ဒုက္ခသည်များစိစစ်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူထားသော မူလေးချက်ကို မြန်မာအစိုးရတာဝန်ရှိသူ ပြောကြား

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရောက်ရှိနေသည့် ဒုက္ခသည်များကို ပြန်လည် လက်ခံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၃ ၌ နှစ်နိုင်ငံသဘောတူထားသည့် အချက်လေးချက်ပါအတိုင်း စိစစ် လက်ခံရေးလုပ်ငန်းကို အချိန်မရွေးစတင်နိုင်ကြောင်း ပြောကြားပြီး ယင်းအချက် လေးချက်ပြည့်စုံမှသာ ပြန်လည်လက်ခံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

‘‘အချက်လေးချက်ကတော့ မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်ရ မယ်။ မိမိသဘောဆန္ဒအလျောက် ပြန်လာရမည်ဖြစ်ရမယ်။ ပြေးရင်း လွှားရင်းနဲ့ ဒါက ကျွန်တော့်မိသား စုပါလို့ ပြောမယ်ဆိုရင် ဒါကို ကျွန်တော်တို့က ဒီအတိုင်းလက်ခံလို့ မရဘူး။ သူတို့ရဲ့ အဆင့်မြင့်တဲ့ တရားရုံးကနေ ထောက်ခံချက်ပါ မှ ကွဲနေတဲ့မိသားစုအတွက် ထောက်ခံချက်ပါဖို့ လိုပါလိမ့် မယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ် ရောက်မှ ကလေးမွေးမယ်ဆိုရင် အဲဒီအဖေနဲ့အမေ နှစ်ယောက်စ လုံးက မြန်မာနိုင်ငံမှာ နေဖူးသူဖြစ် ရပါမယ်။ အဲဒီလေးချက်နဲ့ညီမှ လက်ခံရပါတယ်’’ ဟု ၎င်းကပြော ကြားသည်။

အဆိုပါလေးချက်ကို ၁၉၉၂ ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက် ပြေးမှုများ ဖြစ်ပေါ်ပြီးနောက် သ ဘောတူခဲ့ခြင်းဖြစ်သည်ဟု ဦး ကျော်ဇေယျက ရှင်းပြသည်။

‘‘ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ကတော့ ဒီသဘောတူညီ ချက်က ဟိုးအရင်ကတည်းက ရှိ ပြီးသားမို့ လက်ရှိအချိန်မှာ အ ပြောင်းအလဲတွေ မရှိပါဘူး။ ဘာ ပဲပြောပြော သဘောတူညီချက်က ရှိပြီးသား။ အဲဒီအတိုင်းပဲ ကျွန် တော်တို့က စွဲကိုင်ရပ်တည်သွား မယ်။ ဆက်လက်ပြီးတော့ မျက် နှာချင်းဆိုင်ပြောမယ်ဆိုရင်လည်း အဲဒီအချက်လေးချက်ကို အဓိက ထားပြီး ပြောသွားပါမယ်’’ ဟု ဦးကျော်ဇေယျက ပြောကြားသည်။

ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင် ငံမှ ဒုက္ခသည်များကို ပြန်လည် လက်ခံရန် တောင်းဆိုမှုကို ပယ် ချခဲ့ဖူးသည်။ ထိုသို့ ပယ်ချခဲ့မှုဖြစ် စဉ်တွင်လည်း ၁၉၉၃ က မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူထားသည့် အချက် လေး ချက်မူကို ကိုင်စွဲကာ ပယ်ချ ခဲ့ခြင်းဖြစ်သည်။

‘‘၁၉၉၃ လောက်က UNHCR (ကုလဒုက္ခသည်များ ဆိုင် ရာ မဟာမင်းကြီးရုံး) က ကြားခံပြီးတော့ နှစ်နိုင်ငံသဘောတူခဲ့တယ်။ အချက်အလက်နဲ့ညီရင် လက်ခံလိုက်တယ်’’ ဟု ယခင် ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးဟောင်း ဖြစ်ခဲ့ပြီး လက်ရှိထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဖြစ်သူ ဦးမျိုးမြင့်သန်းက ပြောကြားသည်။

ထိုသို့ လက်ခံရာတွင် ၁၉၉၃ မှ ၂၀၀၅ အထိ ၁၃ နှစ်တာအတွင်း တွင် အချက်လေးချက်နှင့် ကိုက် ညီသည့် လူဦးရေ ၂ ဒသမ ၃ သိန်း ခန့်ကို လက်ခံရေး စခန်းငါးခုဖွင့် ကာ စိစစ်လက်ခံပြီး ကျန်ရှိသူများမှာ ၂,၄၁၅ ဦးခန့်ရှိကြောင်း ၎င်းကရှင်းပြသည်။ ‘‘အဲဒါက သူတို့ကိုယ်တိုင်ဆန္ဒမရှိလို့ ပို့လို့မရတာ’’ ဟုဦးမျိုးမြင့်သန်းကပြောသည်။

‘‘အဲဒီအချိန် ၁၉၉၃ တုန်းက ထားရှိတဲ့ သဘောတူညီမှုအချက် အလက်တွေကိုကျွန်မတို့ ဆက် လက်လိုက်နာ ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေး အကြံပေးကလည်း ဘင်္ဂလားဒေ့ရှ် ကို အာမခံပြီးသားပါ။ ဒါကို အခု ကျွန်မကိုယ်တိုင် အတည်ပြုပါ တယ်။ ကျွန်မတို့ရဲ့ စိစစ်ရေးလုပ် ငန်းစဉ်တွေကို အချိန်မရွေးစတင် ဖို့ အသင့် ရှိနေပါပြီ’’ ဟု ဒေါ် အောင်ဆန်းစုကြည်က စက်တင် ဘာ ၁၉ ရက်ကနိုင်ငံတော်အခြေ ပြမိန့်ခွန်းတွင် ထည့်သွင်းပြော ကြားသည်။

မြန်မာနိုင်ငံ၏ စံနှုန်းအရ ဒုက္ခသည်အဖြစ် စိစစ်လက်ခံနိုင်  လောက်သည့် မည်သူမဆို ပြဿ နာတစ်စုံတစ်ရာ မရှိဘဲ ပြန်လည် လက်ခံမည်ဖြစ်ပြီး ၎င်းတို့၏ လုံခြုံ ရေးနှင့် လူသားချင်း စာနာမှု ထောက်ပံ့ရေး ကိစ္စများအတွက် အပြည့်အဝ အာမခံချက်ပေးမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ထပ်လောင်းပြောကြား သည်။

‘‘မိမိတို့အိမ်နီးချင်း နှစ်နိုင်ငံ ကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ဖွဲ့စည်းပြီး လက်ခံခဲ့တဲ့ အစဉ်အလာ ၁၉၉၃ ကတည်းကရှိခဲ့တယ်။ မိမိတို့အနေနဲ့ ၁၉၉၃ က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအ တွေ့အကြုံတွေကို အခြေပြုပြီး လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဖော် ဆောင်နိုင်မှာ ဖြစ်ပါတယ်’’ ဟု စက်တင်ဘာ ၂၀ ရက်က (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေ ထွေညီလာခံတွင် ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူက အထွေ ထွေမူဝါဒရေးရာ မိန့်ခွန်း၌ ထည့် သွင်းပြောကြားခဲ့သည်။

More in News Section