အာဖဂန်တွင် ကြက်ခြေနီအဖွဲ့ ကာယကုထုံး ဆရာမကို လူနာက သေနတ်ဖြင့် ပစ်သတ်

အာဖဂန် နစ္စတန် နိုင်ငံတွင် လူသားချင်း စာနာကူညီမှု လုပ်အားပေးနေသည့် စပိန်နိုင်ငံသား ကာယကုထုံးဆရာမ တစ်ဦးကို ၎င်း၏ လူနာတစ်ဦးက ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကြက်ခြေနီ အဖွဲ့က မာဇာအီရှာရစ်ဖ်မြို့ရှိ ကိုယ်လက်အင်္ဂါ ပြန်လည်ထူထောင်ရေး စင်တာတွင် အသက် ၃၈ နှစ်အရွယ် လော်ရီနာ အန်နီဘရယ်လ် သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ ဒဏ်ရာများ ရရှိထားသည့် အန်နီဘရယ်လ်ကို NATO စစ်မဟာမိတ်အုပ်စုက ဖွင့်လှစ်ထားသည့် ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သော်လည်း အသက် မကယ်တင်နိုင်ခဲ့ချေ။

ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ လူနှစ်ဦးကို အာဖဂန် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ယင်းတို့အနက် သေနတ်ဖြင့် ပစ်ခတ်သူ အသက် ၂၁ နှစ်အရွယ် လူငယ်လည်း ပါဝင်သည်။ ၎င်းသည် အန်နီဘရယ်လ်ထံတွင် ကာယကုထုံး လာရောက်ခံယူနေကျ လူနာတစ်ဦးဟု ဆိုသည်။

သံသယ တရားခံ နှစ်ဦးစလုံးသည် မသန်စွမ်းသူများ ဖြစ်ကြကြောင်း၊ သေနတ်များကို ၎င်းတို့၏ ခြေတုများထဲတွင် ဝှက်ယူလာခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီက အန်နီဘရယ်လ်သည် မသန်စွမ်းသူများ၊ ခြေလက်ဖြတ်တောက်ထားသူများ အပါအဝင် ယောက်ျား၊ မိန်းမ၊ ကလေးငယ် လူနာမရွေး ကုသပေးနေသူ တစ်ဦးဖြစ်ကြောင်း ကြေညာသည်။

ယခုဖြစ်ရပ်သည် အာဖဂန် မြောက်ပိုင်းတွင် ကြက်ခြေနီအဖွဲ့ ဝန်ထမ်းများ ရန်ပြု တိုက်ခိုက်ခံရသည့် နောက်ဆုံးကိစ္စအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါ ဒေသတွင် တာလီဘန်နှင့် အိုင်အက်စ် အဆက်အနွှယ် စစ်သွေးကြွများ လှုပ်ရှားနေဆဲ ဖြစ်သည်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့သည် ဖေဖော်ဝါရီလ ကတည်းက အဆိုပါ ဒေသတွင် လူသားချင်း စာနာထောက်ထားမှု ကူညီရေး လုပ်ငန်းများ ဖြန့်ကျက် ဆောင်ရွက်နေသည်။ ထို့နောက်ပိုင်းတွင် ခြုံခိုတိုက်ခိုက်မှုအတွင်း ကြက်ခြေနီဝန်ထမ်း ခြောက်ဦး အသတ်ခံခဲ့ရသည်။ အခြားနှစ်ဦးမှာလည်း စစ်သွေးကြွများ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး ပြီးခဲ့သည့် အပတ်ကမှ တစ်ဦး လွတ်မြောက်လာခဲ့သည်။

Ref: Reuters