ရေနစ်သူတို့ရဲ့ဇာတ်လမ်း

လွန်ခဲ့သော ရက်သတ္တပတ်က ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်မှာ ဖွင့်လှစ်သော အခြေခံကွန်ပျူတာ သင်တန်းတစ်ခုကို လေ့လာခွင့်ရခဲ့ပါတယ်။ သင်တန်းသားတွေက မူလတန်း၊ အလယ်တန်းကျောင်း သားကလေးတွေဖြစ်ပါတယ်။ သူ တို့ကိုယ်စီရှေ့မှာ လက်ပ်တော့ ကွန်ပျူတာလေးတွေ တန်းစီရှိကြပါတယ်။ သူတို့နဲ့အတူ မှတ်စုမှတ် ဖို့ စာအုပ်၊ ဘောပင်တစ်ခုမှ မ တွေ့ရပါဘူး။

သင်တန်းစတော့ ကွန်ပျူ တာသင်တန်းဆရာက တပည့် တွေကို ဒီကို ကွန်ပျူတာလာသင်တာ ဘာလုပ်ဖို့လဲလို့ တစ်ဦးချင်း မေးပါတယ်။ ကလေးတွေက ‘ဂိမ်း ဆော့ဖို့’၊ ‘စာစီစာရိုက်ဖို့’၊ ‘ဓာတ်ပုံ တည်းဖြတ်ဖို့’၊ ‘စာရင်းလုပ်ဖို့’၊ ‘အင်တာနက်ကြည့်ဖို့’ စသည်ဖြင့် ကိုယ်လုပ်ချင်တာတွေ ပြောကြပါတယ်။ ဆက်လက်ပြီး ဆရာက ကွန်ပျူတာကို ကလေးတွေ ကိုင် ခိုင်းပြီး ဘယ်လိုနေလဲလို့ မေး တော့ ကလေးတွေက ‘မာမာကြီး’ လို့ ပြန်ဖြေကြပါတယ်။ ‘အဲသလို လက်နဲ့ တို့ထိ ကိုင်တွယ်လို့ရတဲ့ မာမာကြီးကို Hardware စက် ပစ္စည်းလို့ခေါ်တယ် ကလေးတို့ရဲ့’ လို့ ဆရာက ပြောပါတယ်။ ‘နောက်ပြီး ကလေးတို့ကိုင်တွယ် ထိတွေ့ခွင့်မရတဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေလုပ်ရန် အမိန့်ညွှန်ကြားပေးတဲ့ အစုအဝေးအစီအစဉ်ကိုတော့ ပရိုဂရမ် Software လို့ခေါ်တယ်’လို့ ဆရာက ပြောပြနေပါတယ်။

‘ကွန်ပျူတာကို ဖွင့်ရင် Power ဆိုတဲ့ခလုတ်ကို နှိပ်ဖွင့်ပြီးပြန်ပိတ်ရင် Shut Down ဆိုတာကို နှိပ်ရမယ်ကွဲ့။ အဲဒါ ဘာကြောင့်လဲဆိုတော့ အရှိန်ပြင်းပြင်းမောင်း နေတဲ့ကားကို ဘရိတ်နင်းလိုက်သ လိုမျိုးမဖြစ်အောင်ပေါ့’ တဲ့။ ကျွန် တော် ငေးကြည့်နေမိပါတယ်။ ဆရာ ဦးအောင်သင်းရေးတဲ့ ကံ့ကူလက်လှည့်ထဲက ငိုနေတဲ့က လေးကို စာသင်ပေးတဲ့ ဆရာစိန်လိုပါပဲလား။ ကွန်ပျူတာသင်ဖို့ ဘာစာအုပ်မှ မလို၊ ဘာမှတ်စုမှ မရေးရဘဲ ခလုတ်တစ်ခုချင်းစီကို နားလည်အောင် ရှင်းပြပြီး ကိုယ်တိုင်ထိတွေ့ကိုင်တွယ်စေတဲ့နည်း နဲ့ သင်သွားတာကို မြင်ပြီး ပီတိဖြစ်မိပါတယ်။

အိမ်ပြန်ရောက်တော့လည်း ဒီအကြောင်းကို အိမ်က ဇနီးသည်ကို ပြန်ပြောပြမိပါတယ်။ ‘‘အရင်တုန်းက ကွန်ပျူတာသင်တန်း သွားတက်ရင် စာအုပ်တွေ၊ လက်ကွက်စာရွက်တွေ ကျက်ရ၊ မှတ်ရနဲ့ ခုအဲသလို မသင်တော့ဘူးဟ’’ လို့ ဇနီးသည်ကို ပြောနေတုန်း ဘေးမှာ ဆော့နေတဲ့ သားတော် မောင်က ‘‘သားတို့ကျောင်းမှာလည်း ကွန်ပျူတာသင်ရသားပဲ။ ဒီမှာ ကြည့်... စာအုပ်’’ ဆိုပြီး ဗလာစာအုပ်တစ်အုပ်ယူလာပြပါတော့ တယ်။ စာအုပ်အဖုံးမှာတော့ Computer လို့ ရေးထားပါတယ်။ အထဲမှာတော့ ကွန်ပျူတာဆို သည်မှာဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆို ချက်။ Hardware, Software, User အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရေးထားတဲ့ စာနှစ်မျက်နှာလောက် တွေ့ပါတယ်။ ‘‘သားတို့ ကွန်ပျူ တာ နှိပ်ရလား’’ လို့ မေးကြည့်တော့ ‘‘မြင်တောင်မမြင်ဖူးဘူး’’ တဲ့။ ဆက်ကော သင်သေးလားဆိုတော့လည်း ‘‘ဟင့်အင်း’’ တဲ့။

ကွန်ပျူတာသင်ကြားမှုမှာ ပရဟိတသင်တန်းက သင်ကြားပုံတွေနဲ့ ကျောင်းတွေက သင်ကြားပုံတွေက ကွဲပြားခြားနားနေပါတယ်။ ပရဟိတသင်တန်းဆရာ တွေက ကလေးတွေကို ကွန်ပျူ တာဆိုတာ ဘာမှ ထူးဆန်းသော အရာမဟုတ်၊ လူက ခိုင်းစေညွှန် ကြားမှ အလုပ်လုပ်သော၊ လူ့ထက်မှတ်ဉာဏ်ကောင်းသော ပစ္စည်း လို့သာ သဘောထားလေ့ကျင့်စေပါတယ်။ အခြေခံပညာကျောင်း အချို့မှာတော့ ကလေးတွေဟာ ကွန်ပျူတာကို ထိတွေ့ကိုင်တွယ် ခွင့်မရဘဲ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုသာ ကျက်မှတ်စေရင်း သင် ခန်းစာပြီးခဲ့ရပါတယ်။ အဲဒီတော့ ဘယ်သင်ကြားရေးက ကလေး တွေကို အတတ်ပညာ၊ အသိပညာပေးသလဲဆိုတာ အဖြေရှင်းသွား ပါတယ်။

ဘယ်တက္ကသိုလ်၊ ဘယ် ကောလိပ်၊ ဘယ်ကျောင်းမှာဖြစ် ဖြစ် သင်ကြားရေးဆိုတာ သိဖို့၊ တတ်ဖို့ လုပ်တာဖြစ်ပါတယ်။ စာတွေ အလွတ်ကျက်ပြီး အဖြေလွှာပေါ်မှာ စာအပြည့်ရေးဖြေထားပေမယ့် တတ်ပြီ၊ သိပြီလို့ ယုံမှတ်လို့ မရပါဘူး။

မကြာခင်က စာကြည့်တိုက် တက်ကြွလှုပ်ရှားသူများနဲ့ တွေ့ဆုံစဉ်မှာ အခြေခံပညာကျောင်းတွေက ကလေးတွေ စာဖတ်ဖို့ အစီအစဉ်တစ်ခု ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးက အခြေခံပညာကျောင်းအများစုဟာ စာ ကြည့်တိုက်တွေ ရှိကြသော်လည်း စာအုပ်ပြည့်စုံမှုမရှိပါဘူး။ အထူး သဖြင့် ကလေးတွေဖတ်ဖို့ စာအုပ်က ပိုရှားပါတယ်။ ဒီကွက်လပ်ကို ဖြည့်စွက်ဖို့ ဒေသဆိုင်ရာ ပြည်သူ့ စာကြည့်တိုက်တွေက ကူညီ ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ပြည် သူ့စာကြည့်တိုက်တွေနဲ့နီးစပ်ရာ ကျောင်းတွေက ကလေးတွေကို စာအုပ်ငှားပေးဖို့ ဖြစ်ပါတယ်။

ဒီနေရာမှာ သင်ကြားမှုတိုင်း တတ်သလား၊ သိသလားဆိုတဲ့ မေးခွန်းလိုပဲ။ စာဖတ်စေတိုင်း စာအုပ်ထဲက အသိပညာ၊ အတတ်ပညာတွေကို ဘယ်လောက်ရလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပေါ်လာပါ တယ်။

ဒါဟာ ယခုနောက်ပိုင်းစာ ကြည့်တိုက်တွေမှာ စာဖတ်ဝိုင်း တွေပေါ်ပေါက်လာခြင်းရဲ့အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ ကလေးဖြစ်စေ၊ လူကြီးဖြစ်စေ လူဟာ ကိုယ့်အသက်အရွယ်နဲ့လိုက်ဖက်မယ့်စာမျိုးကို ဖတ်ရတာ ပို အကျိုးရှိစေပါတယ်။ အထူးသ ဖြင့် ကလေးတွကို စာဖတ်စေတဲ့အခါမှာ စာအုပ်ထဲက သုတ၊ ရသတွေ ကိုယ့်အတွက် ဘယ်လောက် ရလိုက်တယ်ဆိုတာကို ပြန်လည်ဆန်းစစ်တတ်တဲ့ ဉာဏ်ထည့်ပေးဖို့ လိုပါတယ်။

ဒီအတွက် ကျောင်းတွေမှာ ကလေးတွေကို စာဖတ်စေခြင်းမှာ ကလေးတွေကို စာအုပ်ငှားရုံနဲ့ ပြည့်စုံလုံလောက်မှုမရှိဘဲ သူတို့ ဖတ်ပြီးတဲ့ စာပေကို ပြန်လည်မျှ ဝေဆွေးနွေးစေလိုတဲ့အလေ့အ ကျင့်ပါ ပေါင်းစပ်ဖို့ လိုအပ်လာ ပါတယ်။ အခြေခံပညာကျောင်း စာကြည့်တိုက်တွေရဲ့ စာအုပ်မ ပြည့်စုံမှုကို အစိုးရက မပံ့ပိုးနိုင် သေးချိန်မှာ ပြည်သူ့စာကြည့် တိုက်တွေက ဝင်ရောက်ကူညီပေး နိုင်သော်လည်း ဖတ်ပြီးတဲ့စာအုပ် တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးမျှ ဝေဖို့ကတော့ သက်ဆိုင်ရာဆရာ၊ ဆရာမတွေ ပါဝင်မှ ဖြစ်မှာဖြစ်ပါတယ်။

စာဖတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ သူတို့ရဲ့ဆရာ၊ ဆရာမတွေက အပတ်စဉ်(သို့မ ဟုတ်)လစဉ် ဖတ်ထားတဲ့စာအုပ် တွေထဲက သုတ၊ ရသတွေကို အ မြင်ချင်းဖလှယ်ကြမယ်ဆိုရင် စာ ဖတ်ခြင်းရဲ့ အကျိုးရလဒ်ကို ပြည့် စုံစွာခံစားရပြီး သူတို့လေးတွေရဲ့ ဉာဏ်ပညာလည်း ပိုမိုထက်မြက် လာမယ်ထင်ပါတယ်။

စာကြည့်တိုက်တက်ကြွလှုပ်ရှားသူများရဲ့ဆွေးနွေးပွဲ စကားဝိုင်းဟာ ဒီနေရာအထိ အခက်အခဲမရှိ အဆင်ပြေလာသော်လည်း နောက်ပိုင်းမှာ စိန်ခေါ်မှုအသစ်နဲ့ တွေ့ကြုံရပါတယ်။ စာဖတ်တဲ့ ကလေးတွေနဲ့ ဆွေးနွေးမယ့် ဆရာ၊ ဆရာမဟာလည်း စာဖတ်တဲ့သူဖြစ်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တချို့ကျောင်းတွေမှာ အင်္ဂလိပ်စာနဲ့သင်တဲ့ ဇီဝဗေဒပညာရပ်ကို ကိုယ်ကိုယ်တိုင် ရှင်းမပြဘဲ ပြင်ပကထုတ်တဲ့ ဘာသာ ပြန်အထူးထုတ်ကို ကိုင်ပြီး ဖတ် ပြနေတဲ့ ဆရာတွေကို တွေ့ဖူးပါတယ်။ ကိုယ်သင်တဲ့ဘာသာရပ်ကိုတောင် ကိုယ်တိုင်မဆွေးနွေး နိုင်တဲ့ အချို့သော ဆရာများအနေနဲ့ ပြင်ပက ရသ၊ သုတစာပေတွေကို ကလေးတွေနဲ့ ဦးဆောင်ဆွေး နွေးဖို့ဆိုတာ ပြဿနာရှိလာပါတယ်။ ဒါဟာ စာမဖတ်တဲ့၊ စာကြည့်တိုက်မှူးရှိတဲ့ စာကြည့်တိုက်ဟာ မတိုးတက်ဘူးဆိုတဲ့ အခြေခံအချက်ကလာတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။

လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှ ဒီမိုကရေစီစနစ်အမြစ် တွယ်မယ်ဆိုတဲ့ ဖရန်စစ်ဖူကူယား မားရဲ့အတွေးအခေါ်လိုပဲ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် အောင် ဘက်စုံဆောင်ရွက်ဖို့ ကျွန် တော်တို့နိုင်ငံမှာ လိုအပ်လျက်ရှိပါ တယ်။ အခြေခံကစပြီး အဆောက်အအုံတစ်ခုလုံး ပြောင်းလဲဖို့ ချက်ချင်းလက်ငင်း မလွယ်ကူသော်လည်း ရှေ့က ပြောခဲ့သလို ကွန်ပျူတာသင်ကြားပုံ၊ စာဖတ်ဝိုင်းလုပ် ပုံတွေကတော့ အစိုးရမပါဘဲ ကိုယ်တိုင်ပြောင်းလဲလို့ရတဲ့အရာ တွေဖြစ်ပါတယ်။

ကွန်ပျူတာတွေ ကြိုက်သလိုနှိပ်ပါစေ၊ ပျက်သွားရင် ပြင်လို့ ရပါတယ်။ စာအုပ်တွေ ဖတ်ကြ ပါစေ၊ ပျောက်သွားရင်၊ ပြဲသွားရင် အသစ်ဝယ်လို့ရပါတယ်။ ကလေး တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အသိ ဉာဏ်တွေ ပျက်မသွား၊ ပျောက်မ သွား၊  ပြဲမသွားဖို့ပဲ အရေးကြီးပါ တယ်။

တစ်ခါတစ်ခါ ကျွန်တော်တို့ နိုင်ငံရဲ့ကလေးတွေ ခေတ်နောက်ကျနေခြင်းရဲ့ အကြောင်းကို တွေးမိတဲ့အခါ ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးတစ်ကွက်ကို သတိရမိပါတယ်။ လူတစ်ယောက်ရေ နစ်နေတာကို ကုန်းပေါ်က လူတစ် စုက သူကယ်မယ်၊ ငါကယ်မယ်လုပ်နေကြတော့ ရေနစ်သူပြောတဲ့ စကားက ‘‘မင်းတို့အစည်းအဝေးထိုင်တာနဲ့ ငါသေတော့မယ်’’ တဲ့။ ဟုတ်ပါတယ်။ ပညာရေးစနစ် ပြောင်းလဲဖို့ အစည်းအဝေးထိုင်ရ တာ ဘယ်နှကြိမ် ဘယ်နှခါမှန်း မသိ၊ ကျောင်းသားသမဂ္ဂအ ဆောက်အအုံဆောက်ဖို့တောင် အစည်းအဝေးက ဘယ်နှကြိမ်မှ ပြီးမယ်မသိတော့ ကျွန်တော်တို့ ကလေးတွေ ခေတ်အဆက်ဆက် မှာ ရေနစ်ပြီးရင်း နစ်နေမှာလား လို့ ပူပန်မိကြောင်း တွေးတောမိ လိုက်ပါတယ်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)

Top News