ချောင်းဦးဒေသထုတ် ဂျုံရိုးဦးထုပ်လုပ်ငန်းများတွင် ရှမ်းတိုင်းရင်းသားရိုးရာ ပြန့်ဦးထုပ် ကြိုတင်မှာယူမှု ပိုမိုများပြားလာ

ချောင်းဦးမြို့နယ် ငါးလုံးတင်းကျေးရွာရှိ ဂျုံရိုးဦးထုပ်လုပ်ငန်းတစ်ခုအတွင်း မြင်ရစဉ်(ဓာတ်ပုံ−မျိုးမင်းဦး)

 မုံရွာခရိုင်ချောင်းဦးဒေသ တွင် ထုတ်လုပ်သော ဂျုံရိုးဦးထုပ် လုပ်ငန်းများ၌ ရှမ်းတိုင်းရင်းသား ရိုးရာပြန့်ဦးထုပ်မှာယူမှု ပိုမိုများ ပြားလာကြောင်း ဒေသခံဂျုံရိုးဦး ထုပ်လုပ်ငန်းရှင်များက ပြောသည်။

ချောင်းဦးမြို့နယ်တွင် စိုက် ပျိုးထုတ်လုပ်သော ဂျုံစိုက်ခင်း များမှ ဂျုံပင်ပင်စည်အရိုးကို ကုန်ကြမ်းအဖြစ် ပြုလုပ်ကာဦးထုပ် ချုပ်လုပ်သော လုပ်ငန်းများတွင် ရှမ်းတိုင်းရင်းသားရိုးရာ ပြန့်ဦးထုပ်များကို လားရှိုးဈေးကွက်မှ မှာယူမှုသည် ယခုနှစ်တွင်မြင့်တက်လာကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။


လားရှိုးဈေးကွက်မှ ယခင် နှစ်များက ရှမ်းတိုင်းရင်းသားရိုး ရာ ပြန့်ဦးထုပ်အလုံး ၅၀၀ သာမှာ ယူခဲ့ရာမှ ယခုနှစ်တွင် ဦးထုပ်အ လုံးရေ ၃,၀၀၀ ခန့်အထိ မှာယူလာကြောင်း ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာရှိ လှိုင်မြင့်မိုရ်ဂျုံရိုးဦးထုပ်လုပ်ငန်းရှင် မခင်သန်းဝင်းက ပြောသည်။

 ‘‘ရှမ်းဦးထုပ်ကြီးတွေက သဘာဝအရောင်အတိုင်းနဲ့ ဆေး ပန်းချီဆွဲတာတွေ မလုပ်ဘူး’’ဟု မခင်သန်းဝင်းက ပြောသည်။ ရှမ်း တိုင်းရင်းသားရိုးရာ ပြန့်ဦးထုပ် တစ်လုံးလျှင် ကျပ်သုံးသောင်းခန့် ဈေးရှိသည်။

ချောင်းဦးမြို့နယ်အတွင်း ငါးလုံးတင်၊ ဆင်မြေ၊ မထိသာ၊ မှန်ချို၊ ထူးနီ၊ ရွာတော်ကလေး တို့တွင် လွန်ခဲ့သောနှစ်ပေါင်း (၃၀)ခန့်ကစတင်၍ ဂျုံရိုးဦးထုပ်များ ပြုလုပ်ခဲ့သည်။ နှစ်စဉ် တပေါင်း၊ တန်ခူးလများတွင် ဂျုံစိုက်ခင်းများ ရိတ်သိမ်းချိန်၌ ဂျုံပင်၏ ပင်စည်အ ရိုးများကို ချိုး၍ စုဆောင်းထား ပြီး ဂျုံရိုးဦးထုပ်ပြုလုပ်ရန် ကြိုး ကျစ်ခြင်း၊ ချုပ်ခြင်း၊ ပေါင်းတင် ခြင်း၊ ပန်းဆွဲခြင်း၊ ကွင်းဖောက် ခြင်းတို့ပြုလုပ်ကာ ဈေးကွက်သို့ တင် ပို့ရောင်းချနေခြင်းဖြစ်သည်။  ဂျုံရိုးဦးထုပ်အရွယ်အစားနှင့် ဒီ ဇိုင်းအမျိုးမျိုးပေါ်တွင် မူတည်၍ တစ်လုံးလျှင် အနည်းဆုံးကျပ် ၇၀၀  မှ ကျပ် ၄,၀၀၀ ခန့်ဖြင့် ဈေး ကွက်သို့ တင်ပို့ရောင်းချနေ ကြောင်း ဒေသခံဂျုံရိုးဦးထုပ်လုပ် ငန်းရှင်များက ပြောသည်။

လက်ရှိတွင် လားရှိုးဈေး ကွက်မှ ချောင်းဦးမြို့နယ် ငါးလုံး တင်ကျေးရွာ ဂျုံရိုးဦးထုပ်လုပ်ငန်း များသို့ ဦးထုပ်ဒီဇိုင်းပုံစံများ ပေးပို့ကာ အရွယ်အစားနှင့် ခေတ်မီ ဒီဇိုင်းအမျိုးမျိုးကိုမှာယူဝယ်ယူမှု အ များဆုံးဖြစ်ကြောင်း သိရသည်။

ငါးလုံးတင်ကျေးရွာဒေသခံ  ဂျုံရိုးဦးထုပ်လုပ်ကိုင်သူတစ်ဦးက ‘‘ရွာရှိလူကုန် ဂျုံရိုးကြိုးကျစ်တတ် တယ်။ ဦးထုပ်ချုပ်တတ်တဲ့သူတွေ လည်း များတယ်။ အခုနောက်ပိုင်း ဒီဇိုင်းအမျိုးမျိုးနဲ့ စမ်းသပ်လုပ် ကိုင်လာကြတော့ ဈေးကွက်ဝယ် လိုအားလည်း ပိုများတယ်။ ဂျုံရိုး ဦးထုပ်ဆောင်းသူ အများစုက တောင်သူလုပ်ငန်းခွင်မှာ နေပူ သက်သာအောင် ဆောင်းကြတာ များတယ်’’ဟု ပြောသည်။

Top News