဝင်ဖမ်းတော့ အကုန်လုံး က ထွက်ပြေးသွားပါတယ်။ လိုက် ပြီးတော့ လူစုခွဲလိုက်တော့ သူတို့ ထွက်ပြေးသွားတယ်။ ဗလီနေရာ ကို မလာဘဲနဲ့ နောက်တစ်နေရာ ဘာသာဝင်တွေရှိနေတဲ့ ရပ်ကွက် ထဲက အိမ်တွေကို နောက်တစ်နေ ရာ၊ နောက်တစ်နေရာ အဲဒီလို သွားပြီးတော့ ဆိုင်ခန်းရယ်၊ အိမ် တွေရယ်၊ ဆိတ်ခြံလေးရယ် ဆို အကုန်လုံးရှစ်နေရာပေါ့။ ခဲနဲ့ပစ် တာတွေ၊ ဖျက်ဆီးတာလေးတွေ ရှိပါတယ်။

တောင်တွင်းကြီးမှာ အရင်တုန်းက ဒီလိုဖြစ်ခဲ့ဖူးသလား။

မိတ္ထီလာရဲ့ အရင်တစ်ခါဖြစ် ဖူးတယ်။ တောင်ကြီးတို့၊ တောင် ငူတို့၊ တောင်တွင်းကြီးတို့ အဲဒီ ခေတ်ကတော့ ယတြာခေတ်နဲ့ သွားတယ်နဲ့ တူပါတယ်။ တောင် ပါတဲ့ မြို့တွေမှာ စပြီးဖြစ်ခဲ့တုန်း က ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပုံစံနဲ့ အခုပုံစံနဲ့ မတူဘူးဗျ။ အဲဒီ တုန်းက ဘေးမြို့က ရဟန်းသံဃာ တွေ ပါတယ်။ အခု ဒီဘက်က တော့ အဲဒီလိုမဟုတ်ပါဘူး။ မြို့ ပေါ်ကချည်းပဲ။ တခြားရွာက ဆို တာကလည်း ကျွန်တော်တို့မြို့နဲ့ ကပ်လျက် နှစ်မိုင်အတွင်း တစ်မိုင်အကွာ မြို့နဲ့ကပ်နေတဲ့ ရွာလေး တွေက ရှိတယ်လေ။ ရှိတော့ သူ တို့ကလည်း လာမှာပဲ၊ တက်ကြည့်မှာပဲ။ အဲဒါတွေကို ကျွန်တော်တို့ က လှမ်းပြီးတော့ ရပ်ကျေးအုပ် ချုပ်ရေးမှူးတွေ၊ နောက်ပြီးတော့ NLD ရပ်ကျေးအလုပ်အမှုဆောင် တွေကို ကျွန်တော်တို့က တားခိုင်း တယ်။ မလာဖို့ ပြောခိုင်းပါတယ်။ ပါတာတော့ ပါမှာပေါ့၊ အနည်းနဲ့ အများ။

မနေ့က ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာ ရတာတွေကော ရှိပါသလား။ ဒီလို အုပ်စုဖွဲ့လုပ်ဆောင်ချက်က ဘာ ကြောင့်လို့ သုံးသပ်လို့ရပါသလဲ။ နောက်ထပ်မဖြစ်အောင် ဘာတွေ လုပ်ဆောင်ထားတာ ရှိပါသလဲ။

ထိခိုက်ဒဏ်ရာရမှု တစ်ဦး တစ်ယောက်မှ မရှိပါဘူး။ ဒီ ရခိုင် အရေးကိစ္စလေးပေါ် အခြေတည် လာပြီးတော့၊ ဒီလူမှုကွန်ရက်က နေ ဖြန့်ပြီးတော့ လှုံ့ဆော်မှုလေး တွေ လုပ်နေတော့ အဲဒီရခိုင်အ ရေး ဒီဘက်ကို တည်လာတာပါ။ တကယ်တမ်းတော့ လူအနည်းစု ပဲဖြစ်ပါတယ်။ ကျွန်တော်တို့သုံး သပ်တာက ဘေးမြို့က လူတွေ မပါဘူး။ မြို့ပေါ်က လူတွေလို့ပဲ သိရတယ်။ နောက်ပြီးတော့ သူတို့ကို လိုက်ထိန်းတယ်၊ ပြုတယ်။ လူကြီးတွေက ပြန်ခိုင်းတယ်ဆို တာ သူတို့ကို သိလို့ဆိုတဲ့အနေအ ထားပဲ ရှိတယ်လေ။ ဘေးမြို့က လာပြီး လုပ်တာတွေမဟုတ်ပါ ဘူး။ ဆူပူမှုဖြစ်အောင်လုပ်တယ်၊ ပဋိပက္ခဖြစ်အောင် လုပ်တယ်ဆို တဲ့အနေအထားက မြို့နယ်တိုင်း မှာလည်း လူနည်းစုကတော့ ရှိနေ မှာပဲ။ ဆူပူမှုမရှိအောင်လုပ်တယ်၊ သွေးထိုးလှုံ့ဆော်မှု လုပ်တယ်၊ ငြိမ်းချမ်းရေးမရှိအောင်လုပ်တယ်၊ အဲဒါတွေကလည်း ရခိုင်အရေးနဲ့ ဆက်စပ်နေတာမျိုးလေးတွေ ရှိ တယ်။ တစ်နိုင်ငံလုံးအတိုင်းအ တာနဲ့ဆိုရင် ဒီမြို့မှာမှ ဘယ်လိုအ စီအစဉ်နဲ့ ဘယ်လိုမျိုး အနေအ ထားနဲ့ ဖြစ်လဲတော့မသိဘူး။ ကျွန် တော်တို့လည်း ဂရုစိုက်နေတဲ့ ကြားကနေ ဖြစ်သွားတယ်။ ကျန် တဲ့ မြို့တွေမှာလည်း ဒီကနေ ကူးစက်မယ်၊ ဒီကနေ အသံတွေ ကြားရမယ်။ နောက်ပြီး အွန်လိုင်း ပေါ်က အနေအထားလေးတွေက လည်း သွေးထိုးလှုံ့ဆော်တဲ့လူတစ် စုကလည်းရှိနေတော့ ဘေးမြို့ တွေမှာ ဖြစ်သွားမှာကိုပါ ကျွန် တော်တို့က စိုးရိမ်တယ်။ တစ်စ တစ်စနဲ့ တစ်မြို့တစ်မြို့နဲ့ဖြစ်မှာ ကြောက်ပါတယ်။ ကျွန်တော်တို့ မြို့အနေအထားနဲ့ကတော့ ငြိမ်း ချမ်းအောင် ကိုင်တွယ်ထားပါ တယ်။ အခု ညပိုင်းဆိုရင် ပတ် မယ့် ကင်းတွေရှိမယ်။ နောက် ရပ်ကွက်ထဲက အုပ်ချုပ်ရေးပိုင်းက လူတွေ၊ အဖွဲ့လေးတွေ ဖွဲ့ပြီး တော့ မြို့ပေါ်မှာ နေရာချထား တာလေးတွေ လုပ်မယ်။ ထပ်ပြီး တော့ မကြီးမားအောင် မဖြစ် အောင်ပေါ့။ နောက် လူနည်းနည်း စုမိတာနဲ့ လူစုခွဲမယ်၊ သတိပေး မယ်။ မရဘူးဆိုရင် ဖမ်းတဲ့အနေ အထားမျိုးလေးတွေ ရောက်သွား ကောင်း ရောက်သွားနိုင်တယ်။

ဘာသာရေး၊ လူမျိုးရေးအသွင် လုပ်ဆောင်မှုလို့ ဆိုနိုင်လားဗျ။

ရောတော့ ရောနေတယ်ဗျ။ ဒီ အယောက်သုံးဆယ်လောက်က ဒီတစ်နေရာမှာ လုပ်တယ်။ နောက်တစ်နေရာမှာလည်း ဒီအယောက် သုံးဆယ်ပဲ။ နောက်က ကြိုးကိုင် တဲ့အနေအထားမျိုးရှိမယ်လို့ ထင် ပါတယ်။ နောက်ပြီး ဘာသာရေး၊ လူမျိုးရေးဆိုတာကလည်း အခု ဖြစ်နေတဲ့ အတိုင်းအတာအနေနဲ့ သွေးဆူလွယ်တဲ့ လူနည်းစုလေးနဲ့ လုပ်ဆောင်တာ။

အဲဒီလိုလူအုပ်စုနဲ့ လိုက်လံဖျက် ဆီးတဲ့အပေါ် ရဲတပ်ဖွဲ့ရဲ့ ကိုယ် တိုင်ဆောင်ရွက်မှုက ဘယ်လိုမြင် ပါသလဲ။ အစိုးရသတင်းထုတ်ပြန် ချက်တွေအပေါ်ကော ဘယ်လို ပြောကြားလိုပါသလဲ။

ရဲတပ်ဖွဲ့နဲ့ ကျွန်တော်တို့က တစ်ပြိုင်နက်တည်း ရောက်တယ်။ အွန်လိုင်းပေါ်မှာ တင်နေတဲ့ အ ကြမ်းဖက်နှိမ်နင်းတာ မရှိပါဘူး။ ကိုင်တွယ်ဖြေရှင်းတာက ဒီမှာရှိ နေတဲ့ အင်အားနဲ့ပဲ လူစုကွဲအောင်လိုက်လုပ်ပေးတဲ့ အနေအထားရှိ ပါတယ်။ ကျွန်တော်တို့က ဒီမှာမျက်မြင်ရှိနေတဲ့အတွက် လူဦးရေအနေအထားက တစ်ရာပတ်ချာလည်လောက်ရှိတယ်။ တကယ်တမ်း ဖျက်ဆီးတယ်၊ အကြမ်းဖက်တယ်ဆိုတာ    လူသုံးဆယ်လောက်ပဲရှိတယ်။  ကျန်တာကဘေးကလာပြီး    အခြေအနေကြည့်နေတယ်။    ဝင်လို့ရရင် ဝင်မယ့် အနေအထားမျိုးတော့ ရှိတာပေါ့။ ထိန်းသိမ်းရတဲ့အနေ အထားကတော့ မဆိုးပါဘူး။

အပေါ်မှာ သတင်းပြန်ကြား တဲ့ ကိစ္စတစ်ခုမှာ ရော်ဘာကျည် ဆန်နဲ့ ပစ်တယ်၊ ဖြိုခွင်းရတယ် ဆိုတာ မဟုတ်ဘူး။ နောက်ပြီး တော့ လူလေးရာလောက်ဆိုတဲ့ ကိစ္စက မဟုတ်ဘူး။ နောက်ပြီး ဒိုင်းနဲ့ တွန်းရတယ်ဆိုတာမဟုတ် ဘူး။ ကျွန်တော်တို့က အယောင်ပြ ပဲ၊ လူဆယ်ယောက်လောက် ပြေး လိုက်တဲ့အချိန်မှာ အကုန်လုံးက ထွက်ပြေးတယ် အဲဒီလိုလေးပါ။

အခု ဖမ်းမိထားတဲ့ လူတွေနဲ့ပတ် သက်ပြီးတော့ ဘာတွေ သိရပါ သလဲ။

မနေ့ည (စက်တင်ဘာ ၁၀ ရက်)က တစ်ယောက်ဖမ်းမိတယ်။  အဲဒီတစ်ယောက် ဖမ်းမိတာက လူအုပ်ကြားထဲကနေ ထွက်လာ ပြီး ခဲနဲ့ထုတယ်။ အဲဒီသူက မူးနေ တယ်။ အနားမှာ အစ္စလာမ်ဘာ သာအိမ်တစ်အိမ်ရှိတယ်။ လမ်း ထောင့်တည့်တည့်မှာ။ ပြေးလိုက် တဲ့အချိန်မှာ လဲကျနေတဲ့အနေအ ထားနဲ့ အဲဒီတစ်ယောက်ကို မိ လိုက်တယ်။ ကျန်တဲ့လူတွေက လွတ်သွားတာပေါ့။ ဆူပူအောင် သွေးထိုးလှုံ့ဆော်နေတဲ့ အ ယောက်သုံးဆယ်အဖွဲ့ကတော့ မ ဟုတ်ဘူး။ သူက ပရိသတ်ထဲက တစ်ယောက်၊ ပရိသတ်ထဲက သွေးဆူပြီး ဖြစ်သွားတဲ့ တစ်ယောက်။ မနက် နှစ်ယောက် အရင်စဖမ်း တယ်၊ သံသယရှိတယ်ဆိုတဲ့ အနေ အထားနဲ့။ အဲဒီကနေ နောက်ထပ်နှစ်ယောက် ထပ်ဖမ်းတယ်။ စုစုပေါင်း ငါးယောက်။ အဲဒီကနေ ထပ်ဖော်ဖို့လေးတွေရှိတယ်။ အခု အမှုဖွင့်ထားတာလည်း မရှိသေးပါဘူး။ သေချာအောင်မေးတယ်။ နောက်ထပ် ထပ်ဖမ်းတယ်။ အဲဒါမျိုးလေးတွေ လုပ်နေပါတယ်။

ဝန်ကြီးချုပ်အပါအဝင် သက်ဆိုင် ရာ တာဝန်ရှိသူတွေက ဘာတွေ ညွှန်ကြားထားတာ ရှိပါသလဲ။

မနက် (စက်တင်ဘာ ၁၁ ရက်) က မြို့မိမြို့ဖပါတယ်၊ ခရိုင် မှူးပါတယ်။ နောက်ပြီးတော့ ဌာန ဆိုင်ရာနဲ့ ရပ်ကွက်အုပ်ချုပ်ရေး မှူးတွေကို ခေါ်ပြီးတော့ ဝန်ကြီး ချုပ်နဲ့ တွေ့တယ်။ ဘာသာပေါင်း စုံကဆိုရင်လည်း အစ္စလာမ်ဘာ သာကိုယ်စားလှယ်တစ်ယောက် တက်လာပါတယ်။ ဆူပူမှုမဖြစ် အောင် ထိန်းသိမ်းဖို့နဲ့ တကယ်ကို ပဲ ဆူပူမှုဖြစ်အောင် လုပ်ခဲ့တဲ့သူ တွေကို မိအောင်ဖမ်းဖို့၊ ပြီးတာနဲ့ အပြစ်ဒဏ်ကိုလည်း ထိထိရောက်ရောက်၊ ပြင်းပြင်းထန်ထန်ပေးဖို့ ဝန်ကြီးချုပ်က မှာကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က မနက် ၈ နာရီခွဲ လောက်မှာ ရောက်ပါတယ်။ ပြီး တာနဲ့ ထွေအုပ်ရုံးကနေ ညက ဖြစ်တဲ့ ရှစ်နေရာထဲက တချို့ကို ကျွန် တော်တို့ သွားကြည့်ပါတယ်။ ဝန်ကြီးချုပ်က စာရင်းလေးတွေ ကောက်ထားပေးဖို့၊ နောက်ပြီး တော့ ကက်ဘိနက်မှာ အစည်းအ ဝေးထိုင်ပြီးတော့ သူတို့နစ်နာတဲ့ အနေအထားတစ်ခုကို ပြန်ပြီး တော့ ထောက်ပံ့ပေးနိုင်အောင် အစည်းအဝေးဆုံးဖြတ်ချက်လေး တွေနဲ့ လုပ်ပေးမယ်လို့ ပြောပါ တယ်။

ဆုံးရှုံးမှုအနေအထားက ဘယ် လောက်ရှိတယ်လို့ သိရပါသလဲ။

ည(စက်တင်ဘာ ၁၀ ရက်) က ကျွန်တော်တို့ ည ၂ နာရီခွဲ၊ ၃ နာရီလောက်ထိ စာရင်းလေးတွေ ကောက်တယ်။ ရှင်းစရာရှိတာ ရှင်းတဲ့အချိန်မှာ တချို့ဘာသာဝင် တွေက ကိုယ့်အိမ်ကိုယ် ပြန်မလာ ရဲဘူးဗျ။ ပြန်မလာရဲတော့ ဆုံးရှုံး မှုတန်ဖိုးက ခန့်မှန်းလို့မရဘူးဖြစ် နေတယ်။ ကျန်တဲ့ဟာလေးတွေ က တီဗီနှစ်လုံးတို့၊ စားပွဲခုံလေး တွေတို့၊ လက်ဖက်ရည်ဆိုင်ဆိုရင် လည်း ထိုင်ခုံလေးတွေတို့ အဲဒါမျိုးပျက်စီးပါတယ်။ တယ်လီဖုန်းဆိုင် ကဟာကျတော့ ခန့်မှန်းလို့မရဘူး ဖြစ်နေတယ်။

လက်ရှိ မြို့အနေအထားကကော ဘယ်လိုရှိပါသလဲ။

အခု လောလောဆယ်က တော့ တစ်မနက်လုံး၊ တစ်နေ့လုံး (စက်တင်ဘာ ၁၁ ရက်) ပုံမှန်အ တိုင်းပဲ။ ဈေးရော၊ ကျောင်းရော သွားစရာရှိတာသွား၊ လုပ်စရာရှိ တာလုပ်ပေါ့။ အခု ညနေဆိုရင် ကျွန်တော့်အိမ်က ကန်တော်ကြီး အခြေလေးမှာရှိတော့ ပုံမှန်အ တိုင်းပဲ လေညင်းခံထွက်တဲ့လူ တွေ၊ လမ်းလျှောက်တဲ့လူတွေက လည်း သွားနေတာတွေ့တယ်။ ပုံမှန်ပါပဲ အခုအချိန်ထိ။

ကောလာဟလတွေ တစ်နိုင်ငံလုံး မှာ ပြန့်နေတာပေါ့။ အခု တောင် တွင်းကြီးမှာ ဖြစ်တဲ့ကိစ္စနဲ့ပတ် သက်ပြီး တခြားမြို့တွေက ပြည် သူတွေကိုကော ဘယ်လိုသတင်း စကားပါးလိုပါသလဲဗျ။

ကျွန်တော်တို့မြို့အနေအ ထားနဲ့ ကျွန်တော်တို့ကတော့ ငြိမ်း ချမ်းချင်တယ်။ ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှုလုပ်နေတဲ့ အတိုင်းအ တာတွေက လူနည်းစုပဲဖြစ်တယ်။ ညကဆိုရင် ပြည်သူလူထုက မပါ ဘူး။ တကယ်တမ်း အလုပ်လုပ် သွားတာက အယောက်သုံးဆယ် ပတ်ချာလည်လောက်ပဲ အလုပ် လုပ်တာ။ ပြည်သူလူထုအနေနဲ့ အသိ၊ သတိရှိဖို့၊ နောက်ပြီးတော့ ဆင်ခြင်တုံတရားနဲ့ ဆင်ခြင်သုံး သပ်ဖို့။ နောက်ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းအောင် ဘေးမြို့တွေမှာ ရော ပြည်သူလူထုအကုန်လုံးက လက်ရှိအစိုးရနဲ့ ပူးပေါင်းပြီးတော့   ငြိမ်းချမ်းအောင်ဆောင်ရွက်ဖို့ လို အပ်တယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဒီမှာလို ဆူပူမှုတွေ မဖြစ်အောင် ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်။

ကျေးဇူးတင်ပါတယ်။