ဘာလီကျွန်းတွင် မီးတောင်တစ်လုံး ပေါက်ကွဲနိုင်ခြေ သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထား

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် မီးတောင်တစ်လုံး ရုန်းကြွ လှုပ်ရှားနေသဖြင့် မီးတောင်ပေါက်ကွဲနိုင်ခြေ သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားရကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများကြား အထူးထင်ရှားသည့် ကျွန်းပေါ်မှ လူပေါင်း တစ်သောင်းမျှကို ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းစေခဲ့ပြီး ဖြစ်သလို နောက်ဆက်တွဲ ထုတ်ပြန်ချက်များကိုလည်း နိုးနိုးကြားကြား စောင့်မျှော် နားစွင့်နေရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

ထို့အပြင် လှုပ်ရှားသက်ဝင်နေသည့် အေဂွန်မီးတောင်နှင့် အနည်းဆုံး ၉ ကီလိုမီတာမျှ အကွာတွင်သာ နေထိုင်ကြရန်လည်း ညွှန်ကြားထားသည်။ မီးတောင်ချော်ရည်များ ဆူပွက်မှုကြောင့် အနီးပတ်ဝန်းကျင် ဒေသများတွင် မြေလွှာ လှုပ်ရှားတုန်ခါမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

အေဂွန်မီးတောင်သည် ၁၉၆၃ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ပြီး ထိုစဉ်က လူပေါင်း ၁၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။

“သတ်မှတ်ထားတဲ့ အန္တရာယ် သတိပေးဇုန်ထဲမှာ လူတွေ လုံးဝ ဖြတ်သန်းသွားလာမှု၊ နေထိုင်မှု မရှိသင့်ပါဘူး။ မီးတောင်က အချိန်မရွေး ပေါက်ကွဲနိုင်ပါတယ်”ဟု အင်ဒိုနီးရှား အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန အကြီးအကဲ ဆူတိုပို ပါဝို နူဂရိုဟိုက ပြောကြားခဲ့သည်။

မီးတောင်အနီးရှိ ကျေးရွာတစ်ခုတွင် နေထိုင်သော အီဝါယန် ဆူဝါဂျာနားက “မြေတုန်ခါမှုတွေက ခဏခဏဖြစ်တယ်။ အားလုံးလည်း ကြောက်နေကြတယ်။ ကျွန်တော်လည်း မိသားစုကိုခေါ်ပြီး လောလောဆယ် ဒုက္ခသည် ခိုလှုံရေးစခန်းကို ပြောင်းနေရပါတယ်”ဟု AFPသို့ ပြောကြားခဲ့သည်။

ဝေဟင်မှ စစ်ဆေးမှုများအရ မီးတောင်၏ အတွင်းပိုင်း နိုးကြားလှုပ်ရှားမှုများသည် အချိန်တိုင်း ပိုမိုတိုးပွား အားကောင်းလာနေကြောင်း သိရသည်။

မီးတောင် ပေါက်ကွဲနိုင်ခြေနှင့် ဆက်စပ်ပြီး အဆိုပါ ဒေသတွင် လေယာဉ် ပျံသန်းမှု လမ်းကြောင်းများနှင့် ပတ်သက်၍လည်း သီးခြား သတိပေးချက်များ ထုတ်ပြန်ထားရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀၀၀ ကျော် ပိုမိုမြင့်မားသည့် အေဂွန်မီးတောင်သည် ဘာလီကျွန်း၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး အင်ဒိုနီးရှားရှိ မီးတောင်ရှင် ၁၃၀ ခန့်တွင် တစ်လုံး အပါအဝင်ဖြစ်သည်။

Ref: Reuters