ဘင်္ဂလားဒေ့ရှ်မှာ သူလျှိုမှုနဲ့ အဖမ်းခံရတဲ့ မြန်မာဓာတ်ပုံသတင်းထောက်နှစ်ယောက် ပြန်လွတ်လာ

သူလျှိုမှုနဲ့ စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာဓာတ်ပုံ သတင်းထောက် နှစ်ဦးကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာ တရားရုံးတစ်ခုက မင်းဇေယျာဦးနဲ့ ခွန်လတ်တို့အတွက် အာမခံ လျှောက်ထားမှုကို လက်ခံပေးပြီး ပြန်လွှတ်ခဲ့တာဖြစ်ကြောင်း ကော့စ်ဘာဇား ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးနဲ့ ရှေ့နေတစ်ဦးက အတည်ပြုခဲ့ပါတယ်။
 
ရခိုင်ပဋိပက္ခတွေကြောင့် ဘင်္ဂါလီ မျိုးနွယ်စုတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးကြတဲ့ ကိစ္စကို ကော့စ်ဘာဇားမှာ သတင်းသွားယူရင်း သူတို့နှစ်ယောက်ကို အာဏာပိုင်တွေက သူလျှိုမှုနဲ့ ဖမ်းဆီးခဲ့တာပါ။
 
ကော့စ်ဘာဇား ရဲဌာနရဲ့ အမည်မဖော်သူ စုံထောက်အရာရှိ တစ်ဦးက မြန်မာနှစ်ယောက်ကို အာမခံနဲ့ ပြန်လွှတ်လိုက်ပြီလို့ AFPကို ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ ရှေ့နေ ယိုထရီမွိုင်ဘာရူအာကလည်း အာမခံရလို့ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ ပြန်လွတ်လာပြီ ဆိုတဲ့သတင်း မှန်ကန်ကြောင်း အတည်ပြုချက် ပေးခဲ့ပါတယ်။
 
သူတို့နှစ်ယောက်ကို မြန်မာနိုင်ငံ ပြန်လာခွင့် ပေးမလား ဆိုတဲ့ ကိစ္စကိုတော့ လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ မီဒီယာဗီဇာအစား ကမ္ဘာလှည့် ခရီးသွားဗီဇာနဲ့ ကော့စ်ဘာဇားကို ဝင်ရောက်ခဲ့သလို အချက်အလက်တွေ ဖြည့်စွက်ရာမှာလည်း အမှားအယွင်းတွေ ပါရှိနေတယ်လှို့ စွပ်စွဲခဲ့ပါတယ်။
 
မြန်မာ ဓာတ်ပုံသတင်းထောက် နှစ်ဦးဟာ ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ဂ်မြို့ အခြေစိုက် Geo မဂ္ဂဇင်းအတွက် သတင်းယူဖို့ စက်တင်ဘာလ အစောပိုင်း ကတည်းက ကော့စ်ဘာဇားကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

Ref: AFP