ဖေ့စ်ဘွတ်ခ်အကောင့်ခိုးယူ၍ ငွေကြေးလိမ်လည်မှုများရှိနေ

ဖေ့စ်ဘွတ်ခ်အကောင့် ခိုးယူ၍ အကောင့်ပိုင်ရှင်ဟန် ဆောင်ကာ Messengerရှိ မိတ်ဆွေများအပေါ် ငွေကြေးလိမ်လည်နေကြောင်း အလိမ်ခံရသူများက ဆိုသည်။

ရင်းနှီးယုံကြည်ရသူတစ်ဦးက Messenger မှတစ်ဆင့် အရေးကြီးအခြေအနေအတွက် ကျပ်နှစ်သိန်းကို Wave Money ဖြင့် အမြန်လွှဲပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ပြင်ပတွင် ယုံကြည်ရင်း နှီးသူဖြစ်၍ ငွေကြေးလွှဲပြောင်းပေးရန် သဘောတူခဲ့ကြောင်း အလိမ်ခံရသူ ဦးမောင်မောင်မင်းသူက ပြောသည်။

Messenger မှတစ်ဆင့် ငွေ ကြေးလွှဲပြောင်းပေးရန် တောင်းဆိုသူသည် ငွေကြေးအလိမ်ခံရသူနှင့် ပြင်ပတွင် ခင်မင်ရင်းနှီးသူမဟုတ်ဘဲ ဖေ့စ်ဘွတ်ခ်အကောင့်ခိုးယူကာ ယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အကောင့်ပင် ငွေ ကြေးလိမ်လည်သူသည် နောက်တစ်ဦး၏ လက်ကိုင်ဖုန်းသို့ Wave Money မှတစ်ဆင့် ငွေကြးလွှဲပြောင်းပေးရန် တောင်းဆိုခဲ့သေးသည်။ ‘‘ကျွန်တော်လည်း ယုံပြီး ငွေလွှဲပေးဖို့လုပ်နေတာ။  အကောင့်ပိုင်ရှင်က သူ့အကောင့်ကို သူများက အလွဲသုံးစားလုပ်ပြီး ငွေလွှဲခိုင်းနေတယ်။ မယုံနဲ့လို့ လှမ်းပြောလို့ အချိန်မီသွားတယ်’’ဟု အလိမ်ခံရသော်လည်း ပိုက်ဆံမလွှဲရသေးသူတစ်ဦးက ပြောသည်။

အဆိုပါ ငွေကြေးလိမ်လည်မှုကို ဖော်ထုတ်ရန် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် စုံစမ်းဖော်ထုတ် နိုင်သော်လည်း အချို့သော ဖုန်းနံပါတ်များသည် ဆက်သွယ်ရေး အော်ပရေတာ၌ ကိုယ်တိုင်မှတ်ပုံတင်ထားခြင်းမဟုတ်ဘဲ မှတ်ပုံ တင်ပြီးသားဆင်းမ်ကတ်များကို အသုံးပြုခြင်းဖြစ်၍ နောက်ယောင် ခံရန် ခက်ခဲနေသည်။

အဆိုပါ လိမ်လည်နေသော အကောင့်အချို့ကို လူမှုကွန်ရက်တွင် သတိပြုနိုင်ရန် ဖြန့်ဝေပြီးနောက် ယင်းအကောင့်များ ပျက်စီးခဲ့သည်။

Wave Money ဖြင့် မိုဘိုင်းဖုန်းနံပါတ်တစ်ခုသို့ ငွေလွှဲပြောင်းမည်ဆိုပါက Wave ဆိုင်သည် လွှဲပြောင်းသူထံသို့ ဂဏန်းခြောက်လုံးပါ လျှို့ဝှက်ကုတ်ကို ထုတ်ပေးကြောင်း၊ ငွေထုတ်သူက ငွေလွှဲပြောင်းသူထံမှ လျှို့ဝှက်နံပါတ်သိရှိမှ အခြား Wave ဆိုင်တစ်ခုတွင် ငွေသားပြန်လည်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း Wave Money အေးဂျင့် ကိုနေလင်းက ပြောသည်။

‘‘လက်ခံတဲ့လူဆီက ဖုန်းမှာ လည်း လုပ်ငန်းစဉ်နံပါတ်ဆိုတာ ရှိတယ်။ လျှို့ဝှက်နံပါတ်လည်း သိတယ်၊ လုပ်ငန်းစဉ်နံပါတ်လည်းပါတယ်ဆိုမှ ငွေထုတ်ယူလို့ရတဲ့ကိစ္စပါ’’ဟု ၎င်းက ပြောသည်။ ဆိုရှယ်မီဒီယာမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို ကုမ္ပဏီအနေဖြင့် သိရှိထားပြီး လိုက်နာဆောင်ရွက်သင့်သည့် စည်းကမ်းများကို ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုဖိုင်ဖြင့် ရှင်းလင်းပြသထားကြောင်း Wave Money ပြန်ကြားရေးတာဝန်ခံက ပြောသည်။

‘‘အရမ်းခင်နေလို့ လွှဲလိုက် ကြတာလို့ ပြောတယ်။ ဒါဆိုရင် ဖုန်းနံပါတ်မှားနေတာ သူမသိဘူး လားပေါ့။ ပြောတဲ့အတိုင်း လွှဲ ပေးလိုက်တယ်။ လျှို့ဝှက်ကုတ် ကိုလည်း သူပြောတဲ့အတိုင်း SMS ကနေ ပေးလိုက်တယ်။ ဒါဆိုရင် တော့ လွှဲတဲ့လူကိုယ်တိုင်က အယုံလွယ်တာပဲ’’ဟု Wave Money အသုံးပြုသူ ကိုမင်းအောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်အကောင့် အခိုး ခံရခြင်းသည် နည်းလမ်းအမျိုးမျိုး ဖြင့် ကြုံတွေ့ရနိုင်ပြီး အများစုမှာ Password ခန့်မှန်းရလွယ်ကူခြင်း နှင့် မြင်တွေ့သမျှ Link များကို ၀င်ရောက်ခြင်းကြောင့် ဖြစ်ကြောင်း Developer ကိုကိုရဲက ပြောသည်။