အိန္ဒိယ၏ ပထမဆုံး ကျည်ဆန်ရထား ပရောဂျက် စတင် အကောင်အထည်ဖော်

အိန္ဒိယ နိုင်ငံ၏ ပထမဆုံး အဆင့်မြင့် ကျည်ဆန်ရထား ပရောဂျက်ကို စတင် အကောင်အထည်ဖော်တော့မည်ဟု သိရသည်။

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ၏ ဇာတိပြည်နယ်ဖြစ်သော ဂူဂျာရတ်တွင် ကျင်းပသည့် ကျည်ဆန်ရထား ပရောဂျက် ဖွင့်လှစ်မှု အခမ်းအနားကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလည်း တက်ရောက် ဂုဏ်ပြုခဲ့သည်။

အဆိုပါ ရထားလမ်းအတွက် ကုန်ကျငွေ ဒေါ်လာ ၁၇ ဘီလီယံအနက် အများစုသည် ဂျပန်ထံမှ ရယူထားသော ချေးငွေများကို အသုံးပြုထားခြင်းဟု ဆိုသည်။ ကျည်ဆန်ရထားသည် ကီလိုမီတာ ၅၀၀ မျှ ရှည်လျားသော လမ်းကြောင်းပေါ်တွင် အာမက်ဒါဘက်နှင့် မွမ်ဘိုင်းမြို့များကြား ပြေးဆွဲမည် ဖြစ်သည်။

အာဘေးသည် အိန္ဒိယသို့ နှစ်ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေစဉ် ယခုဖွင့်ပွဲသို့ပါ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက မိမိ၏ မိတ်ဆွေရင်းဖြစ်သူ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီသည် ရေရှည် မျှော်ကြည့်တတ်သည့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်မှ စတင်ကာ အိန္ဒိယတွင် မြန်နှုန်းမြင့် ကျည်ဆန်ရထား ကွန်ရက်များ ဖောက်လုပ်မည့် ကိစ္စကို လက်တွေ့ အကောင်အထည် ဖော်ပြခဲ့ကြောင်း ချီးကျူးခဲ့သည်။

စက်တင်ဘာ ၁၄ ရက်တွင် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့သည့် အိန္ဒိယ ကျည်ဆန်ရထားသည် ခရီးသည် ၇၅၀ မျှကို တင်ဆောင်နိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် စတင်ခုတ်မောင်း ပြေးဆွဲနိုင်ရန် မျှော်လင့်ထားသည်။

အိန္ဒိယသည် ကမ္ဘာပေါ်တွင် ရထားလမ်း အသုံးပြုမှု အများဆုံး နိုင်ငံတစ်ခုဖြစ်ပြီး နေ့စဉ် ခရီးသည် ၂၂ သန်းမျှကို ရထားများဖြင့် သယ်ယူ ပို့ဆောင်ပေးနေရသည်။ သို့သော် ရထားလမ်းများနှင့် အခြားလိုအပ်သည့် အခြေခံ အဆောက်အအုံ အများအပြားမှာ သက်တမ်းရင့်ရော်ပြီး ပြင်ဆင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် မတော်တဆ ဖြစ်ရပ်ဆိုးများနှင့် မကြာခဏ ကြုံတွေ့လျက်ရှိသည်။

Ref: AFP

Top News