ကမ်းခြေတွင် သောင်တင်နေရာမှ ရေကူးကန်ထဲ ယာယီထည့်မွေးထားရသည့် ငါးမန်းကို ပင်လယ်ထဲ ပြန်လွှတ်ရန် စီစဉ်

ဩစတြေးလျ ကမ်းခြေတစ်ခုတွင် လာရောက် သောင်တင်နေပြီး ရေကူးကန်ထဲ ယာယီထည့်ထားရသည့် ငါးမန်းဖြူ တစ်ကောင်ကို ပင်လယ်ထဲ ပြန်လွှတ်ပေးရန် စီစဉ်နေကြောင်း သိရသည်။


အလျား ၃ ပေမျှရှိသည့် မြီးကောင်ပေါက် ငါးမန်းဖြူ တစ်ကောင်သည် စက်တင်ဘာ ၁၁ ရက်က ဆစ်ဒနီရှိ ကမ်းခြေတစ်ခုတွင် လာရောက် သောင်တင်ပြီး ဒုက္ခကြီးစွာ ရုန်းကန်နေခဲ့ရသည်။ တအံ့တဩ ဖြစ်နေသည့် ကမ်းခြေ လည်ပတ်သူများက အကြောင်းကြားသဖြင့် ကျွမ်းကျင်သူများ ရောက်လာပြီး ငါးမန်းကို ပင်လယ်ထဲ ပြန်လွှတ်ပေးရန် ကြိုးစားသော်လည်း အဆင်မပြေခဲ့ချေ။

ထို့ကြောင့် ၎င်းကို အနီးရှိ ပင်လယ်ရေ ထည့်သွင်းထားသော ရေကူးကန် တစ်ခုထဲ ယာယီ ရွှေ့ပြောင်း မွေးမြူထားခဲ့ရသည်။ ရေကူးကန်ထဲသို့ လူအများ ဆင်းသက်ခွင့်ကိုမူ ယာယီ ပိတ်ပင်ထားလိုက်သည်။

ယင်းနောက်တွင်မူ Fluffyဟု နာမည်ပြောင် ပေးထားသည့် ငါးမန်းကို ငါးပြတိုက် တစ်ခုသို့ ရွှေ့ပြောင်းကာ ထိုမှတဆင့် ပင်လယ်ထဲ ပြန်လွှတ်ပေးမည် ဖြစ်သည်။

ဆစ်ဒနီရှိ မန်လီကမ်းခြေအနီး ရေကူးကန်ထဲသို့ ငါးမန်းရောက်နေကြောင်း သတင်းကြောင့် လူအများက စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြသည်။ “ငါးမန်းကို သယ်လာတုန်းက အဲဒီကန်လေးထဲမှာ လူငါးယောက် ရေကူးနေတာ။ သူတို့က ငါးမန်းကို မြင်တာနဲ့ ဘာပြောကောင်းမလဲ၊ ချက်ချင်း ပြေးတက်ကြတာ”ဟု မျက်မြင်တစ်ဦးက အရွှန်းဖောက်ခဲ့သည်။ 

ငါးမန်းသည် ဒဏ်ရာအချို့ ရရှိထားရာ သက်သာပျောက်ကင်းအောင် စောင့်ရှောက် ကုသမှုပေးပြီးမှ ပင်လယ်ထဲ ပြန်လွှတ်ပေးဖွယ် ရှိနေသည်။ “သဘာဝအတိုင်း ပင်လယ်ပြင်မှာ ရှင်သန် ကျက်စားနိုင်ဖို့ဆိုရင် သူ့ဒဏ်ရာတွေ ပျောက်ပြီး ကောင်းကောင်း အနားယူ၊ အားမွေးဖို့တော့ လိုတယ်။ ပြီးမှ သူ့ကို ပြန်လွှတ်ပေးဖို့ စီစဉ်ပါ့မယ်”ဟု မန်လီ အဏ္ဏဝါသက်ရှိများ နားခိုရာ စင်တာမှ ပညာရှင် တစ်ဦးဖြစ်သော ရော်ဘီမက်ခရက်ကန်က မှတ်ချက်ပေး ပြောဆိုသွားသည်။ 

Ref: BBC

Top News